Saturday 12 February 2011

မြန်မာတိုင်း(မ်) တည်ထောင်သူ ဖမ်းဆီးခံရ

 ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် သတင်းဂျာနယ် မြန်မာတိုင်း(မ်) ထုတ်ဝေသည့် Myanmar Consolidated Media Group Ltd အား တွဲဖက်တည်ထောင်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkleyကို လူဝင်မှုကြီးကြပ်ရေးအမှုဖြင့် ရဲကသူ၏ နေအိမ်မှဖမ်းဆီး လိုက်သည်။

“တရားရုံးမရောက်သေးတဲ့ ကိစ္စဆိုတော့ မပြောပါရစေနဲ့။ သေချာမသိဘူး။ ကျနော့်ကို ဒီလိုအဖမ်းခံရပါတယ် ရုံးဝန်ထမ်းက ပြောပါတယ်။ ဒါပေမဲ့ ဘာအတွက်၊ ဘာညာဆိုတာ အသေအချာ မသိဘူးခင်ဗျ။ တရားရုံးရှေ့ မရောက်သေးတဲ့အတွက် ကျနော် လိုက်လို့ မရသေးပါဘူး။ တရားရုံးမတင် ရသေးဘူး။ ကျနော့်ကို အသိပေးတာပေါ့ဗျာ။ အဖမ်းခံ ရတာလောက်ပဲ သိပါတယ်’’ ဟု ရန်ကုန်မြို့ရှိ ရှေ့နေ ဦးမင်းစိန်က မဇ္ဈိမကို ပြောသည်။

ရော့စ်ဒန်ကလေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်ရဲစခန်းက အတည်ပြုပြီး၊ သောကြာနေ့တွင် အင်းစိန်ထောင်သို့ လွှဲပြောင်းချုပ်နှောင် လိုက်ကြောင်း မဇ္ဈိမကို ပြောသည်။

“ဖမ်းတယ်ဆိုတာ ဟုတ်ပါတယ်။ အခုတော့ အင်းစိန်မှာ ချုပ်ထားပါတယ်။ အမှုက လဝက ၁၃ (၁) ပါ။  အတိအကျက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃ (၁) ပါ" ဟု ကမာရွတ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လဝက ၁၃ (၁) ဥပဒေသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြစ်ပြီး၊ ပြည်ပမီဒီယာဌာနများနှင့် ဆက်သွယ်သူများကို အစိုးရက ဖမ်းဆီးထောင်ချရာ တွင်အများဆုံး အသုံးပြုလေ့ရှိပြီး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည့် အမှုဖြစ်သည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ခဲ့သူ ဗိုလ်ချုပ်ခင်ညွန့်၏ အားပေးကူညီမှု ဖြင့်မစ္စတာ ရော့စ်ဒန်ကလေသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်ကို ၂ဝဝဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

သူနှင့် တွဲဖက်တည်ထောင်သူမှာ ဗိုလ်ချုပ်ခင်ညွန့် မိတ်ဆွေတဦး၏ သားဖြစ်သူ ဦးဆန်နီဆွေ ဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့် ဖမ်းဆီးထိန်းသိမ်းခံရပြီး တနှစ်မပြည့်ခင်အတွင်း ဦးဆန်နီဆွေလည်း ဖမ်းဆီးခံရပြီးနောက် အခြား မြန်မာများက သူ၏ အစုရှယ်ယာအား လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့သည်။

လက်ရှိတွင် Myanmar Consolidated Media Group Ltd ၏ အစုရှယ်ရာ ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေက ပိုင်ဆိုင်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို ပုဇွန်တောင်မြို့နယ်မှ ကြံခိုင်ရေးပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သူ ဒေါက်တာတင်ထွန်းဦးက ပိုင်ဆိုင်ကြောင်း အယ်ဒီတာအဖွဲ့ဝင် တဦးက ပြောသည်။

မစ္စတာ ရော့စ်ဒန်ကလေသည် မြန်မာတိုင်း(မ်)ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် တွဲဖက်ပိုင်ဆိုင်သည့် မြန်မာပိုင်ရှင်များနှင့် အပြိုင်အဆိုင် ရုန်းကန်ခဲ့ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနကလည်း ပြီးခဲ့သည့် လထဲတွင် ဖော်ပြခဲ့သေးသည်။

Myanmar Consolidated Media Group Ltd သည် အပတ်စဉ်ထုတ် အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် မြန်မာတိုင်း(မ်) ဂျာနယ် ၂ စောင်အပြင်  Crime ခေါ် အပတ်စဉ်ထုတ် မှုခင်းသတင်းဂျာနယ်နှင့်၊ Now ခေါ် နှစ်ပတ်တကြိမ်ထုတ် ဖက်ရှင်အသားပေး ဂျာနယ်တို့ကို ထုတ်ဝေလျက်ရှိပြီး ပြည်တွင်း ဂျာနယ်ဈေးကွက်တွင် ဈေးကွက်ကောင်း ရရှိထားသည့် ဂျာနယ်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊