Friday 18 February 2011

နိုင်ငံပိုင်ပစ္စည်း ရောင်းရငွေ နေပြည်တော်အတွက်သုံး

  မြန်မာနိုင်ငံ တ၀န်းရှိ နိုင်ငံပိုင် ပစ္စည်းများနှင့် နိုင်ငံပိုင် သိမ်းဆည်း ပစ္စည်းများ ရောင်းချ၍ ရရှိသော ငွေကျပ် သန်းပေါင်းများစွာကို စစ်အစိုးရ၏ မြို့တော် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းအတွက် အဓိက အသုံးပြုနေသည်ဟု သိရသည်။

Super-One-Super-Market
ရောင်းချမည့်စာရင်း၌ ပါဝင်သော ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ စူပါဝမ်း ကုန်တိုက် (ဓာတ်ပုံ - flickr.com)
ဆောက်လုပ်ပြီးအဆောက်အအုံများ ဖြစ်သော လွှတ်တော် ရုံး၊ သမ္မတ အိမ်တော် ၊ ဒုသမ္မတ အိမ်တော် ၊ ဌာနဆိုင်ရာ ရုံး အအောက်အအုံကြီးများ အတွက် အသုံးပြုသည့်အပြင် ဆက်လက် အကောင်အထည်ဖော်နေသည့် နေပြည်တော် အထူးစီမံကိန်း တွင် ပါဝင်သော  အိမ်ရာ အအောက်အအုံများအတွက် အဆိုပါ ရောင်းချရငွေမှ ရရှိသော  ငွေကြေးများကို အသုံးပြုသွားမည် ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန မှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။

“စီးပွားရေးရှုထောင့်ကနေ ကြည့်ရင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေးဟာ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် လုပ်ပိုင်ခွင့် တွေ ပိုရလာတယ်လို့ ယေဘုယျ မြင်စေပေမယ့် တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ၊ စီမံကိန်းအတွက် လိုငွေတွေ ဖြည့် ပေးနိုင် မယ့် ၊ ငွေ အလုံးအရင်း ချက်ချင်းရနိုင်တဲ့ ရောင်းချမှု တခုပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရည်ရွယ်ချက်ဖြင့်  အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာန မှ နိုင်ငံတော်ပိုင် အဆောက် အအုံ များ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းထားသည်။

စစ်အစိုးရသည် ၂၀၀၉ ခုနှစ်မှ စတင်၍ နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်း၊ စက်ရုံများ ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံနှင့် မြေနေရာများ ရောင်းချခြင်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေရာ ယခု နှစ်တွင် မြန်မာ တနိုင်ငံ လုံးအနှံ့ရာင်းချရန် မကျန်ရှိတော့ သလောက် ဖြစ်နေသည်ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

အာဏာပိုင်များသည် အစိုးရသစ် တက်လာအပြီးတွင် နိုင်ငံပိုင် ပစ္စည်းများ လွှဲပြောင်းရောင်းချခြင်းကို အပြီးသတ် လုပ်ဆောင် ရန် ရည်ရွယ်ထားသည်ဟု နေပြည်တော် ပုဂ္ဂလိကပိုင် လွှဲပြောင်း ရောင်းချရေး ကော်မတီနှင့် နီးစပ်သူ တဦးက ဆိုသည်။

မြေ၊ အဆောက်အအုံ ၊ တိုက်ခန်း၊ မြေကွက် အပါအ၀င် ၂၆၈ ခု ကို နိုင်ငံတော်ပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီနှင့် နိုင်ငံ ပိုင် သိမ်းဆည်းထားသော အဆောက်အအုံများ စီမံခန့်ခွဲရေး ကော်မတီ နှစ်ခုပေါင်းက ရောင်းချရန် ဖေဖော်ဝါရီ ၁၃ ရက် ထုတ် ကြေးမုံ သတင်းစာတွင် အဆိုပြုလွှာ ခေါ်ယူထားသည်။

ရောင်းချမည့်ထဲတွင်ပါဝင်သည့် မြေနေရာအများစုသည် ရန်ကုန်မြို့၏ ခြံမြေဈေးကြီးမြင့်သော မြို့နယ်အများစုတွင် တည်ရှိ နေ ပြီး ယခင် ၀န်ကြီး ၊ ဒုဝန်ကြီး အဆက်ဆက်များ နေထိုင်ရန် နိုင်ငံတော် မှ ပေးထားသည့် အိမ်ခြံမြေ များလည်း ပါဝင်သည်ဟု သိရသည်။

“ကချင် ဂေဟာ ၊ ချင်းဂေ ဟာ လို အိမ်ရာတွေ နောက် ၀န်ကြီး အဆင့်တွေကို ပေးထားတဲ့  ဇော်ဂျီ လမ်း နဲ့  ရွှေတောင် ကြား လမ်းနဲ့ ကုန်းမြင့်သာမှာ ရှိတဲ့ အိမ်တွေ ပါတယ်။ ဒီ ၀န်ကြီးတွေ အတွက် အစိုးရက ရန်ကုန်မှာ ပြန်မပေးတော့ဘူး။ ဒီအတွက် လည်း နေပြည်တော်မှာ ၀န်ကြီး ၊ ဒု ၀န်ကြီး အိမ်တွေ ပြန်ပေးထားတယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူ အရာရှိတဦး က ပြောသည်။

ထို့အပြင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ  အဏာသိမ်းစဉ် ကာလက နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ရာများလည်း အများအပြား ပါဝင်သည်ဟု သိရသည်။

ယင်းကဲ့သို အဆိုပြုလွှာခေါ်ယူ၍ ချိပ်ပိတ် တင်ဒါ စနစ်ဖြင့်ရောင်းချသည် ဆိုသော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွား ရေးလုပ်ငန်းရှင်ကြီးများသာ  အဓိက စီးပွားဖြစ်မည့်လုပ်ငန်းကြီးများ ၊ မြေနေရာများကို  ရရှိနေသည်။

“အိတ်ပိတ် တင်ဒါ စနစ်နဲ့ ရောင်းချတယ် ဆိုတဲ့ နေရာမှာ သူတို့ သတ်မှတ်ပေးထားတဲ့ လျှောက်လွှာမှာ ကိုယ်လိုချင်တဲ့ နေရာ နဲ့ ဈေးပေး ချိပ်ပိတ်ပြီး သတ်မှတ်ထားတဲ့ ပုံးထဲကို ထည့်ခဲ့ရတာမျိုးပေါ့။ ဒီထည့်ခဲ့တဲ့ လျှောက်လွှာတွေကို တင်ဒါ အဖွဲ့က တာဝန်ရှိသူတွေ စုံပြီး လျှောက်လွှာတွေဖောက် စစ်ပြီး ဈေးအမြင့်ဆုံး ပေးထားတဲ့လူကို ပေးလိုက်တာမျိုး အဆင့်ဆင့် သွားတာပေါ့”ဟု နိုင်ငံပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပြသည်။

ယင်း အဆိုပြုလွှာ စည်းကမ်းနှင့် လျှောက်လွှာ ပုံစံကို ကျပ် ၁ သောင်းဖြင့် ၀ယ်ယူရသည်ဟု သိရသည်။

၎င်းက ဆက်လက်၍“တချို့တွေက ကိုယ်ကြိုက်တဲ့နေရာလိုချင်တော့ စာရင်းကိုင်တဲ့ ၀န်ထမ်းကို ပိုက်ဆံပေးပြီး ကြည့်တာမျိုး တွေ ရှိတယ်။ ဥပမာ-၃ သိန်းပေးရင် ကြမ်းခင်းဈေး သိရမယ် ဒါမျိုးပေါ့။  ဒီလိုမျိုးနဲ့ သိလို့ ရသွားတာ ရှိသလို။ တချို့ အာဏာ ပိုင် နဲ့ ပိုင်တဲ့လူတွေက ၀ိတ် နဲ့ တင်ဒါ ဥက္ကဌ ကို ကြမ်းခင်ဈေး ဘယ်လောက်လဲမေးကြတယ်။ လေလံနီးမှ နေရာကောင်းနေ တယ်ဆို ဖျက်သိမ်းလိုက်ပြီ လေလံမဖြစ်တော့ပါဘူး တယောက်ယောက်ကို ပေးလိုက်တာ သိသာတယ်”ဟု ပြောသည်။

လက်ရှိ အဆိုပြုလွှာခေါ်ယူထားသည့် စာရင်းထဲတွင် ရွှေဘုံသာလမ်းရှိ စူပါဝမ်း ကုန်တိုက် ဖွင့်လှစ်ထားရာ မြေနှင့် အဆောက် အအုံ ပါဝင်ပြီး အဆိုပါ နေရာကို ရရှိရန် စီးပွားရေးလုပ်ငန်းရှင်များ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း၊ နေပြည်တော် ပွဲစား လောကတွင် ထို စူပါဝမ်းနေရာကို ကျပ် သန်း ၇ သောင်းခန့်ဖြင့် ဈေးပေါက်နေကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်အစိုးရ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ထူထောင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများအား လေ လံတွင်ပါဝင်သည့် အိမ်ခြံမြေ အဆောက် အအုံများစာရင်းကို ကြိုတင်ပေးစနစ်ဖြင့် ရောင်းချထားခြင်းများလည်း ရှိသည်ဟု သိ ရ သည်။

“နေရာကောင်းတွေကျတော့ ဒီတိုင်း ၀င် ၀ယ်လို့ မရဘူး။ အာဏာပိုင်နဲ့ ပေါင်းထားတဲ့ ကုမ္ပဏီ အဆက်အသွယ်ကနေ တဆင့် ရောင်းတာတွေလည်းရှိတယ်။ လျှောက်လွှာလည်း တင်စရာမလိုတော့ဘူးပေါ့။ သူတို့ ထဲမှာ ကိုယ်ကြိုက်တဲ့ နေရာတွေ လိုချင်တယ် ပြောပြီး တောင်းသလောက် ပိုက်ဆံပေးလိုက် သူတို့ မြေရအောင် စီစဉ်ပေးတဲ့ ဈေးကွက်လည်း ရှိတယ်”ဟု ဆောက် လုပ်ရေး ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက ဆိုသည်။

ရောင်းချမည့်ထဲတွင် ရုံးအအောက်အအုံ အနေနှင့် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ် ပိုင်မြေနှင့်အ ဆောက်အအုံ ၄ လုံး ၊ မြေအသုံးချရေး ဌာနခွဲရုံးချုပ် မြေနှင့် အဆောက်အအုံ ၇ လုံးလည်း ပါဝင်သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊