Saturday 26 February 2011

Gripen အမျိုးအစား တိုက်လေယာဉ် အာဆီယံနိုင်ငံများအတွင်း ထိုင်း ပထမဆုံး အသုံးပြု

 
ဆွီဒင်နိုင်ငံထုတ် Gripen အမျိုးအစား ဂျက်တိုက်လေယာဉ် ၁၂ စီးကို ထိုင်းတော်ဝင် လေတပ်အတွက် ဝယ်ယူခဲ့ရာ ပထမအသုတ် အဖြစ် ၆ စီးသည် ထိုင်းနိုင်ငံ ဆူရတ်ထနီ ရှိ အမှတ် ၇ လေတပ်စခန်းသို့ ယမန်နေ့ ညဦးပိုင်းက ရောက်ရှိခဲ့သည်။၎င်း ဂျက်တိုက်လေယာဉ်များကို ထိုင်းတော်ဝင်လေတပ်မှ F-5 A/B အမျိုးအစား ဂျက်တိုက်လေယာဉ် များကို အစားထိုးရန်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Gripen တိုက်လေယာဉ် ၁၂ စီး၏ တန်ဖိုးမှာ ထိုင်းဘတ် ၄၀ ဘီလီယံနီးပါးခန့် ဖြစ်ကြောင်း သိရသည်။ Gripen ဂျက်လေယာဉ်များ ကို ဆွီဒင် လေယာဉ်မှူးများမှ မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေယာဉ်များကို ထိုင်းတော်ဝင်လေတပ်မှ တာဝန်ရှိသူများထံ တရားဝင် လွှဲပြောင်းပေးရဦးမည် ဖြစ်သည်။
ယမန်နေ့က ရောက်ရှိသည့် Gripen တိုက်လေယာဉ် ၆ စီးသည် ဆွီဒင်နိုင်ငံမှ ယခုလ ၁၈ ရက်နေ့တွင် ထွက်ခွာ ခဲ့ခြင်းဖြစ်ပြီး ဟန်ဂေရီ၊ ဂရိ၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရပ်နားခဲ့သေးသည်။ Gripen ဂျက်လေယာဉ် မောင်းနှင်နည်းကို ထိုင်းလေယာဉ်မှူး နှစ်ဦးက ဆွီဒင်နိုင်ငံ၌ လေ့ကျင့်ခဲ့ပြီး ယခုပထမ အသုတ် မှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ဦးအနက် တဦးဖြစ်သူ Capt Putthipong Phonchiwin က “Gripen တွေက ကျနော့်အတွက်တော့ နံပါတ်တစ် တိုက်လေယာဉ်တွေပါပဲ။ အရင်က ကျနော် မောင်းခဲ့ဖူးတဲ့ F-5 တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆီဒင်ကား နဲ့ ပြိုင်ကားတွေ မောင်းရတဲ့အတိုင်းပဲ”ဟု ဆိုသည်။Gripen တိုက်လေယာဉ်များ၌ ထိုင်းတော်ဝင်လေတပ်တွင် လက်ရှိအသုံးပြုနေသည့် F-16 အမျိုးအစား တိုက်လေယာဉ်များတွင် တပ်ဆင်သည့် လက်နက်အတိုင်း တပ်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ လေယာဉ်များကို ဝယ်ယူလိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် အာဆီယံ နိုင်ငံများအနက် Gripen တိုက်လေယာဉ်များကို ပထမဆုံး အသုံးပြုသည့် နိုင်ငံဖြစ်လာသည်။ထိုင်းတော်ဝင်လေတပ်သည် နောက်ထပ် လေယာဉ်မှူး ၁၀ ဦးကို Gripen မောင်းနှင်နည်း သင်တန်းအတွက် ဆွီဒင်နိုင်ငံသို့ ထပ်မံစေလွှတ်ထားပြီး ၎င်းတို့နှင့် ကျန်ရှိနေသေးသည့် Gripen ၆ စီးသည့် လာမည့်နှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊