Tuesday 1 March 2011

ခုနစ်စဉ်ကြယ်

zaw gyi one


မရခဲ့ ဖူးဘူးသော နွေးထွေးမှုများ၊ မတွေး မိခဲ့ဖူး ဘူးသော ငြိမ်းချမ်းမှုများ၊ မသိခဲ့ဖူး ဘူးသော စည်းကမ်း နည်းလမ်းများ၏ စုဝေးရာ။
အဲဒါဒေါ်ကြီး၊ ဒေါ်လေးတို့၏ ချမ်းမြေ့အဆောင် ဖြစ်လေသည်။ မေမာလာ ဆိုတာ ပြဿနာနှင့် ရောက်လာသူ မိန်းကလေးဟု အဆောင် ပိုင်ရှင်များက နားလည်ထားနှင့် ပြီးသား။ ဒါပေမဲ့ ဒေါ်ကြီး၊ ဒေါ်လေးတို့၏ စာနာ နားလည်သော မျက်ဝန်းများက အားငယ်သူကို ရင်အေးစေသည်။

“သမီးက အထူးရဲ့ သူငယ်ချင်းလည်း ဖြစ်တယ်၊ မိဘတွေလည်း မရှိတော့ဘူး။ အဒေါ်ကလည်း အားကိုးဖို့ ခက်ခဲနေတယ် ဆိုတော့ ဒေါ်ကြီးက သမီးကို အဆောင်မှာ နေဖို့ ခွင့်ပြုချင်ပါတယ်။ ဒါပေမယ့် သမီးဘက်က တိကျ သေချာတဲ့ ကတိ တစ်ခုတော့ ပေးရလိမ့်မယ်” တဲ့။   

“ဘယ်လို ကတိမျိုးလဲ မသိဘူး”
မျက်စိလေး ကလယ်ကလယ်နဲ့ မ၀ံ့မရဲ ပြန်မေးမိသော အခါ...

“ရိုးသားဖို့ပါပဲ သမီးရယ်။ ဒေါ်ကြီးတို့ အပေါ်မှာ ဖြောင့်ဖြောင့်မတ်မတ်နဲ့ အရိုးခံ အတိုင်း ဆက်ဆံဖို့ပါ။ မိန်းကလေး အပျို အရွယ်ကလေးတွေကို ညဥ့်အိပ် ညဥ့်နေထားပြီး စောင့် ရှောက်ရတဲ့ အဆောင်ပိုင်ရှင် အတွက် အရေးကြီးဆုံး စည်းကမ်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးတို့ ရိုးမှ ဖြောင့်မှ သမီးတို့ကို ဒေါ်ကြီးတို့က ကာကွယ်ပေးလို့၊ စောင့်ရှောက်ပေးလို့ ရမှာမို့ပါ”

ဧည့်ခန်းကျဉ်း ကလေးက ငြိမ်သက်နေသည်။ အော်ကျယ်ပေါ်ကျယ် ပြောတတ်လေ့ ရှိသော အထူးသည်ပင် မငြိမ်စဖူး ငြိမ်နေသည်။
“ဒေါ်ကြီးတို့ အဆောင်မှာ အထူး အပါအ၀င် မိန်းကလေး ခြောက်ယောက်ကို သူ့အကြောင်းနဲ့သူ လက်ခံ ဖြစ်ခဲ့တယ်။ အဆောင်ဖွင့်တယ် ဆိုတာ စီးပွားရေး ၀င်ငွေတစ်ခု ဖြစ်တာတော့ မှန်တယ်။ ဒါပေမဲ့ ဒေါ်ကြီးတို့ရဲ့ ရည်ရွယ်ချက်က ငွေထက် အရေးကြီးတဲ့ ကိစ္စတွေကို ပိုပြီး အလေးထားချင်တာ ဖြစ်နေတယ် သမီးရဲ့”

အသားဖြူဖြူ၊ အရပ်မြင့်မြင့် မဟာနဖူး ကျယ်ကျယ်မှာ ဆံတံခွန်ကလေး ပေါ်အောင် ဆံပင် အားလုံးကို နောက်သို့ ပြန်လှန်ပြီး ဘီးဆံပတ် ပတ်ထားသည့် ဒေါ်ကြီး၏ ရုပ်သွင်က မဟာ ဆန်နေသည်။ အသံ၊ ဟန်နှင့် လေယူလေသိမ်းတို့က ပြတ်သားသည်။ အထူးသဖြင့် ထူထဲသော မျက်မှန်အောက်မှ လက်၍ တောက်နေသော မျက်ဝန်းတစ်စုံက မေမာလာ၏ စိတ်ကို လွှမ်းမိုး သိမ်းဆည်းလိုက်ပြီဟု ခံစား လိုက်ရ၏။ အထူးကတော့ သူ့အဒေါ် အကြောင်းကို သိပ်အကောင်းကြီး ပြောခဲ့သည် မဟုတ်။
“ငါ့အဒေါ်က အပျိုကြီး ဆိုတော့ နည်းနည်းလက်ပေါက် ကတ်တယ်ဟ။ နင် နားညည်းခံ နိုင်ရဲ့လား”
ဆိုတော့ မေမာလာ့ စိတ်ထဲမှာ နည်းနည်း ထင့်မိခဲ့သေးသည်။ ဒေါ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ တွေ့၍ ပြောသမျှကို နားထောင်ကြည့်ရင်း မေမာလာ့ စိတ်ထဲမှာ အားကိုးချင် စိတ်တွေ ဖြစ်ပေါ်လာသည်။

“ဒေါ်ကြီးက အငြိမ်းစား ကျောင်းဆရာမ အပျိုကြီး ဆိုတော့ သမီး သူငယ်ချင်း ထူးထူးအောင်တို့က ကွယ်ရာမှာ လောက်စလုံးလို့ ခေါ်တယ်။ ခွစာပေါ့ကွယ်”

ဒေါ်ကြီး၏ တူမတော် ထူးထူးအောင်က ခွိခနဲ ရယ်လေသည်။ ဒေါ်ကြီးက ထူးထူးအောင်ကို မျက်စိပြူးလျက် တစ်ချက်ကြည့်ပြီး...
“ဘယ်လိုပဲ ပြောပြောပါ၊ ဒေါ်ကြီးရဲ့အသက်ခြောက် ဆယ်ဝန်းကျင်မှာတော့ ငယ်ငယ်ကတည်းက နေခဲ့တဲ့ အကျင့် စရိုက်တွေကို မပြောင်းနိုင်တော့ဘူး။ အဲ...ကိုယ့်ဘက်က မပြောင်းလဲနိုင်ဘူး ဆိုတာကလည်း မိဘက ကောင်းစေချင်လို့ တစ်သက်လုံး ကျင့်ပေးခဲ့တဲ့ အကျင့်ကောင်းတွေမို့ ကိုယ်တိုင်ကလည်း တန်ဖိုးထားတယ်။ ဒီတန်ဖိုးလေးတွေကို အခြေခံ ပြီး ချမ်းမြေ့ အဆောင်ရဲ့ စည်းကမ်းတွေကို သတ်မှတ်ထားတယ်”

ဒေါ်ကြီးက မေမာလာကို အကဲခတ်သလို လှမ်းကြည့်သည်။ မေမာလာကတော့ ချမ်းမြေ့အဆောင်မှာ မနေရမှာကို ကြောက်နေသည်။ ပြီးတော့ လူကြီး အတော်များများက လက်မခံသော အလုပ်ကိုလည်း မလုပ်ရမှာကို ကြောက်ရပြန်သည်။
“သမီး စည်းကမ်း အားလုံးကို တကယ် လိုက်နာ နိုင်ပါတယ်။ ချမ်းမြေ့မှာ ဒေါ်ကြီးတို့ နေခွင့်ပြုလိုက်ပြီ ဆိုတာနဲ့ ပြုပြင်စရာတွေလည်း အကုန်ပြုပြင်ပါ့မယ်”
“သမီး လုပ်မယ့် အလုပ်က”

ထိုအလုပ်၏ အကြောင်းကို မပြောဘဲ နေ၍ ရချင်ပေမယ့် မတတ်နိုင်တော့။
“အခြေအနေအရ သမီး စားသောက်ဆိုင် တစ်ခုခုမှာ သီချင်း ဆိုရမှာပါ”

အထစ်ထစ် အငေါ့ငေါ့ ပြောပြီး ဒေါ်ကြီး၏ တုံ့ပြန်မှုကို ကြားရမှာတောင် မ၀ံ့ရဲ။ မျက်လွှာချလျက် ရင်တွေ ဒိတ်ဒိတ် ခုန်နေသည်။

“ဒေါ်ကြီး အနေနဲ့ ဘယ်အလုပ်ကိုမှ အထင်မသေးပါဘူး။ နောက်ပြီး အမြင်မကျဉ်း အောင်နဲ့ ခေတ်နဲ့အညီ နားလည်အောင် အမြဲ လေ့လာနေပါ တယ်။ တစ်ခါတလေမှာ ကိုယ်သိပ်ကြိုက်လို့ ရွေးထားတဲ့ အလုပ်က ကိုယ့်အတွက် အခက်အခဲတွေ၊ ဒုက္ခတွေကို ပြန်ပေး တတ်တယ်။ လုပ်ရင်း မြုပ်သွားတတ်တယ်။ လုပ်သင့်တာနဲ့ လုပ်ချင်တာကိုတော့ မလုပ်ခင်ကတည်းက သေသေချာချာ ဝေခွဲဖို့တော့ လိုတာပေါ့ သမီးရယ်”

ဒေါ်ကြီး၏ စကားဆုံးလျှင် မေမာလာ ထ၍ခုန်ချင် မတတ် ၀မ်းသာသွားသည်။ စိတ်ဓာတ်အင်အားတွေလည်း တက်ကြွ ပျော်ရွှင်လျက်။    “သမီး သဘော ပေါက်ပါတယ် ဒေါ်ကြီးရယ်။ ဒါပေမဲ့ ခုချိန်မှာ သမီးရဲ့ပညာ အရည်အချင်းက ဆယ်တန်းအောင်ရုံ ပဲရှိပါသေးတယ်။ နောက်ပြီး သမီးမှာ လုံလောက်တဲ့ငွေ အရင်းအနှီးလည်း မရှိပါဘူး။ အားကိုးစရာလည်း မရှိဆိုတော့ ခုလော လောဆယ် သမီး လုပ်တတ်တဲ့ အလုပ်ကလည်း သီချင်း ဆို တတ်တာပဲ ရှိတာကြောင့်ပါ။ မေမေတို့၊ ဖေဖေတို့ ပေးခဲ့တဲ့ အမွေလို့ ပြောရမလား မသိဘူး။ သမီးကိုယ် သမီးလည်း ယုံကြည် ပါတယ်။ သမီး သီချင်းတွေ ဆိုမယ်၊ လိမ်လိမ်မာမာလည်း နေပါ့မယ်။ ပြီးရင် အဝေးသင် ဆက်တက်မယ်။ အဆိုတော်ကြီး ဖြစ်အောင်လည်း လုပ်ချင်ပါတယ်”
ထူးထူးအောင်က မေမာလာ့ လက်ကို ကျစ်လျစ်စွာ ဆုပ်ကိုင် အားပေးသည်။ ဒေါ်ကြီးက မေမာလာ့ အကြောင်း အခါခါ ထပ်အောင် ကြားထားပြီးခဲ့ပြီမို့ သိပ်ပြီး ထွေထွေထူးထူး မေးမနေတော့ပါ။ အလွန် လှုပ်ခတ်လှသော တူမတော် ထူးထူးအောင်၏ တည်ငြိမ် လေးနက်နေသော မျက်နှာထားနှင့်ပင် မေမာလာကို စောင့်ရှောက် ရတော့မည်ဟု နားလည်လိုက်သည်။

“အေးလေ၊ ကြိုးစားပေါ့ သမီးရယ်။ လူဆိုတာ အားပေးတဲ့လူ ရှိရှိ မရှိရှိ ကိုယ့်ဘ၀ကို ကိုယ်ပဲ ကြိုးစားပမ်းစား တည်ဆောက် ရတာချည်းပါပဲ။ သမီးက ကိုယ်ဝါသနာ ပါတဲ့ အလုပ်နဲ့ ကိုယ့်ဘ၀ကို ထူထောင်ခွင့် ရမယ်ဆိုရင် ဒါကိုပဲ အခွင့်အရေး ကောင်းတစ်ခု ရတယ်လို့ မှတ်ရမှာ။ တချို့ဆိုရင် အလုပ်ကို ကိုယ်က ရွေးချယ်ခွင့် မရလိုက်ဘူး။ အလုပ်က ကိုယ့်ကိုပြန်ရွေး သွားခဲ့ရင် လုပ်ရကိုင်ရ ပိုအဆင်မပြေဘူးပေါ့။ ဒါပေမဲ့ အခက်အခဲဆိုတာ နေရာတိုင်းမှာရှိတယ်”

ဒေါ်ကြီး ပြောသည့် အတိုင်းပင် ထူးထူးအောင်နှင့် ပထမဆုံး သွား၍ စုံစမ်းသော ဆိုင်မှာကတည်းက အခက်အခဲ ဆိုတာကြီးနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ထိုနေ့ နေ့လယ် နေပူလွန်းလှ သည်။ ဆိုင်ရှေ့မှာ ထောင်ထားသော ဆိုင်းဘုတ်ကြောင့်သာ ဆိုင်ထဲကို အရဲစွန့် ၀င်ခဲ့ရပေမယ့် လူသူလေးပါး ကင်းရှင်းနေသည်။ ထူးထူးအောင်က...

“ရေးထားပုံကလည်းနော်၊ မိန်းမအဆို သမား အလိုရှိ သည်တဲ့၊ မမိုက်ပါဘူး”

ဟု တီးတိုးပြောသော အသံကို ကြားသွားသည်ထင့်။ အမျိုးသမီး တစ်ယောက် ထွက်လာသည်။ ဆံပင် တိုတိုကောက် ကောက်၊ မျက်စိက မှေးမှေး၊ ၀၀အစ်အစ်၊ ဘောင်းဘီတိုနှင့်၊ အသံဝဲ၀ဲနှင့်။
အရာရာကို ဦးဆောင် ချင်တတ်သူ အထူးက ရှေ့မှ ကော့လန်ကော့လန်နှင့် စွတ်ဝင်သွားတော့...
“ဟေ့ နင်လား တီဂျင်းဆိုမှာ”
ဟု မျက်နှာဆိုးနှင့် မေးသည်။

“မဟုတ်ဘူး မဟုတ်ဘူး၊ ဆိုမှာက သူ”
ထူးထူးအောင်က မေမာလာကို လက်ညှိုးညွှန်တော့ ၀တုတ်မကြီးက အားမနာလျှာမကျိုး ခြေဆုံးခေါင်းဆုံး အပြန်ပြန် အလှန်လှန် ကြည့်ကာ...
“အေး ကြိုက်တယ်” တဲ့။

ထိုစဉ်ကတည်းက မေမာလာ မကြိုက်ခဲ့ပေ။ ဒါပေမဲ့လည်း လုပ်ငန်းသဘောကို သိလိုက်၍...
“အစ်မ၊ သီချင်းက ဘယ်လိုဆိုရမှာလဲ။ အလုပ်ချိန်တို့ ဘာတို့ နောက်ပြီး ခံစားခွင့်၊ အဲ အဲဒါလေးတွေ ပြောပြပါဦး”

“အင်း ငါတို့ဆိုင်က စင်တင်ဆိုတော့ သူ့ထုံးစံနဲ့ သူတော့ ရှိရတာပေါ့။ တခြား ဘယ်တွေမှာ ဆိုခဲ့ဖူးတလဲ။ ဘာတချင်း ဆိုတတ်တလဲ။ အင်း ဒါပေမဲ့ နင့်မျက်နှာကြီးက မှုန်နေတာနော်၊ မပြုံးတတ်ဘူးလား”တဲ့။

တနှင့်သ မကွဲသော အသံနှင့် သူ့ပုံစံ၊ သူ့ဟန်၊ သူ့စကား များနှင့်ပင် လှည့်ပြန်သင့်တာ။ မေမာလာက...
“ငါ တစ်ရက်တော့ အစမ်းဆိုချင်သေးတယ်။ အထူးရယ် နော်။ ငါ့ကို အဖော် လိုက်ပေးပါဟာ၊ အဆင်မပြေရင်ဆက် မလုပ်ဘူးပေါ့။ စမ်းမကြည့်ဘဲ ငါ နောက်မဆုတ်ချင်ဘူး”

ထူးထူးအောင်က ဆန္ဒ သိပ်မရှိပေမယ့် မေမာလာ၏ဆန္ဒ ကို လိုက်လျောရန် စိတ်ရှည်ရှည် ထားပေးလိုက်သည်။
“နင်က လှပြီးသားဆိုတော့ သိပ်ပြင်စရာ မလိုဘူးပေါ့ဟာ။ ဒါပေမဲ့ နင် ဟိုဝတုတ်မကြီး မှာလိုက်သလို စကတ်တို ၀တ်မှာလား”
မေမာလာက ခေါင်းခါသည်။ ထိုနေ့က ဂျင်းဘောင်းဘီ ဖြူရှည်နှင့် အင်္ကျီလက်ပြတ် အဖြူလေးသာ ၀တ်ခဲ့သည်။ ဆံပင် ရှည်ကြီးကိုပင် ဖြန့်မချဘဲ ရှင်းရှင်းလင်းလင်း မြင့်မြင့်ကလေး စုစည်းခဲ့သည်။ မေမာလာ သိစေချင်တာက ရုပ်၏အလှ မဟုတ်။ အသံ၏အလှ။
ဒါပေမဲ့ ထိုနေ့ညမှာပင် ထိုဆိုင်နှင့် လမ်းခွဲခဲ့ရသည်။ သီချင်းကို၊ အနုပညာကို လူတိုင်းက ချစ်ကြတာ၊ စိတ်ဝင်စား ကြတာ မဟုတ်ဘူးလား။ မေမာလာ၏ ဆံပင်ရှည်ကြီးကို၊ နုနယ်သွယ်လျသော ဟန်ကို၊ ချိုမြသော သံစဉ် လှိုင်းကြီးများ ကို သူတို့ သောက်နေကြသော မူးယစ် ရမ်းကားစေသည့် အရည် များနှင့်အတူ အမြည်း လုပ်ပစ်လိုက်ကြသည်ဟု ခံစားခဲ့ရသည်။

“အထူးရယ်၊ လမ်းဘေးမှာ ချွင်ခေါက် ချွင်ခေါက် လုပ် ပြီး သီချင်း ထိုင်ဆိုလိုက်ရတာမှ တန်ဖိုး ရှိပါသေးတယ်ဟယ်”
ဟု ပြောရင်း ငိုခဲ့ရသည်။ အထူး တစ်ယောက်ကတော့ အားမလျော့တတ်သူပင်။ နောက်ပြီး မေမာလာကို သူမှ အလုပ် ရှာမပေးလျှင် လုံးဝ မဖြစ်နိုင်။ မေမာလာက မျက်ရည်ကလေး စမ်းစမ်းနှင့်...
“ဘာမှမရတဲ့ အဆုံး ဈေးချိုထဲက ဆိုင်တစ်ဆိုင်လောက်မှာ အရောင်းကူလေးဖြစ်ဖြစ် လုပ်ရတော့မှာပေါ့ဟယ်”
ဟုဆိုလျှင် ရင်ထဲကမကောင်း။ မေမာလာကို အားပေး ပြီး ချမ်းမြေ့သို့ ရောက်အောင် ခေါ်လာခဲ့စဉ်က သူနည်းနည်း အပြောကြီးမိခဲ့တာကိုလည်း မမေ့။

“မာလာ နင် ဘာမှ မပူနဲ့။ ငါတို့ဂျာနယ်လစ် ဆိုတာ အရမ်း နှံ့စပ်တယ် သိတယ် မဟုတ်လား။ ခုဆိုရင် စီးပွားရေး လောက ဆိုလည်း မပါရင် မပြီးတော့ဘူးဟ။ ဒီတော့ နင်ဖြစ်ချင်တာ ဖြစ်ရအောင် ငါ လုပ်ပေးနိုင်တယ်”
ဆိုသော စကားကို ရင်ထဲကစေတနာနှင့်လည်း လှိုက် လှိုက်လှဲလှဲ ပြောဖြစ်ခဲ့သည်။ ပြောသည့်အတိုင်း ဖြစ်ရအောင်လည်း မျက်စိဖွင့် နားစွင့်ခဲ့ရသည်။ တွေ့မယ့်တွေ့တော့ စိတ် ကူးသစ်ဆန်းသော ဆိုင်တစ်ဆိုင်က မေမာလာ အကြိုက်တွေ့မည့်ဆိုင်မျိုး။ ဆိုင်ကို ဓာတ်ပုံရိုက်၍ ယူလာခဲ့သည်။

“မာလာ မာလာ ဒီမှာကြည့်၊ ပန်းဟေ၀န် တဲ့”
အနုပညာကိုမြတ်နိုးသော မြန်မာ လုပ်ငန်းရှင်ကြီး တစ်ဦး ပိုင်သည့် စားသောက်ဆိုင် ဖြစ်ကြောင်း။ အစားအစာလည်း အမျိုးအစားစုံစုံ စားနိုင်အောင် စီစဉ်ထားကြောင်း။ တေးဂီတ အနုပညာကိုလည်း ပုံစံအမျိုးမျိုး ခံစားမှု အမျိုးမျိုးနှင့် သီဆို နိုင်ကြောင်း။

အထူး၏ စကားကိုပင် ဆုံးအောင် နားမထောင်ချင်တော့။
“၀မ်းသာလိုက်တာ အထူးရယ်။ လုပ်ပါ လုပ်ပါ၊ ငါ့ကို ချက်ချင်းသာ လိုက်ပို့ပေးပါတော့။ ငါကြိုးစားမယ်။ ငါ တကယ် ဖြစ်ထွန်းအောင် လုပ်မယ်ဟာ”

ပန်းဟေ၀န်မှာ ပထမဆုံး တွေ့ရသူက ဆရာ။ ဆရာနှင့် တွေ့ဆုံဆွေးနွေးရတာ တောင်မြင့်မြင့်ပေါ်သို့ မတ်မတ်စောက် စောက်ကြီး တက်ရသည်နှင့် တူလေသည်။
“ဂီတဆိုတာ သက်ရှိ အားလုံးအတွက် ငြိမ်းချမ်းကြည်မွေ့ စေတဲ့ ဆက်သွယ်မှု တစ်ခုပဲလေ။ တို့တွေ မမွေးဖွားခင်ကတည်း ကရှိခဲ့တဲ့ ဂီတဟာ တို့တွေ သေဆုံးသွားလည်း ဆက်ပြီးရှင်သန် ကျန်နေရစ် ဦးမှာပဲ။ လူတွေကတော့ ခေတ်တိုင်း၊ ခေတ်တိုင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂီတကို အားရပါးရ စားသုံးကြလို့ပေါ့။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ စကားကို ကိုယ်ကတော့ ဂီတပေါ်မှာလည်း သုံးချင်သေးတယ်။ အင်း မင်းတို့နားလည် အောင်ပြောရရင် ဂီတပေါ် သစ္စာ ရှိဖို့ပေါ့ကွာ”

ခုမြင် ခုတွေ့ မိန်းကလေးငယ် နှစ်ယောက်ကို ဆရာက ထိုစကားမျိုးနှင့် စတင် မိတ်ဆက်ခဲ့သူ ဖြစ်လေသည်။ ဂီတ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့သော၊ ဂီတကို ချစ်မြတ်နိုးလှ သော၊ ဂီတကို အားကိုး ဖက်တွယ်မည်ဆိုသော မေမာလာပင် ဆရာ၏ ဂီတဆိုင်ရာ အတွေးအခေါ်များကို မမီမကမ်း မော့ ကြည့်နေရသည်။ အကယ်၍များ ဖေဖေသာ ရှိခဲ့လျှင် ဆရာနှင့် တစ်သားတည်း ရှိနေပေလိမ့်မည်။ ဒါပေမဲ့ ဖေဖေက အကြွေ စောရှာသည်။

တကယ်တော့ ဆရာသည် အဖေ့ထက် အနည်းငယ်မျှသာ ငယ်ရွယ်သူ ဖြစ်နိုင်ပါသည်။ ဂီတသမား ဆိုပေမယ့် ဖြူဖြူ သေးသေး၊ နုနုနယ်နယ်ကလေး မဟုတ်။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်းနှင့် အသားက အတော်လေးညိုသူ ဖြစ်သည်။ ဆရာက ပန်းဟေ၀န်၏ ဂီတမှူး ဖြစ်သည်။ လှိုင်းတွန့်ဆံပင် ခွေခွေလိပ်လိပ်များက ကျယ်ပြန့်သော နဖူးပေါ်မှာ ကပိုကရို ကျနေသည်။ ဆရာ့ဆံပင်က လည်ကုပ်ကျော်ကျော်တော့ ရှည်လိမ့်မည်။ နောက်စေ့မှာ သားရေကွင်းနှင့် စု၍ ချည်နှောင်ထားသည်။ ဘောင်းဘီရှည်နှင့် တီရှပ်ကို တွဲဝတ်ထားသည်။ ဆရာ့တီရှပ် အင်္ကျီက လက်ဖြတ် ထားသောကြောင့် အသွင်တစ်မျိုး ဆန်းနေသည်။ အနုပညာ သမားတွေဟာ ဒီလို ခပ်ဆန်းဆန်း ပုံစံမျိုးပါပဲဟု မေမာလာက တွေးမိသော်လည်း ဆရာနှင့် ဆက်ဆံရေး အတွက်တော့ စိတ်ပူ မိသည်။ မေမာလာ နားမလည်တာတွေက အများကြီး။ ဆရာ့ အတွေးအခေါ်၊ ဆရာ့ ပညာတွေကို လိုက်လို့မှ မီပါ့မလား။ မည်သို့ပင်ဖြစ်စေ မေမာလာသည် ဆရာ့ကို တွေ့တွေ့ချင်း ဆွေမျိုးကဲ့သို့၊ ဦးလေး၊ အစ်ကိုကဲ့သို့ ရင်းရင်းနှီးနှီး ချစ်ခင် သွားမိတာ ဂီတသွေး နီးသောကြောင့်ဟု မှတ်ထင်ယုံကြည် ခဲ့သည်။

“မင်း အခု သီချင်းဆိုပြနိုင်မလား”

“ဟုတ် ဟုတ်ကဲ့ ဆိုပြပါ့မယ်”

“ကဲ လာ”

ဆရာက စားသောက်ဆိုင်၏ စားပွဲကုလားထိုင်များ၏ ကြားသို့ ခြေလှမ်းကျဲကြီးနှင့် မြွေလိမ်မြွေကောက် ၀င်သွားသည်။ အထူးကလည်း သွက်သောခြေလှမ်းများနှင့် လိုက် သည်။ မေမာလာက အသင့် ယူလာသော CD ချပ်ကလေးကို အိတ်ထဲမှ ထုတ်ယူနေတာနှင့် တော်တော်လေး နောက်ကျကျန် ရစ်သည်။ နေ့လယ်ခင်းကြီးပေမယ့် စားသောက်ဆိုင်ထဲမှာ မီးဖွင့် မထားသောကြောင့် အခန်းကျယ်ကြီးက ခပ်မှောင်မှောင်။ သွက်သွက်ပြေးပြေး လှမ်းသောကြောင့် တိတ်ဆိတ်ငြိမ်သက် နေသော အခန်းထဲမှာ မေမာလာ၏ ဒေါက်ဖိနပ်ခွာသံ ပြင်းပြင်း သာလျှင် ဆူညံသွားတော့သည်။

“ဘာနဲ့ဆိုမလဲ၊ ကီးဘုတ်နဲ့ဆိုမလား၊ CD နဲ့ ဆိုမလား”

“သမီးမှာ CD ပါပါတယ် ဆရာ”

“OK”
တစ်ခွန်းသာ ပြောပြီး CD စက်ကို မေးဆတ်ပြလျက် မေမာလာတို့ နှစ်ယောက်ကို ပြန်စောင်းတောင် မကြည့်ဘဲ စင်ပေါ်မှ ဆင်းသွားလေသည်။ အထူးက CD  ခလုတ်များကို တစ်ချက် အကဲခတ်လိုက်ပြီး...။

ငြိမ်သွားသော အခန်းကျယ်ကြီးထဲက စင်ပေါ်မှာ မေမာလာနှင့် အထူးနှစ်ယောက်တည်း။ ဆရာက ပျောက်ချက် သားကောင်းလို့ နေသည်။ မေမာလာ သက်ပြင်းရှိုက်လျက် အထူးကို နောက်တစ်ပုဒ်ဟု လှမ်းပြောလိုက်သည်။ နောက်တစ် ပုဒ်က မေမေ အလွန်ကြိုက်သော သျှီ၏ သီချင်းတစ်ပုဒ်။ ကြေကွဲအိပ်မက်...
xxxတံခါးများကို xxx အမြဲဖွင့်ကာထားxxx ခက်ခဲ ရက်စက်သော xxx နာကျင်နေ့ရက်များ xxx ကုန်ဆုံးလွန် မြောက်ဖို့ xxx ဖြတ်ကျော်ရင်း xxx အဆိုးဆုံးခရီးကြမ်း xxx တစ်ကိုယ်ရေလျှောက်ရမလား xxx အိပ်မက်မက်ခဲ့သလိုxxx ဖြစ်ဦးမလား xxx
မေမာလာက သီချင်း ဆုံးသွားသောအခါ ရှေ့မှာပရိသတ် ရှိသလို သဘောထားသောကြောင့် ခါးကလေးကို ကုန်းကာ ဦးလေးညွတ်ပြီး...
“ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပေမယ့် အခန်းကြီးက တိတ်ဆတ်လျက်ပင်။ ထူးထူးအောင်က လေသံနှင့်
“ဟဲ့ မေမာလာ..နင့်ဟာက အကွဲအပြဲတွေ များနေပြီနော်”
ဟု လှမ်းပြောသည်။

“ငါ့မှာလည်း အသည်းနှလုံးက အကောင်းမှ မကျန် တာ။ တော်ပါပြီ ငါကလည်း အကြာကြီး အသည်းကွဲဖို့ စိတ်ရှည်တာ မဟုတ်ပါဘူး။ ဟိုသီချင်း ဆိုမယ်ကွာ။ ပထမဆု ၂၀၀၈ ”

ထိုသီချင်းကို မေမာလာ အလွန်ကြိုက်သည်။ အထူး သဖြင့် ကိုစိုင်းစိုင်း၏ Rap စာသားများကို ခိုက်နေတာ ဖြစ်သည်။ မေမာလာ့စိတ်နှင့် တိုက်ဆိုင်လွန်းသောကြောင့်ပင်။ ထိုသီချင်းက ကိုမိုးမိုးနှင့် ကိုစိုင်းစိုင်းတို့ ဆိုခဲ့ကြတာ။

“ဟဲ့ Rap တွေရော၊ ဘယ်လိုဆိုမှာလဲ”

“ငါ တစ်ယောက်တည်းပဲ အကုန်ဆိုမှာပေါ့။ ငါ ခဏ ခဏ ဆိုကျင့်ထားတာပဲဟာ ရတယ် ရတယ် ဖွင့် ဖွင့်”
xxx လမ်းသစ်လည်း xxx ငါမဖောက်ဘူး xxx လမ်းဟောင်းလည်း xxx ငါမလျှောက်ဘူး xxx ကိုယ်တိုင် အရူးအမူးရေးတဲ့ xxx သီချင်းအတွက် xxx ဂုဏ်ယူတယ် xxx ပေးဆပ်သူလို့ xxx ငါ့ကိုယ်ငါ xxx မပြောဘူး ငါတို့ရဲ့ မနက်ဖြန် xxx မနက်ဖြန်တွေအတွက် ဆန်္ဒရဲ့ နောက် ကွယ်မှာ xxx အောင်မြင်မှုစောင့်နေတယ် xxx ရန်သူတွေ လည်း xxx အဝေးကြီးမှာ xxx ပျောက်နေတယ် xxx လုံ့လတွေ လုံးမ၀မလျှော့ ပန်းတိုင်ကို xxx ရောက်ရမယ် xxx မုချနော် xxx
ပထမဆု xxx ရယူဖို့ဟေ့
မေမာလာ နည်းနည်းတော့ မောသည်။ ဒါပေမဲ့ ဆိုရင်း ဆိုရင်း သီချင်းတွေကို ဆက်တိုက် ဆိုချင်လာသည်။ ထို့ကြောင့် ဆရာ မင်းချစ်သူရေးပြီး မမတင်ဇာမော် ဆိုခဲ့သော ပထမ ခြေ လှမ်းကို ဆက်ဆိုသည်။

xxx ရည်ရွယ်ရာ ဒီနယ်မြေသို့ ရောက်ရှိသွားဖို့ မှန်တယ်ထင်ရာ xxx ဒါတွေ အကုန်လုံးဇောက်ချလုပ်တော့မယ် xxx ဘယ်လောက်ဝေးဝေးကွယ်xxx
ယုံကြည် xxx ခြေတစ်လှမ်း ခြေတစ်လှမ်း xxx ပထမဆုံး ခြေတစ်လှမ်းဟာ xxx နောက်ဆုံးတော့ ပန်းတိုင် ရောက်နိုင်တယ် xxx ဟာ ဟာ ဟ x ဟား ဟား ဟေ ဟေ ဟေ့ ဟေး ဟေး
မေမာလာ၏ သီချင်းဆုံးသည်နှင့် တစ်ယောက်တည်း တီးသော လက်ခုပ်သံကျယ်ကျယ်ကြီးက တစ်ခန်းလုံးကို လွှမ်းမိုးသွားသည်။
“Ok, Ok ရပြီ”
ဆရာက မားမား မားမားနှင့် မေမာလာတို့ဆီသို့ သွက်သွက လျှောက်လာသည်။ ထိုအချိန်မှာ မေမာလာက ရင်ခုန် တုန်ရီစွာဖြင့် ဆရာရှိရာ စင်အောက်သို့ အလိုလို ဆင်းပြီးသား ဖြစ်နေသည်။
“မင်းရဲ့ သီချင်းတွေက ကောင်းလွန်းအားကြီးပြီး မကောင်းဘူး ဖြစ်သွားတယ်”


ဘယ်လိုကြီးပါလိမ့်။ ဆရာက ချီးကျူးတာလား၊ အပြစ် တင်တာလား။ ဆရာ့ စကားကို မေမာလာ လုံးဝ နားမလည်နိုင် ပေ။ စိတ်လည်း ရှုပ်ထွေးနောက်ကျိသွားသည်။ မျက်နှာ ငယ်လေးနှင့် ဆရာ့ကို မော့ကြည့်ရုံမှ လွဲ၍ ဘာမှမတတ်နိုင်။ ထူးထူးအောင်က CD ချပ်ကလေးကို ယူ၍ စင်ပေါ်မှဆင်းလာ ပြီး...

“ဆရာ၊ သူ မကောင်းဘူးလားဟင်”
ဟု စွတ်၍ မေးချပစ်လိုက်သည်။ ဆရာက စားပွဲခုံလွတ် တစ်နေရာကို မေးဆတ်ပြပြီး...
“ထိုင်ရအောင်”
ဟု အေးအေးဆေးဆေးပြောသည်။

“ကိုယ် ဆိုလိုတာက အသံမှာ အားရှိတယ်။ ဆိုဟန် နိုင်နိုင်နင်းနင်းရှိတယ်။ အ၀င်အထွက် စနစ်ကျတယ်။ ဒါပေမဲ့ သီချင်း အမျိုးအစားမရွေး အကုန်ပဲ စွတ်ဆိုတော့မှာလား”

“ခု လောလောဆယ်တော့ သမီးမှာ ရှင်းလင်းတဲ့ လမ်း ကို မရွေးချယ်ရသေးပါဘူး ဆရာ။ သီချင်း အမျိုးအစား အားလုံးကိုလည်း ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ဟို ကြိုက်... ကြိုက်ပါတယ်”

“အကုန်လုံးတော့ ကြိုက်လို့ ရတယ်လေ။ ဒါပေမဲ့ အင်း... ဘယ်လို ပြောမလဲ။ ဒီနေ့ ဆိုပြတဲ့ သီချင်းတွေကိုတော့ မဆို လိုဘူးပေါ့ကွာ။ ကိုယ်နားလည် ပေးနိုင်ပါတယ်။ ဒီလို ပြောရ တာလည်း မင်းဒီဆိုင်မှာ သီချင်းဆိုခွင့် ရမှာ မရမှာနဲ့ မသက်ဆိုင်ဘူးနော်။ မင်းရဲ့ အဆိုပိုင်း ဆိုင်ရာ အနေအထားက စီးပွားရေး အတွက် ဖျော်ဖြေမှု သီချင်းမျိုးနဲ့ မကိုက်ညီသလိုဘဲ”

“ဆရာ၊ ဒါဆို မေမာလာက ဒီမှာ သီချင်းဆိုလို့ မရတော့ ဘူးလား”

ထူးထူးအောင်မေးတော့ ဆရာ ငြိမ်သွားသည်။ မေမာလာက ဆရာ့ကိုလည်း မကြည့်ရဲ။ ဆရာ ဘာပြောလိုက်မလဲ မကြားဝံ့။
“ချာတိတ်၊ မင်းရဲ့ဂီတပညာကို ကိုယ်က နှမြောလို့ပါ”

ဖြစ်မှ ဖြစ်ရလေ ဆရာရယ် ဟုသာ မေမာလာ ပြောချင် တော့သည်။ မေမာလာ၏ စိတ်ကူး အိပ်မက်ထဲမှာ နှမြောခဲ့ရ တာတွေ အများကြီးပင်။ ခုချိန်မှာ ဖန်ဆင်းရှင် တစ်ယောက်၏ လက်ဝါးပေါ်မှာ မေမာလာ့ကို ခဏကလေးပဲ တင်ပေးလိုက် စမ်းပါ။ သီချင်းတွေကို မနားတမ်း၊ မမောတမ်း ဆိုရင်း မြန်မာသာမက ကမ္ဘာကျော်မည့် အဆိုတော် ဖြစ်ကိုဖြစ်ရမှာ။

“ဒါပေမဲ့ ဆရာ၊ သမီးမှာ သီချင်း ဆိုနိုင်တာက လွဲပြီး ဘာမှ မရှိပါဘူး”

“အင်းလေ ဟုတ်ပါပြီ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ စားသောက်ဆိုင် တေးဂီတရဲ့သဘော သဘာဝကို မင်း လေ့လာ စုံစမ်းပြီးပြီလား”

“အများကြီးတော့ မသိပါဘူး ဆရာ။ သမီး သီချင်း ဆိုချင်တာရယ်၊ နောက်ပြီး...ဆိုတဲ့အတွက် သင့်တော်တဲ့ ဟို...အနု ပညာကြေးလေး ရရင် ကျောင်းဆက်တက်ဖို့၊ အဲလေ... ကျွန်မ ရဲ့ ဟို ရပ်တည်မှု အတွက်ပါ”

ဆရာက ငြိမ်သွားပြန်သည်။ ကုလားထိုင်၏ နောက်အမှီ ကို ကျောပြင်ကြီးတစ်ခုလုံး ပစ်မှီလျက် မျက်စိမှိတ်ကာ  ဦးခေါင်းကို နောက်သို့ လှန်ထားသည်။
အတန်ကြာတော့ ကိုယ်က ပြန်မတ်လာပြီး ပြုံးလျက်...
“မေးခွန်းတစ်ခုလောက် မေးလို့ရမလား”တဲ့။
“ရပါတယ် ဆရာ မေးပါ။ သမီး ဖြေပါ့မယ်”

ဆိုတော့...
“မင်းနဲ့ ဂီတ ဆက်စပ်ခဲ့ပုံ အဲဒါ ကိုယ်သိချင်တယ်။ မင်းကို ကောင်းတဲ့ အကြံဥာဏ်များ ပေးနိုင်မလား၊ ဒါမှမဟုတ်ရင် မင်းကို အေးပေါ့လေ တစ်ခုခုပေါ့။ ဘယ်လိုများ ကူညီနိုင်မလဲ ဒီသဘောပါ။ ဟို စပ်စုချင်တာတော့ မဟုတ်ဘူးနော်”

“ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်။ ပြောပြလို့ ရပါတယ်”

မေမာလာက ပြောပြလို့ ရပါတယ် ဟု လွှတ်ခနဲ ပြော လိုက်ပြီးမှ မသိမသာ ငုပ်လျှိုးနေသော စိုးရိမ်စိမ်က ဘွားခနဲ ပေါ်ထွက်လာသည်။ ခုမြင် ခုတွေ့ လူတစ်ယောက်ကို ဒုက္ခတွေ ခင်းကျင်းပြလို့ ဖြစ်ပါ့မလား။ ဆရာ့ကို တစ်ချက်မော့ ကြည့်မိသည်။ ဆရာ၏ ညိုမှောင်သန့်စင်သော မျက်ဝန်းများ နှင့် ဆုံလိုက်ရသည်။

“ကိုယ့်မှာ မင်းနဲ့မတိမ်းမယိမ်း သားသုံးယောက် ရှိတယ်။ ကိုယ့်မိန်းမက စက်ချုပ်ဆိုင် ဖွင့်ထားတယ်။ နေ့လယ်နေ့ခင်း တွေမှာတော့ သီချင်းရေး ဖြစ်ရင် ကိုယ် ဒီမှာရှိတတ်တယ်။ ဒါမှမဟုတ်ရင် ကိုယ့်ရဲ့အတီးသင်တန်းမှာ ရှိတတ်တယ်။ ညညမှာတော့ ဒီဆိုင်ရဲ့ဂီတမှူးပေါ့”

ဆရာ့ကို မေမာလာ နည်းနည်း အားနာသွားသည်။ ပြီးတော့ ဆရာ၏ ထိုးထွင်းသိမြင်သော စိတ်ကိုလည်း ကြောက်ရွံ့သွားသည်။ မေးတုန်းက မေးပြီး မေမာလာ မဖြေခင် ဆရာက သူ့ကိုယ်သူ မိတ်ဆက်နေပြန်သည်။
“မင်း အသက်ဘယ်လောက်ရှိပြီလဲ”

“ဆယ့်ခုနစ်နှစ်ပြည့်ပြီးပါပြီ ဆရာ။ လာမယ့် မတ်လထဲ မှာ ဆယ့်ရှစ်နှစ်ပြည့်မှာပါ”
ဆရာက ခေါင်းတညိတ်ညိတ် လုပ်လျက် စားပွဲပေါ်သို့ လက်နှစ်ဖက်တင်ကာ လက်ခလယ်နှင့် စားပွဲခုံကို တောက် တောက် တောက် တောက် ခေါက်နေသည်။ ခေါင်းကလည်း တဆတ်ဆတ် ညိတ်လို့မပြီး။

“မင်း တခြား အလုပ် တစ်ခုခုပေါ့ကွာ၊ အဲဒါလုပ်ဖို့  နည်းနည်း မစဉ်းစားဖူးဘူးလား”
မေမာလာ အံ့သြသွားသည်။ ၀မ်းလည်း နည်းသွားသည်။ မျှော်လင့်ချက်တို့ ရေစုန် မျောပါပြီဟု အားတွေလည်း လျော့ချင်ချင်ဖြစ်သွားသည်။

“ဒီလိုဆိုင်မျိုးတွေဆိုတာက မင်းရဲ့ဒီဇိုင်းလိုတော့ မဟုတ်တာ များတယ်ကွ။ သူများ သားသမီးတွေကို မှိုချိုး၊ မျှစ်ချိုး ဘာမှ မပြောချင်ဘူး။ မင်းလည်း ခေတ်လူငယ် တစ်ယောက်ပဲ။ သိသင့် သလောက်တော့ သိလိမ့်မယ်။ မင်းသိတယ် ဆိုတဲ့ထဲ မှာ မင်းမသိသေးတဲ့ အန္တရာယ်တွေ အများကြီး ရှိတယ်။ ကိုယ် ပြောတာ သဘောပေါက်လား”

မေမာလာသည် ရှေ့မှာ ရှိနေသော ဆရာ့ကိုလည်း မမြင်။ အထူးကိုလည်း သတိမရ။ အိတ်ထဲမှာ ရှိနေသော ငွေကလေး သုံးထောင်ကိုသာ မြင်နေမိသည်။ ပြီးတော့ တစ်တိတစ်တိ နှင့် ရောင်းပစ် လိုက်မိသော ရွှေတို၊ ရွှေစလေးများကို မြင်ယောင် နေမိသည်။ ဟန်ကိုယ့်ဖို့ အားကိုးရန် ဘာတိုဘာစမျှ မရှိတော့လေသော အဖြစ်ကို သူစိမ်း တစ်ယောက်အား လုံးဝ မပြောဘူးဟု စိတ်ကို တင်းထားလိုက်သည်။

“ဒီဆိုင်မှာ ပင်တိုင်အဆိုတော်ရယ်လို့ ခုထိ မရှိသေးဘူး။ မထားသေးဘူး ဆိုပါတော့လေ။ ဒီမှာက စနေ၊ တနင်္ဂနွေမှာ ကိုယ်တိုင် ဆိုချင်တဲ့ ပရိသတ်အတွက် သီးသန့် အစီအစဉ်လုပ် ထားတယ်။ တစ်ပတ်မှာ လေးရက်က ခေတ်ပေါ် သီချင်းနေ့လို့ သတ်မှတ်တယ်။ သုံးရက်က မြန်မာ သံစဉ်နဲ့ ရိုးရာအက တစ် လှည့်စီပဲ။ နေရာလေးရယ်၊ အစားအသောက်ရယ် အဓိကထား တော့ နိုင်ငံခြားသား များများလာတယ်။ တကယ် ဂီတ ချစ်တဲ့သူ လာတယ်လို့တော့ နာမည် ရနေပြီ”

ဆရာ့သတင်းစကားအရ မေမာလာနှင့် သင့်တော်တာပဲ မဟုတ်ဘူးလားဟု ဥာဏ်မီသမျှတွေးကာ အို ဘာပဲဖြစ်ဖြစ် ဆိုရပါစေ ဆိုရပါစေ ဟု ကျိတ်၍ ဆုတောင်းမိသည်။

“ဒါပေမဲ့...”
ဆရာက ဒါပေမဲ့ဆိုပြီး ငြိမ်သွား ပြန်သည်။ ဆရာ၏ ဒါပေမဲ့ကို မေမာလာ တထိတ်ထိတ်နှင့် စောင့်ရသော စက္ကန့်များကို စိတ်မရှည်နိုင်တော့။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊