Tuesday, 7 June 2011

သဘောထုတ်ဆိုမယ် သောနုတ္ထိုရ်တို့ရဲ့ မင်းကိုနိုင်ကို ရှက်ပါ၊ ပြီးတော့ ဒီငြိမ်းလင်း၊ ကျော်ကိုကိုတို့ကို ရှက်ပါ။


တို့ဗမာ ဝေဒနာများကိုလ၊ ရင်နာနာ စာနာပွားလို့ရယ်
စေတနာများနဲ့ ကျုပ်ရဲ့မနော၊ မာလောနွယ် နကပ် (NCUB) တို့ရဲ့
ဖောက်ပြန်တဲ့ ဓာတ်အကြောကို
လှစ်ကာပြောလိုက်ပါရဲ့၊ မှားမှန်သဘော။

အဟုတ်ကို ပလီညစ်လို့
အကောက်အကျစ် ထွေလာဆန်းပါဘိသနဲ့
စီဝရံသင်္ကန်းနဲ့ ဆဒ္ဒန်ဆင်သတ်
အစွယ်ဖြတ်တဲ့ သောနုတ္ထုရ်
ငုတ်တုတ်ကယ် ထိုင်ငိုလောက်အောင်
မျက်နှာပြောင်တိုက် ကြောင်တောင်နှိုက်နိုင်ကြရဲ့
မိုက်လိုက်ပါတဲ့ နကပ်တို့ရဲ့ အယုတ်တမာသဘော။
တို့ဗမာအရေးတော့ ဆန်းလဒ်ညှိုးလို့ ရေစုန်မျော


နကပ်ဆိုတဲ့ အဖွဲ့ကြီးရဲ့ ဦးမောင်မောင်နဲ့ ပတ်သက်တဲ့ အရှက်သိက္ခာမဲ့ ကြေငြာချက်ကို ဖတ်ရင်း ရေးမိတဲ့ ငိုချင်းလေးပါ။ မျိုးဖျက် စစ်ဗိုလ်ချုပ်တွေတင်မက ကယ်တင်ရှင် တံဆိပ်ခံ ဒီလိုလူတွေနဲ့ တိုင်းပြည်အနာဂါတ်ကို တွေးရင်း ငိုချင်းချမိတာ အခါခါ။ ဆင်ဖြူတော်လို ဗမာပြည်၊ ဗမာလူထုကတော့ နကပ်လို တော်လှန်ရေး အမည်ခံ (အေဘီစီဒီ) အဖွဲ့ပေါင်းစုံ လိုဏ်ခေါင်းထဲက ဒီမိုကရေစီ သင်္ကန်းခြုံထားတဲ့ သောနုတ္ထိုရ်ပေါင်း များစွာက ချက်တော်ကို လေးနဲ့ခွင်းခံနေရတဲ့အဖြစ် မကြာခင် အူပွင့်ပြီး ယူကြုံးမရစရာ တမျိုးသားလုံး ပျက်သုဉ်းကြရတော့မယ် ထင်ပါရဲ့ဆိုတဲ့ အတွေးက ခြောက်လှန့်ခံနေရတာ ကြာပြီ။ ဒီအကြောင်းတွေကို ဘီလူးသွားကို လဖြဲတည်း ဆိုတဲ့စာမှာ အတော်ပြည့်စုံအောင် ပြောခဲ့ပြီး ဖြစ်သလို ဒီလူတွေက ပြောလည်းထူးမှာ မဟုတ်တဲ့အတူ မပြောဘူးလို့ နေခဲ့တယ်။ မထူးပေမယ့် အခုတော့ ပြောဦးမယ်။ အတွင်းအပြင်က မိတ်ဆွေများ၊ အထူးသဖြင့် ညီငယ် ရဲဘော်များက ဒီလောက်ဖောက်ပြန်တဲ့ ကိစ္စကို (xxx) တို့လို ၈၈ ခေါင်းဆောင်တွေက ဘာကြောင့် ဘာမှမပြော၊ ဘာမှမလုပ်ကြတာလဲလို့ မေးမြန်းရင်း ဒီကိစ္စနောက်ဆုံးအခြေအနေပေါ် ကျနော့်အမြင်ကို ပြတ်ပြတ်သားသား သိချင်တယ်လို့ အရေးဆိုလာကြပါတယ်။ နောက်တကြောင်းက ဒီနကပ်ခေါင်းဆောင်တွေ လုပ်ပုံက ယုံချင်ယုံ မယုံချင်နေ ဘယ်သူ့မှ ဂရုမစိုက်ဘူးလို့ လုံချည်အောက်စ လှန်ပြလိုက်သလိုပဲ။ ကျန်တဲ့သူအားလုံးကို ဒါပဲထင်တယ်လို့ မိုက်ရိုင်းစော်ကားလိုက်တာပဲလို့ မြင်တယ်။ အခြေအနေအရ ဘာမှမပြောပေမယ့် လူအများက ဒီကိစ္စ၊ ဒီကြေငြာချက်ဟာ အားလုံးကို စော်ကားလိုက်တဲ့ ဖောက်ပြန်လိမ်လည်မှုလို့ သိထားကြပါတယ်။ အားလုံးဟာ လူအ တွေ မဟုတ်ဘူးဆိုတာ သိအောင်လို့ ဒီစာကို ထပ်ရေးလိုက်ပါတယ်။

          ဒီကြေငြာချက်ကြောင့် ဒီလုပ်စား ခေါင်းဆောင်တွေရဲ့ ဇာတိရုပ်က သင်္ကန်းခြုံပြီး ဘုရားအလောင်းတော်ကို သတ်၊ အစွယ်ဖြတ်ပြီး ကိုယ်ဘို့ကြံတဲ့ မုဆိုးယုတ် သောနုတ္ထိုရ်နဲ့ ပိုပြီး တူလာတယ်။ ပြည်အလုံးရဲ့ ကံကြမ္မာကို ကိုယ့်ဘဝရပ်တည်နိုင်ဘို့ ဒီမိုကရေစီ အရေခြုံပြီး အသုံးချနေကြတာပဲ။

ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဆဒ္ဒန်ဆင်မင်းဇာတ်ကို ဗုဒ္ဓဘာသာဝင်အများစု ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အငြိုးအာဃာတကြီးတဲ့ မိဖုရား၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဘုရင်၊ ယုတ်မာကောက်ကျစ်တဲ့ မုဆိုးနဲ့ ခန္တီပါရမီ ကြီးရင့်တဲ့ ဘုရားလောင်းဆင်မင်းတို့ရဲ့ သံဝေဂယူစရာများနဲ့ ကြေကွဲစရာ ဇာတ်ထုတ်တခုပါ။

ဇာတ်လမ်းမှာ လင်အပေါ် အထင်မှား အမျက်သိုတဲ့ စူဠသုဘဒ္ဒါက လက်စားချေဖို့ ဘုရားငယ်တပါးမှာ ဆုပန်ထားတယ်။ ဆုတောင်းပြည့်လို့ နောက်ဘဝမှာ ဘုရင့်မိဘုရားဖြစ်တယ်။ လင်သစ်ဘုရင်က မြတ်နိုးတာကို အခွင့်ကောင်းယူပြီး လင်ဟောင်း ဆဒ္ဒန်ဆင်မင်းကို လက်စားချေဖို့ မာယာဆင်တယ်။ ဆင်မင်းရဲ့ အစွယ်ကိုမှ မပန်ဆင်ရရင် သေရချည် ရဲ့လို့ ပူဆာတယ်။ ဒါကို လင်သစ်ဘုရင် ငပေါက အလိုလိုက်တယ်။ ဆဒ္ဒန်ဆင်မင်း အစွယ်ကို ရဘို့ ပြည်အလုံးက မုဆိုးတွေကို ဆင့်ခေါ်တယ်။ အဲဒီမုဆိုးတွေထဲက “စာသူငယ်ကြား ဠင်းတနားသလို” ထီးထီးကြီးပေါ်နေပြီး လူမိုက်လူယုတ် လက္ခဏာအပေါင်းနဲ့ ပြည့်စုံတဲ့ မုဆိုးကြီး သောနုတ္ထိုရ်ကို တာဝန်ပေးလိုက်တယ်။ ဆုတော်လာဘ်တော်များအပြင် မြို့စားရွာစား ရာထူးတွေကိုပါ ပေးဖို့ ကတိပြုတယ်။ သောနုတ္ထိုရ်ဟာ ကာယဗလအစွမ်း၊ ဇွဲသတ္တိ အစွမ်းတွေနဲ့သာမက အကောက်ဉာဏ်မာယာနဲ့လည်း ပြည့်စုံတယ်။ ဒီလိုနဲ့ တောင်စဉ် (၇) ထပ်ကို ဖြတ်ပြီး ဆဒ္ဒန်ဆင်းမင်း နေထိုင်ရာ ဟိမဝန္တာတောကို ရောက်သွားတယ်။ ဆင်အရံငါးရာနဲ့ ဆင်ဖြူတော်ကို သတ်ဖို့က မလွယ်ဘူး။ ဒီတော့ ဆင်မင်းသွားရာ လမ်းကြောင်းရောက်အောင် လိုဏ်ခေါင်းဖောက်တယ်။ အခွင့်ကောင်းကို စောင့်တယ်။ အခွင့်ရတာနဲ့ လိုဏ်ခေါင်းထဲကနေ မြားနဲ့ပစ်တယ်။ ချက်တော်ကနေ ဖောက်ပြီး ကျောကုန်းထိရောက်အောင် မြားချက်စူးတယ်။ ချက်တော်ကို စူးတဲ့ မြားရဲ့ လားရာကို ကြည့်ပြီး ရန်သူ ဘယ်မှာရှိတယ်ဆိုတာကို ဆင်းမင်းကသိတယ်။ ခွာတချက်ခတ်တာနဲ့ လိုဏ်ခေါင်းပြိုပြီး မုဆိုးသောနုတ္ထိရ် ငုတ်တုတ်ပေါ်လာတယ်။ ရိုးရိုးတော့ မဟုတ်ဘူး။ လေးမြား တဖက်စီနဲ့ အရိယာသူတော်စင်တွေရဲ့ ဝတ်ရုံစီဝရံသင်္ကန်းကို ခြုံရက် ပေါ်လာတာဖြစ်တယ်။ ဝေဒနာကြောင့် ဒေါသဖြစ်နေတဲ့ ဆင်မင်းဟာ သူတော်ကောင်းလက္ခဏာ သင်္ကန်းကိုမြင်ပြီး ဒေါသကို ချုပ်တည်းတယ်။ အကျိုးအကြောင်းကို မေးမြန်းတယ်။ မုဆိုးယုတ်လည်း ဆင်မင်းဒေါသက လွတ်အောင် သင်္ကန်းစလေး တခါခါနဲ့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ တပ်ပေါင်းစုလုပ်ဟန်တို့ စတာတွေကို တစာစာရွတ်နေကြတဲ့ ခေါင်းဆောင်ကြီးများလိုဆင်ခြေပေးတော့တာပေါ့။ သင်္ကန်းအစွမ်းကြောင့် ဒေါသချုပ်တည်းထားတဲ့ ဆဒ္ဒန်ဆင်မင်းကို မုဆိုးယုတ် သောနုတ္ထိုရ်က “အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူက ဘုရားကျနော်၊ ကြံဖော်ကြံဖက် သုံးဦးတွင်မှ ကံကွက်ကြား၍ ငမိုက်သားမုဆိုး နင်ချည်းသာ သေပေတော့လို့ သတ်ရင်လဲ သေရပါမယ် ဘုရားလို့” ပလီပလာနဲ့ ဇာတ်ကြောင်း လှန်တော့တာပေါ့။

ဇာတ်ကို ချုံ့ရရင် ဆင်းမင်းက မုဆိုးယုတ်ကို ချမ်းသာပေးလိုက်တယ်။ သူကိုယ်တိုင်ပဲ အစွယ်ကိုလဲ ဖြတ်ပေးလိုက်တယ်။ ပြီးတော့မှ စလေဆရာ ဦးပုညစကားထဲကလို “ပြေချိန်တန်၍မှ၊ အငြှိုးမပြေတဲ့၊ မုဆိုးတပိုင်း မိန်းမရိုင်းကြီးကို၊ သီလိုကသီ၊ ပန်လိုကပန်ဖို့၊” ကိုယ်တိုင်ပဲ အစွယ်ကို ဖြတ်ပေးလိုက်ပါကြောင်းနဲ့ “မျက်နှာ ငွေလရွှင်ပပနဲ့ ခင်မ ဝမ်းမြောက်ပါစေတော့”လို့ မှာကြားလိုက်တယ်။ ဒီစကားလဲကြားရော စူဠသုဘဒ္ဒါလည်း ရင်ကွဲနာကျသေ၊ ဘုရင် ငပေါလဲ အဆွေးကြီးဆွေး ကျန်ရစ်နဲ့ နောက်ဆုံး အမြတ်ထွက်သွားတာကတော့ မုဆိုးယုတ် သောနုတ္ထိုရ် တဦးတည်းပဲဖြစ်တယ်။

အခု ပြောနေကြတဲ့ ကိစ္စဟာ ကိုဇော်ထွန်းစာပါ ဦးမောင်မောင် ဗမာပြည် သွားမသွားဆိုတာလောက်ပဲလို့ ခေါင်းဆောင်ကြီးများက ယူဆနေကြတယ်။ ရင်နာစရာ ချာတူးလန်တဲ့ ခေါင်းဆောင်မှုပဲ။ တကယ်တော့ ကိုဇော်ထွန်းစာဟာ မူလကတည်းက ဖြစ်နေတဲ့ “သို့လောသို့လော” စဉ်းစားစရာ အချက်တွေကို သိသာထင်ရှားဖြစ်စေတာ သက်သေခံ အထောက်အကူပြုမှု တခုသာ ဖြစ်ပါတယ်။ ဒီတော့ ဒီအရေးဟာ ကာယကံရှင် ပုဂ္ဂိုလ် ဗမာပြည်သွားချင်းမသွားချင်းဆိုတာထက် ပိုပြီး ကျယ်ဝန်းနက်နဲ ရှုပ်ထွေးပါတယ်။ ရန်သူ့အာဏာစက်ထဲက ရဲဘော်များရဲ့ အသက်အိုးအိမ် စည်းစိမ်အန္တရာယ်နှင့် နီးပါတယ်။ အရေးတော်ပုံတရပ်ရဲ့ အကျီုးစီးပွားက တဆင့် လူထုတရပ်လုံးရဲ့ အကျိုးစီးပွားအထိ ဆက်နွယ် ကျယ်ဝန်းပါတယ်။ ဒီသဘောကို အရင်စာ “ဘီလူးသွားကို လဖြဲတည်း”နဲ့ ဂါမဏိရဲ့ “မြေအောင်ပြွေး”ဆိုတဲ့ စာတွေမှာ ဖော်ထုတ်တင်ပြထားပါတယ်။ ဒီလို အရေးကိုတောင် ခေါင်းဆောင်ကြီများက လုပ်ချလိုက်ပုံက ပေါ့ပျက်ပျက်နိုင်လိုက်တာ။ ဗိုက်ကြီးတတ်တဲ့မိန်းမတွေသာဆို သွားလေရာ ကလေးတွေကို တောင်းနဲ့ လိုက်ကောက်နေရမယ့်ပုံ။

ဗမာပြည်မသွားဘူး ဆိုတာကိုလေကြောင်းလိုင်းက မှားတာပါဆိုတဲ့ စာကလေးတစောင်ကို အခိုင် အမာကြီးလိုသက်သေထူကြတယ်။ ဒါလည်း စက်ကမမှားဘူး၊ လူလုပ်တဲ့အမှားလို့ ဆိုပြန်တယ်။ ဒါက ဘာအဓိပ္ပါယ်လဲ။ဖောက်ပြန်တတ်တဲ့ လူကမှားပြီး မဖောက်ပြန်တတ်တဲ့စက်က မမှားဘူးဆိုတော့ ကိုဇော်ထွန်း တင်တဲ့ စွဲချက်ကို အမှန်လို့ ယူဆလို့ မရဘူးလား။ ဒါမှမဟုတ် ကိုဇော်ထွန်းတင်ပြတဲ့ လေကြောင်းလိုင်းစာဟာ အတုဖြစ်တယ်၊ ဒီအတုကို ကိုယ်ဇော်ထွန်းက လုပ်တယ်လို့ ဆိုချင်တဲ့ သဘောလား။ဒါဆိုရင် ဒီတမင်ဖန်တီး လုပ်ကြံမှုကို ကျူးလွန်တယ်လို့ ယူဆရတဲ့ ကိုဇော်ထွန်းကို ဘာ့ကြောင့် တရားမစွဲကြသလဲ။ ကာယကံရှင်အတွက်ကော လေကြောင်းလိုင်းပါ သိက္ခာကျ နာမည်ပျက်စရာ ကိစ္စဖြစ်တယ်။ အခု ထပ်တင်ပြလာတဲ့ မှားတာပါဆိုတဲ့လေကြောင်းလိုင်း စာကကော အစစ်ဟုတ်ရဲ့လား။လူလုပ်တဲ့ စာအမှား၊ စာအတုကြီးကော မဖြစ်နိုင်ဘူးလား။ ခေါင်းဆောင်ကြီးများ ခေါင်းရှိရင် ဒီမေးခွန်းတွေ ဖြေကြည့်ပါ။

“ယုံလိုက်စမ်းကွဲ့ အာကာယံ၊ ကျီးကန်းပက်လက်ပျံ” ဆိုသလို ဒီပေါ့ပျက်ပျက်ကိုစာကို ပုလင်းတူဘူးဆို့တွေကလွဲလို့ ဘယ်သူမှမယုံကြည်ကြဘူး၊ လက်မခံကြဘူး။ ဒီကြားကမှ ရှေ့ဆက်တိုးကြမယ်ဆိုရင်တော့ ဖောက်ပြန်တာဖြစ်တယ်။ တော်လှန်သမိုင်းကို ဖျက်ဆီးတာ( Shitting the History) ဖြစ်တယ်။ အဖိနှိပ်ခံ လူထုအပေါ် လှည့်ဖျားတာဖြစ်တယ်။ အာဏာရှင်ရဲ့ လက္ခဏာလည်းဖြစ်တယ်။ အာဏာရှင်တွေရဲ့ စရိုက်က အမှန်တရားကို ရင်မဆိုင်ဝံ့ဘူး၊ ကြောက်တယ်၊ သူရဲဘောကြောင်တယ်။ သူတို့ ကိုယ်ကျိုးစီးပွားကို ထိပါးမဲ့ အဖြစ်အပျက်၊ အချက်အလက်၊ အမှန်တရားတွေကို ငွေအား၊ လူအား၊ လက်နက်အားကိုးပြီး နည်းမျိုးစုံနဲ့ ခြေဖျက်ဖို့ ကြိုးစားတယ်။ ဖိနှိပ်ဖျောက်ဖျက်ကြတယ်။ အမှန်တရားကို မျက်ကွယ်ပြုတဲ့ သဘောဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကနေ အများပြည်သူ ကောင်းကျိုးအတွက် ဘာရလာဒ်ကောင်းကိုမှ မျှော်လင့်စရာမရှိပါဘူး။

တာတေလန် ဆိုးလိုက်ပုံက အခုထုတ်လိုက်တဲ့ စာကလည်း မူလစာကို ကာယကံရှင်က မကြိုက်လို့ ပြန်ရေးထားရတာဆိုပဲ။ ဖြစ်ရရှာလေ တို့ဗမာတွေရဲ့ ဘဝ။ ဒီလိုလူတွေက လွတ်မြောက်အောင် ကယ်တင်ဦးမယ် ဆိုပါလား။ တူတဲ့ အလုပ် ရည်မှန်းချက် အောင်မြင်ဘို့အတွက် အပြန်အလှန် အမှီသဟဲထား အားစုကြဘို့ မဟာမိတ်ပြုကြတာ မဟုတ်လား။ အခုတော့ မဟာ (လူ၊ ငွေ၊ အခြေအနေ) ဖြစ်တဲ့သူကိုမျက်နှာမူ မိတ်ပြုနေကြတာပါလား။ ဒါမှမဟုတ် မဟာဖြစ်တဲ့သူက ကြိုက်သလို မိတ်ပြုတာကို မဟာမိတ်ခေါ်တယ်လို့ ဆိုရမလိုပါလား။ နိုင်ငံရေး တော်သလင်းပေါ့။

ပြောနေကြတာကတော့ ဒီမိုကရေစီ တော်လှန်ရေး ဆိုတာပဲ။ ဒီမိုကရေစီဆိုတာက လူတိုင်း အဖွဲ့တိုင်းရဲ့ သဘောထား ဆန္ဒတွေ၊ အခွင့်အရေး အခွင့်အလမ်းတွေကို အာမခံထားရတယ်။ အများနဲ့ ဆိုင်တဲ့ အရေးကိစ္စတွေကို သိသာပွင့်လင်းတဲ့ လုပ်ဟန်တွေနဲ့ စီမံဆောင်ရွက်ရတယ်။တပ်ပေါင်းစု ဆိုတာတွေမှာ ဒီအခြေအနေ ရှိနေပါရဲ့လား။တော်လှန်ရေးဆိုတာက စနစ်ဟောင်း စနစ်ဆိုးကို ဖြိုဖျက်၊ အဲဒီစနစ်ဆိုးထဲက အကျင့်ပျက်၊ စရိုက်ပျက်နဲ့ ဖောက်ပြန်မှုတွေကို သုတ်သင်ရှင်းလင်းတာ ဖြစ်တယ်။ဒီနေ့ တပ်ပေါင်းစုတွေမှာ ဒီလက္ခဏာဆိုးတွေ ကင်းစင်ကြရဲ့လား။ တနည်း ပြောရရင် တော်လှန်ရေးဆန်ကြရဲ့လား။ဒါ နိုင်ငံချစ်တဲ့သူတိုင်း၊ အမျိုးချစ်တဲ့သူတိုင်း ဝေဘန်ဆန်းစစ်နေရမယ့် မေးခွန်းတွေ ဖြစ်တယ်။ တတ်စွမ်းသမျှနဲ့ ဝိုင်းဝန်း အဖြေရှာကြရမှာဖြစ်တယ်။

ကျနော့်သဘောအရတော့ ဒီအဖွဲ့တွေ၊ တပ်ပေါင်းစုတွေမှာ အထက်က မေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်ရင် ယုံကြည်စရာအချက် မတွေ့မိပါ။ မယုံကြည်နိုင်ပါ။ လူအများစုကလည်း မယုံကြည်ကြပါဘူး။ ကမ္ဘာတဝှမ်း ပြန့်ကျဲနေတဲ့ အင်အားစုတွေသာမက တပ်ပေါင်းစုဝင် အဖွဲ့အစည်းတချို့ကိုယ်တိုင်ကလည်း မယုံကြည်ကြပါဘူး။ ဒီတပ်ပေါင်းစု ဆိုတာတွေရဲ့ မူ၊ လုပ်ငန်းစဉ် ဆိုတာတွေမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ ဝေးလို့ စိတ်ဝင်တစားတောင် မရှိကြတာက အယုံအကြည်မရှိဘူးဆိုတာကို သက်သေခံနေပါတယ်။ တပ်ပေါင်းစု ခေါင်းဆောင်ဆိုသူများကလည်း ဒီအင်အားစုတွေကို စိတ်မဝင်စားပါ။ ငွေပေးတဲ့ အင်ဂျီအို စိတ်ဝင်စားရင် တော်ပြီဆိုပြီး တော်လှန်ရေးကို ဝတ္တရားကျေ လုပ်နေကြတာ ကြာခဲ့ပြီ။ ဒီလို ရှိပြီးသား အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေကိုတောင် မစုစည်းနိုင်၊ ပူးပေါင်းဆောင်ရွက်မှု ရအောင် မယူနိုင်တဲ့ တပ်ပေါင်းစုတို့၊ အဖွဲ့အစည်းတို့ ဆိုတာတွေဟာ အနှစ် (၂၀) အတွင်း ဘာရလာဒ်ကောင်းမှ မပေါ်ထွက်လာတာဟာ အဆန်းတကြယ်ကိစ္စတော့ မဟုတ်ပါဘူး။ အောင်ပွဲခံဘို့ကတော့ ဝေလာဝေးရောပေါ့။ အများအကျိုးကို ဆောင်နိုင်စရာလဲ မရှိဘူး။ ဒီလို လူအများ အကျိုးစီးပွားနဲ့ ကင်းဝေးပြီး လူတစုရဲ့ ပုဂ္ဂိုလ်ရေး အကျိုးဆောင်လို ဖြစ်နေတဲ့ ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီဆိုတဲ့ တပ်ပေါင်းစုတွေဟာ တကယ်ကော အမည်နာမနဲ့ ကိုက်ညီတဲ့ အဓိပ္ပါယ် ဆောင်နိုင်ကြသေးရဲ့လား။ သားမမွေးတဲ့ နွားမဟာ သားသတ်ရုံ ပို့လိုက်တာ အကောင်းဆုံးပဲ။

ဒီတော့ နိုင်ငံရေး ရည်မှန်းချက်တူ၊ သမိုင်းကြောင်းတူတဲ့ အင်အားစုတွေ အထူးသဖြင့် (၈၈) အရေးတော်ပုံရဲ့ နိုင်ငံရေးအမွေကို ခံယူပါတယ်လို့ ဆိုနေကြတဲ့ အင်အားစုတွေ အခု ဘာလဲ၊ ဘယ်လဲ၊ ရဲရဲ ကြည့်ပြီး ရဲရဲ ဖြေကြပါ။ လမ်းပျောက်နေရင် လူထုကြားမှာ ပြန်ရှာရမယ့် အချိန်ဖြစ်တယ်။ အခုလို လူထု အကျိုးစီးပွားနဲ့ မနီးစပ်လှတဲ့ တပ်ပေါင်းစု ဆိုတာတွေထဲမှာ၊ အင်ဂျီအို ကစားကွင်းတွေထဲမှာ လမ်းမှန်းကို ရှာမတွေ့နိုင်တော့ပါဘူး။

(၈၈) အရေးတော်ပုံ နောက်ပိုင်းကာလမှာ စစ်တပ်အာဏာသိမ်းမဲ့ အလားအလာတွေကို တွက်ဆမိတဲ့ ကျောင်းသားတွေ အာဏာသိမ်းရင် ဘာဆက်လုပ်မလဲ တိုင်ပင်ကြတယ်။ မြေအောက် သမဂ္ဂလုပ်ငန်းတွေကိုပဲ ဆက်လုပ်မယ့်အစု၊ နိုင်ငံရေး ပါတီဖွဲ့ပြီး ပေးလာတဲ့ အခြေအနေအတိုင်း ဆက်လုပ်မယ့်အစု၊ (အဲဒီအချိန်က ဆန္ဒခံယူပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်းက ဆန္ဒခံယူပွဲ လုပ်စရာ မလိုတော့ဘူး၊ ပါတီစုံ ဒီမိုကရေစီကို သွားမယ်လို့ ကြေငြာပြီး ဖြစ်တယ်။) နောက်ဆုံး လက်နက်ကိုင် လမ်းစဉ်ကို ဝင်မယ့် အစုရယ်လို့ သုံးစု ကွဲသွားခဲ့ကြတယ်။

ဒါပေမဲ့ တဦးရဲ့အမြင်ကို တဦးက အပြန်အလှန် အသိအမှတ်ပြုကြတယ်။ လေးစားတန်ဘိုးထားခဲ့ကြတယ်။ ရွေးချယ်ရာ လမ်းကြောင်း အမြင်ကွဲခဲ့ကြပေမယ့် ရန်သူ စစ်အုပ်စုအပေါ် သဘောထားနဲ့ လူထုဆန္ဒ ဖြည့်ဆည်းရေးစတဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး တဦးနဲ့တဦး မွေးခွန်းထုတ်စရာတောင် မဖြစ်ခဲ့ကြပါဘူး။ အပြန်အလှန် အပြည့်အဝ ယုံကြည်ခဲ့ကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အောက်မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ရည်မှန်းခဲ့ကြတယ်။

ခွပ်ဒေါင်းအလံတော်ကို အခြေပြုခဲ့တဲ့ အဲဒီ့အပြန်အလှန် လေးစား တန်းဘိုးထားမှုတွေ ယုံကြည်မှုတွေ၊ ရပ်တည်ချက်တွေ အခုကော ကျန်ရှိပါသေးရဲ့လား။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ရဲ့ မူလအရောင်းအသွေး အချင်းအရာတွေ ဘယ်လောက်များ ကျန်ရှိပါသေးသလဲ။

ကျောင်းသားအာဇာနည်တို့ရဲ့ သင်္ကေတ ခွပ်ဒေါင်းဆိုတာ အမှန်တရားဖက်က ရပ်တည်တယ်။ အဖိနှိပ်ခံ ပြုသူဘက်က ရပ်တည်တယ်။ မတရားမှု မှန်သမျှ ဖိနှိပ်မှု မှန်သမျှကို အချိန်မရွေး၊ နေရာမရွေး တင်းတင်းမာမာ အာခံတုန့်ပြန်တယ်။ တော်လှန်တိုက်ခိုက်တယ်။ ခေတ်အဆက်ဆက်က ထောင်သောင်းချီတဲ့ ကျောင်းသားအာဇာနည်တို့ရဲ့ အသက်သွေးချွေးတွေနဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို ထုဆစ်ခဲ့ကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ဟာ တောတောင်တွေထဲ၊ အကျဉ်းထောင်တွေထဲ၊ ကြိုးတိုက်တွေထဲ၊ ကျွန်းတွေပေါ်မှာတောင် မယိမ်းမယိုင် တလူလူလွှင့်ထူနိုင်ခဲ့တယ်။ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီးတို့ (၈၈) တွေကစလို့ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ကျော်ကိုကိုစတဲ့ (၂၀၀၇) ကျောင်းသားတွေဟာ အခုထိ စစ်အုပ်စုရဲ့ ငရဲခန်း အကျဉ်းထောင်တွေထဲ ရောက်သည့်တိုင်အောင် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို မားမား စိုက်ထူနေကြတယ်။ သူတို့ကိုယ်တိုင်က ခွပ်ဒေါင်းအလံတော်တွေပဲ။ မြေအောက်သမဂ္ဂလုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့တဲ့ (၈၈) အစုဟာ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နေကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို စွန့်လွှတ်စွန့်စားမှုများနဲ့ ထိုက်ထိုက်တန်တန် ပူဇော်ကိုင်စွဲ ထားနိုင်ကြတယ်။

ကျုပ်တို့ ကျန်တဲ့အစုနှစ်ခုကတော့ ရဲရဲဖြေနိုင်စရာ မရှိပါ။ တစုံတရာ လွတ်လပ်တဲ့ နေရာမှာ တွင်ကျယ်လှတဲ့ ဆေးဆိုးပန်းရိုက် လုပ်ငန်းအားကိုးနဲ့ ဆေးဆိုးပန်းရိုက်ခွပ်ဒေါင်းတွေကို ဖောဖောသီသီကြီး ရိုက်ထုတ်နေကြတယ်။ ခွပ်ချင်မှတော့ ခွပ်မယ်။ နေရာတကာမှာ ဒေါင်းရှိတယ်။ မူလသတ္တိအရ တင်းတင်းမာမာ တိုက်ခိုက်လေ့ရှိတဲ့ မတရားမှုတွေ၊ ဖောက်ပြန်မှုတွေကို သီးခံနိုင်လာတယ်။ လက်ခံ လက်တွဲနိုင်တဲ့အထိ ပျော့ပြောင်းလာတယ်။ အတောင်တဖြန်းဖြန်းရိုက်ပြီး အိုးဝေးတွန်သံနဲ့ ထိုးဆိတ်ခွပ်ပုတ်ရမယ့်အစား အခြေအနေအချိန်အခါ လက်တွေ့ဆိုတာတွေပြောပြီး မတရားမှု ဖောက်ပြန်မှုတွေကို ကိုယ်တိုင် ကျင့်ကြံလာကြတယ်။ တချို့ ဒေါင်းမောင်မယ်တွေက ရွှေတွဲလဲ၊ ငွေတွဲလဲ ကားထည်လဲနဲ့ အင်ဂျီအို ခြေမန်းကွင်းမှာ ပျော်မွေ့နေကြတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတယ်ဆိုတာ နဲနဲတော့ ဖော့ထောင်းမှ။ မတော် အထောင်းလွန်ပြီး ပေါင်ပုပ်ရင် ဖြတ်ထုတ်ပစ်ရမယ်။ ပြောရရင် မကုန်နိုင်မယ့်အတူ ဒီအကြောင်းတွေ တော်ပါပြီ။

အဖော်ကောင်းလို့ ငရဲပြည်လိုက်တယ်ဆိုတာ အရပ်စကားနဲ့ ကာလသား အလုပ်လောက်ပဲ ကောင်းတယ်။ တော်လှန်တဲ့အလုပ်နဲ့ တပ်ဦးအလံ ခွပ်ဒေါင်းကို ဆက်လက်စွဲကိုင်တယ်ဆိုတာ ဆေးဆိုးပန်းရိုက်နဲ့ မတင့်တယ်ဘူး။ မူလအရောင်အသွေး အရည်းအချင်းတွေနဲ့ ပြည့်စုံမှ ကောင်းတယ်။ ရှေ့မျိုးဆက် ကျောင်းသား သူရဲကောင်းတွေရဲ့ ဝိဉာဉ်ကို လေးစားဖို့လိုတယ်။ မူလအရောင်အသွေးကိုမထိန်းနိုင်ရင် ခေါက်သိမ်းထားတာအကောင်းဆုံးပဲ။ ဇွတ် ဆက်နှစ်ကြမယ် ဆိုရင်တော့ မယားနားကပ်ပန်ဘို့ ဆင်ဖြူတော်ကိုသတ်ပြီး အစွယ်ဖြတ်တဲ့ သင်္ကန်းအရေခြုံ သောနုတ္ထိုရ်ဘဝ ရောက်ကုန်ကြမယ်။ 
မကောင်းမှု၊ ဖောက်ပြန်မှုတွေကို ပြုလုပ်ဖို့ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟိရီသြတပ္ပတရား တွေက လူ့ယဉ်ကျေး လောကကြီးအဖြစ် ထိန်းမတ်ပေးတယ်။အစစ်အမှန် စေတနာများနဲ့ မိတ်ဆွေ အပေါင်းကို မေတ္တာစကား ပြောချင်တာကတော့ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီးစတဲ့ (၈၈) တွေကို ရှက်ပါ။ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ကျော်ကိုကိုတို့ကို ရှက်ပါ။ထောင်ပေါင်းများစွာသော အကျဉ်းကျ  ရဲဘော်တွေကို ရှက်ပါ။အာဇာနည် ကိုသက်ဝင်းအောင်တို့ကို ရှက်ပါ။ကိုဖုန်းမော်တို့ကို ရှက်ပါ။ မဝင်းမော်ဦးတို့ကို ရှက်ပါ။ကျဆုံး အာဇာနည် အထောင်အသောင်းကို ရှက်ပါ။

ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com)
ထက်ဆင့်တင်ပြလိုက်ပါသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊