Wednesday 16 February 2011

အစိုးရသစ်ပေါ်ပေါက်ရေးအပြင် နေပြည်တော်စည်ကားရေး ရည်ရွယ်ချက်နှင့်လုပ်ဆောင်


နအဖ စစ်အစိုးရက ၂၀၁၁ အတွင်း စစ်အစိုးရသည် အစိုးရသစ် ပေါ်ပေါက်ရေးသာမက ၎င်းတို့၏မြို့တော် နေပြည်တော်  စည်ကားရေးကိုပါ ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေသည်။

နေပြည်တော် စည်ကားရေး ကဏ္ဍတခု အဖြစ် ပြည်ထောင်စုနေ့က နေပြည်တော် ဆာဖာရီဥယျာဉ်ကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင်လည်း ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ထည့်သွင်း ဖော်ပြခဲ့သည်။“နေပြည်တော်က အရေးကြီးတဲ့ နေရာတခု ဖြစ်သလို နိုင်ငံခြားသားတွေလာရင် လိုချင်တာ၊ ကြည့်ချင်တာ မှန်သမျှ နေပြည်တော်မှာ အစုံအလင်ရှိပြီး ပြီးပြည့်စုံတဲ့နေရာတခုလို မြင်အောင် ဖန်တီးထားတာပေါ့။ အဲဒီထဲက တခုက အခု ဖွင့်လိုက် တဲ့ ဆာဖာရီလည်း ပါတယ်။ နိုင်ငံခြားသားတွေ အမြင်မှာ မြန်မာပြည်ဆိုရင် နေပြည်တော်ကိုပဲ မျက်စိထဲ တန်းမြင်ပြီး ရန်ကုန်ဆိုတာ ပျောက်ကွယ် သွားအောင် လုပ်တဲ့သဘောပဲ။ နောက် တချက်က ပြတိုက်တွေ  ကြည့်ချင်ရင် နေပြည်တော်ကို ရောက်အောင် သွားရတော့မယ်။ ဒီရည်ရွယ် ချက်လည်း ပါတယ်” ဟု နေပြည်တော် သစ်တော ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။

ဆာဖာရီ ဥယျာဉ်အတွင်း ပြသမည့် ရှားပါးတိရစ္ဆာန်များကို ၀ယ်ယူခဲ့ရသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၃ သန်း (ကျပ် သန်း ၂၇၀၀) ခန့် ရှိသည်ဟု သူက ဆိုသည်။

“တောင်အာဖရိကက ကျားဖြူနဲ့ ခြင်္သေ့ဖြူတွေ ကျတော့ တိုက်ရိုက် စင်းလုံးငှား လေယာဉ်နဲ့ သယ်ရတာ။  သြစတြေးလျက အကောင်တွေ သယ်တုန်းကလည်း ဒီလိုပဲ။ ခက်ခက်ခဲခဲနဲ့ကို သယ်ရသလို အကုန်အကျလည်း တော်တော်များတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ နေပြည်တော် ဆာဖာရီဥယျာဉ် ဖွင့်ပွဲကို  နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် ယခင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဖွင့်လှစ် ပေးခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အနေဖြင့် နိုင်ငံတော်၏ မြို့တော်ဖြစ်သော နေပြည်တော်ကို ၂၀၀၆ ခုနှစ်မှ စတင်ပြီး သန့်ရှင်းသာယာလှပသည့် အဆင့်မီ မြို့တော်တခု၏ ဂုဏ်အင်္ဂါနှင့်အညီ အရှိန်အဟုန်ဖြင့် တည်ဆောက် ခဲ့ရာတွင် ဥပ္ပာတသန္တိစေတီတော်ကြီးနှင့် နိုင်ငံတော် အဆင့်မီ တည်ဆောက်ထားသည့် ကျောက်မျက်ရတနာပြတိုက်၊ အမျိုး သား အထိမ်းအမှတ် ဥယျာဉ်၊ ရေပန်း ဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်) တို့ ကို တည်ဆောက်ခဲ့သည်ဟု အခမ်းအနားတွင် ဦးတင်အေးက ထည့်သွင်းပြောကြားသည်။

ထို့အပြင် ကမ္ဘာ့အဆင့်မီ အားကစားကွင်း၊ အမျိုးသား စာကြည့်တိုက်၊ စစ်သမိုင်း ပြတိုက်၊ ယဉ်ကျေးမှု ပြတိုက်၊ ကျောက် မျက် ပြခန်းတို့ကိုလည်း ထပ်မံ ဖွင့်လှစ်သွားမည် ဟု သူက ဆိုသည်။

ထို့အပြင် အဆိုပါ အခမ်းအနား ဖွင့်လှစ်ရာတွင် ဂုဏ်ပြုသီချင်းသီဆို ပေးနိုင်ရန် အနုပညာရှင်များအား ဖိအားပေး စေခိုင်းခဲ့သကဲ့သို့၊ ဖွင့်ပွဲနေ့ အခမ်းအနား အစီအစဉ်တွင် စည်ကားစေရန် ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း မတက်မနေရ တက်ရောက်ရန် အာဏာပိုင်များက မှာကြားခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန စာရင်းစစ်ချုပ် ရုံးမှ အရာရှိတဦးက ဆိုသည်။

၂၉၁. ၅၂ ဧက ကျယ်ဝန်းသည့် ဆာဖာရီ ဥယျာဉ် ကို ၀န်ကြီး ဦေးအာင်သောင်း၏သား ဦးနေအောင်၏ MIT ကုမ္ပဏီက အဓိ က တာဝန်ယူ တည်ဆောက်ခွင့် ရခဲ့သည်။

ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး ဦးအောင်သောင်း၏ သားငယ် ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊