Wednesday 16 February 2011

ပြုံးတော်မူ ......  လုကိုချစ်မလား? ထုကိုချစ်မလား? ပုကိုချစ်မလား …. မချောပြည်သူ-

(အချစ်ဇာတ်လမ်း ရိုးရိုးလေး တပုဒ်)





အခန်း(၁)

ချောပြည်သူ

ဒီမြို့မှာ ချောပြည်သူက အလှဆုံး။ ချမ်းသာတယ်။ပညာတတ်တယ်။ချစ်သူဝိုင်းတာမဆန်း။
မချောပြည်သူကို ထူးထူးခြားခြားကို ချစ်နေတဲ့ လူသုံးယောက်ကတော့ မောင်အာကာလု၊ မောင်ဗလာထု နဲ့ မောင်မာပု ဆိုတဲ့ ညီအကို သုံးယောက်။အရင်က သိပ်ချစ်ကြတဲ့ ညီအကိုတွေ။
မိန်းမတယောက်အချစ်အတွက်နဲ့ စိတ်ဝမ်းကွဲကုန်ရော။

ကွဲလည်းကွဲစရာလေ။ ချောပြည်သူက လုံးကြီးပေါက်လှ။ ဖြူဖြူဖွေးဖွေး ရေဆေးငါး။
ခြေတလှမ်း ဒေါ်လာသန်းပေါင်းများစွာ တန်တယ်။
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်။

ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲ လင်းတယ်။ ခံတွင်းရနံ့ကလည်း ကြာညိုနံ့သင်း။
တင်စားစရာ စကားလုံးမရှိ။ အလှကျက်သရေ အပေါင်းနဲ့ပြည့်စုံသူ။ မြင်သူတိုင်း သွားရည်ယို။

ဘာဘူ၊မာမွတ်၊ ခေါ်တော၊ ပေါက်ဖေါ်၊ အရှောင်၊ ၀က်ကြီး ဒီကာလသားတွေက အချောင် နှိုက်ချင်ကြတယ်။
ဒီကောင်ရုပ်တွေက ချောပြည်သူနဲ့ လုံးလုံးမတန်။ လု၊ထု၊ပု ညီအကို သုံးယောက်ကတော့ ဒီကောင်တွေကို ကြည့်လို့မရ။

ချောပြည်သူ အပျိုဖော်ဝင်စတုန်းကဆိုရင် ချာလီ နဲ့ တိုယိုတာ ဆိုတဲ့ ငနဲသားတွေက အချစ်ကို အကြမ်းဖက် ယူခဲ့ကြသေးတယ်။
အပျိုရည်မပျက်လို့သာ တော်သေး။
ချောပြည်သူကလည်း စိတ်ကစားတဲ့ အရွယ်ကိုး။
ချောပြည်သူရဲ့ဖခင် ဦးတိုင်းကျော်က လုံးဝသဘောမတူ။

လု အကိုကြီးက ဦးဆောင်ပြီး မြို့လူထုနဲ့ပေါင်းကာ ချာလီနဲ့ တိုယိုတာတို့ကို မောင်းထုတ်နိုင်ခဲ့တယ်။
ဒါတောင်တခါတလေ ခိုးကြောင်ခိုးဝှက်လာပြီး ချောပြည်သူကို မျက်စလာလာပစ်ပြနေတတ်တယ်။
လုညီအကို တွေကို ကြောက်လို့ ပြေးရတာ အခါခါ။

အခန်း(၂)

မောင်အာကာလု

ချောပြည်သူကို သိပ်ချစ်ပါတယ် ဆိုခဲ့တဲ့သူ။
ချောပြည်သူဘ၀ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့သူ ဆိုပြီး အမြဲကြွေးကျော်နေသူ။
ချာလီနဲ့ တိုယိုတာ တို့ကို ဦးဆောင်နှင်ထုတ် ခဲ့သူ။ မချောပြည်သူ အတွက် သူရဲကောင်းပေါ့။

ဒါပေမယ့်လေ မချောပြည်သူ သူ့ကို သိပ်မချစ်။
ဘာဖြစ်လို့လဲ။ချောပြည်သူ့ရုပ်ကိုပဲ ပိုင်ချင်ပြီး အသည်းနှလုံးကို သူမလိုချင်။
ချောပြည်သူ့အလှ၊ချောပြည်သူ့ဘ၀ကိုပြပြီး လူတကာကို ကြွားချင်တယ်။
ချောပြည်သူ နေမကောင်းဖြစ်ရင်လည်း ဂရုမစိုက်။ ချောပြည်သူ့ရဲ့ကဗျာ လေးတွေကို နားမထောင်။
ချောပြည်သူ တေးဆိုရင် နားခါးတယ် ဆိုပြီး လှည့်ထွက်သွားသူ မောင်လု။
ချောပြည်သူ လမင်းကြီးကို ကြည့်ပြီး စိတ်ကူးယဉ်ချင်တယ်ဆိုရင် အရူးမဆိုပြီး ပြောသေးတယ်။
သူက ချောပြည်သူရဲ့ ဓနကို ပိုစိတ်ဝင်စားတာပါ။

အခုလည်းကြည့်လေ။
ချောပြည်သူကို ကာကွယ်ပေးမယ်ဆိုပြီး လူဆိုးတွေနဲ့ တိုင်ပင်ပြီး ချောပြည်သူ့ အိမ်ပတ်ပတ်လည်ကို အုတ်တံတိုင်းတွေခတ် အစောင့်အကြပ်တွေချ။
ဦးတိုင်းကျော်တောင် တားလို့မရ။ သူ့ညီလေးတွေနဲ့ မြို့လူထုက ပြောလည်းမရ။

ဘယ်တားလို့ရမလဲ။
“ကျုပ် ချောကို ချစ်လို့ဗျ။ ချောကို ဘယ်သူမှ မထိကြနဲ့။ ဟိုကောင်တွေရန်ကလည်းမသေးဘူး မဟုတ်လား။
ချောကို ဒုက္ခပေးမယ့် လူတိုင်း ကျုပ်ရန်သူ။ ချောဘ၀တိုးတက်အောင် ကျုပ်အများကြီး လုပ်ပေးနိုင်တယ်။
မောင်ထု၊မောင်ပု တို့လည်း သူ့အချစ်ကို လိုချင်ရင် ကျုပ်နဲ့ပြိုင်ကြပေါ့။ ချောကတော့ ကျုပ်ကိုပဲရွေးထားပြီနော်။
အကြမ်းဖက်လာလုရင်တော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမယ်နော်။”
ဓါးကြိမ်း၊ တုတ်ကြိမ်းကြိမ်း။

ချောပြည်သူဘ၀ မလွတ်လပ်။ ချစ်ချင်တဲ့လူ ချစ်လို့မရ။ သူ့ကိုပဲ ချစ်ရမယ်ဆိုပဲ။
မောင်ထု၊မောင်ပု တို့ချောပြည်သူ အနားကပ်လာရင် သိပ်မကြိုက်။
ငါက အကိုအကြီးဆုံးကွ။
ချောပြည်သူက ငါနဲ့အသင့်တော်ဆုံး။
ချောပြည်သူကလည်း ကြောက်လို့ မချစ်သော်လည်း အောင့်ကာနမ်း ။
သြော် အချစ်ဇာတ်ကြမ်းလေးပေါ့။

အခန်း(၃)

မောင်ဗလာထု

မောင်လုကို အကိုကြီးမို့လို့သာ သည်းခံနေတာ။
တခါတခါ အကိုကြီးရဲ့တပည့်တွေနဲ့ ခိုက်ရန်ဖြစ်ပွားတတ်သူ။

ချောပြည်သူရဲ့ဘ၀ကို လွတ်လပ်စေချင်လို့ ဆိုပြီး အချစ်အတွက် အသက်ပင်သေသေဆိုပြီး တိုက်ပွဲဝင်နေသူတဦး။
မောင်လုက ပိုက်ဆံတွေပုံပေး လိုက်တော့ ငြိမ်သွားပြန်ရော။သူကတမျိုး။

တခါတခါ အလစ်ဆော်လိုက်ရင် မောင်လု ခံနေရတယ်။
ဒါပေမယ့် အကိုကြီးကိုတော့ ဘယ်ယှဉ်လို့ရမလဲ။ မောင်ပုနဲ့ မြို့လူထုမှာ စိတ်မသက်သာ။
တခါက မောင်လုကို လေးဂွနဲ့ ခြောင်းပြီးပစ်တော့ ယောက္ခမလောင်းကြီး ဦးတိုင်းကျော်ကို သွားထိပြီး နဖူးကွဲသွားတယ်။
ချောပြည်သူ့အချစ်ကိုရဖို့ သူ့အဖေခေါင်းကို လောက်စာလုံးနဲ့ဆော်သလို ဖြစ်နေရော။ ချောပြည်သူမှာ စိတ်ညစ်သွားတယ်။
ခက်ပြီ .. ဒီလူ ရုပ်လေးသနားကမားနဲ့ အရင်က ချောပြည်သူ ရင်ခုံခဲ့သေးတယ်။
အခုတော့ ရင်တုန်နေရပြီပေါ့။

မောင်ထု ရန်ဖြစ်ပြီးတဲ့ အချိန်တိုင်း “ချောပြည်သူကို ကိုယ်အချစ်ဆုံး၊ လှေနံသုံးဖက်တော့ မနင်းနဲ့နော်၊ နင်းခြင်းနင်း ကိုယ့်ဖက်ကိုသာ နင်းလိုက်စမ်းပါ ချောပြည်သူ၊ ချောအတွက် အသက်သေ တဲ့အထိ အကိုကြီး လုကို ဆက်တိုက်ခိုက်သွားမယ်။”
သြော် ပြေးရတာလည်း ခဏခဏ။
အကိုကြီးလုက သံလက်သီးစွပ်ပြီး လိုက်လိုက်ထိုးတာနော်။

ချောပြည်သူလည်းရင်မော။ မြို့လူထုလည်း စိတ်မော။
ဦးတိုင်းကျော်ကတော့ သူ့ခေါင်းက ဒဏ်ရာဟောင်းလေးကို ပွတ်ရင်း “ဒီကောင်ငါ့သမက်ဖြစ်လာလို့ကတော့ သူ့ခေါင်းကို ငါ့တုတ်ကောက်ကြီးနဲ့ အားရပါးရကို ရိုက်ခွဲပစ်ဦးမှာ။” လို့ ကြိမ်းနေလေရဲ့။




အခန်း(၄)

မောင်မာပု

အငယ်ဆုံးညီလေး မောင်ပု ။
အကိုကြီးတွေရဲ့ အထုကို ခဏခဏခံရသူ။

မောင်ပုက သူတို့လိုမကြမ်း။ ချောပြည်သူ့ ဘ၀ကို စာနာတယ်။
သူ့အလှကို မြတ်နိုးတယ်။
သူ့ရဲ့လွတ်လပ်ခွင့်ကို လေးစားတယ်။ ချောပြည်သူ ချစ်တဲ့လူကို ရွေးပါစေဆိုပြီး သဘောထားကြီးတယ်။
အကိုကြီးတွေတိုက်ကြခိုက်ကြတာကို စိတ်မကောင်းဖြစ်နေတယ်။
ညီအကိုချင်း ပြန်လည်သင့်မြတ်တာကို လိုလားတယ်။ စိတ်ရှည်တယ်။ လုပ်သင့်တဲ့ဟာလုပ်နေတယ်။
ချောပြည်သူ စာရေးဖို့၊ ပန်းချီဆွဲဖို့၊ တေးဆိုဖို့ ရသလောက် ဖန်တီးပေးတယ်။
ရှုခင်းလှလှလေးတွေ လိုက်ပြတယ်။ သီချင်းကောင်းလေးတွေရှာပေးတယ်။

ချောပြည်သူ့ စကားပြောတာတွေကို နားထောင်ပေးတယ်။
လမင်းကြီးကို အတူတူကြည့်ပြီးစိတ်ကူးယဉ်ဖူးတယ်။
အကိုကြီးခွင့်ပြုသလောက်ပေါ့။ စိတ်မကြည်ရင် မောင်ပုမှာ အခန်းထဲ ပိတ်လှောင်ထားတာခံရသေးတယ်။
မင်းက အချစ်အကြောင်း ဘယ်လောက်နားလည်သလဲဆိုပြီး အဆူခံထိလေ့ရှိတယ်။
ချစ်ရေးချစ်ရာ မင်းနဲ့မဆိုင်ဆိုပြီးဘေးဖယ်ခံထားရတယ်။
ဒါပေမယ့် ချောပြည်သူကို ချစ်တဲ့အတွက် အရာရာကို သည်းခံခဲ့ပါတယ်။

အခန်း (၅)

ချောပြည်သူ နေမကောင်းဖြစ်ခြင်း တနေ့ချောပြည်သူ အကြီးအကျယ် နေမကောင်းဖြစ်ရော……
မောင်ပု ဆရာဝန်ကို ပြေးခေါ်ပေးတယ်။ မောင်လုက ခွင့်မပြု။
ဆေးပညာနည်းနည်းတတ်တော့ ဆရာဝန်တွေကိုသိပ်အားမကိုး။
သူကိုယ်တိုင် ကုမယ်ဆိုတယ်။
မောင်ပုကိုနှင်ထုတ်လိုက်တယ်။

မတောက်တခေါက်ဆိုတော့ ချောပြည်သူ ပါးတခြမ်းရွဲ့သွားတယ်။
ဆရာဝန်တွေလည်း လေဖြန်းလေဖြတ်တာတွေ မနိုင်ပါဘူး လို့အရှက်ပြေပြောတယ်။
မပြည်သူရဲ့ကျန်းမာရေး အစစအရာရာ တိုးတက်နေကြောင်း မြို့လူထုကို အသိပေးတယ်။
မောင်ထုကတော့ မောင်လုကို မကျေနပ်ဖြစ်ပြီး ညညဆိုရင် မောင်လုအိမ်ကို ခဲနဲ့လာလာထုနေရော။

ချောပြည်သူမှာ တေးလည်းမဆိုနိုင်၊ ပန်းချီလည်းမရေးနိုင်၊ ကဗျာလည်းမသီနိုင်တော့။
အလှလည်းပျက်။ စိတ်ဓာတ်ကျပြီး အခန်းအောင်းနေတော့တယ်။

အခန်း(၆)

အချစ်ဇာတ်လမ်းရဲ့နောက်ဆက်တွဲများ

မောင်ပုမှာ ၀မ်းနည်းပက်လက်။ ချောပြည်သူကို ဘယ်လိုကူညီရင် ကောင်းမလဲဆိုပြီး သူလုပ်နိုင်တဲ့ အလုပ်လေးတွေ လုပ်နေရော။
မောင်လုနဲ့မောင်ထုတို့ တယောက်ကို တယောက် အပြစ်ဖို့ ရန်ဖြစ်နေကြဆဲ။
ဆော်ကြနှက်ကြ။

မောင်ထုက ချောပြည်သူအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်နေဆဲ။
မောင်လုကတော့--
“ခင်ဗျားတို့ ဘာမှမတတ်ပါဘူး။ ချောပြည်သူ နေကောင်းလာအောင် ကျုပ်ပဲတတ်နိုင်တယ်။
ကျုပ်ပဲကယ်နိုင်တယ်။ အကြိမ်ကြိမ်လည်း ကယ်ဖူးတယ်လေ။
ကျုပ်သာ ချောပြည်သူကို ယူထိုက်တဲ့လူပါ။
မောင်ထုကလူကြမ်း၊ မောင်ပုက စိတ်နုတယ်။

ဒီကောင်တွေမှာ ချောပြည်သူ ဘ၀တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်းမရှိပါဘူး။”
သြော် … ချောပြည်သူ ဘ၀ဆိုးလေစွ။

မောင်ပုကိုတော့ ဆရာကြီး လုပ်လွန်းတယ်ဆိုပြီး ချောပြည်သူဆီလာခွင့် မပြုတော့။




အခန်း(၇)

မချောပြည်သူမှ ---

အာကာလုကို ရွေးမလား၊?
ဗလာထုကို ချစ်နိုင်မှာလား၊?
မာပုကို ပဲမျှော်နေရမလား ? ဆိုတာကို စာဖတ်သူများ ဆုံးဖြတ်ပေးကြပါရန်။

( ပြည်တွင်းဖြစ် အချစ်ဇာတ်လမ်း တခုကိုဖတ်မိပြီး ကသိကအောင့် ဖြစ်လာသဖြင့် သရော်စာဆန်ဆန် ၀တ္ထုတပုဒ်ကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။)

ရေးသူ- ယာမားရှီး

တစ်-ခါ ဖတ်ပြီး နှစ်ခါပြုံး။
နှစ်ခါပြုံးလျှင် -ဆယ်ခါ ကြက်သရေတိုးလို့ ဒီမိုကရေစီ အကျိုးတရားများ အမြန်ခံစား ရရှိကြပါစေ။
-- ယာမားရှီး- 16-Feb 2011

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊