Tuesday 22 February 2011

ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း

zaw gyi one
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။
(RFA)
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
အဲဒီ ဇိုမီးချင်း လူငယ် ၄-ဦးကတော့ နှုံရှံသွမ် ၊ ကျင်ရှံသွမ်း ၊ ထန်လျှံဆွမ်နဲ့ ဆွမ်မန်းတို့ ဖြစ်ကြပြီး သူတို့ဟာ ဒီလ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့တဲ့ တီးတိန်မြို့ ကမ်ဟောင်း အားကစားကွင်းအတွင်းမှာ ‘ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုပါ၏’ ဆိုတဲ့ ပိုစတာတွေ ၊ စာတမ်းတွေ ကပ်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။
သူတို့ကို ဖမ်းဆီးလိုက်တဲ့အတွက် အဲဒီ ချင်းအမျိုးသားနေ့ ပွဲပျက်သွားခဲ့ပြီး ဒါကို မကျေနပ်တဲ့ ဇိုမီးချင်းလူငယ် ၂၀၀-ကျော် ၃၀၀ လောက်က ရဲစခန်းကို ဝိုင်းဆန္ဒပြမှ ပြန်လွှတ်ပေးတယ်လို့ တီးတိန်မြို့ခံတဦးက RFA ကို ပြောပါတယ်။
အဲဒီလူငယ်တွေကို ရဲတွေက ပြန်လွှတ်ပေးလိုက်ပေမဲ့ သူတို့နဲ့အတူ သိမ်းဆည်းသွားတဲ့ အသံချဲ့စက်ကိုတော့ အခုအထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က တီးတိန်မြို့တင်သာမက တွန်းဇံကလေးမြို့နယ်နဲ့ အိန္ဒိယနယ်စပ်က ကျီခါးမြို့နယ်ခွဲအထိ ‘ဒုတိယ ပင်လုံညီလာခံကို ထောက်ခံပါ၏’ ဆိုတဲ့ ပိုစတာ တွေကို ကပ်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊