Saturday 26 February 2011

ကိုယ်ရေးအကျဉ်း မပြည့်စုံသဖြင့် ကန့်ကွက်ရန် ခက်ခဲ

zaw gyi one
 သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအကျဉ်း မပြည့်စုံသဖြင့် ကန့်ကွက်ရန် ခက်ခဲကြောင်း အမတ်များက ပြောသည်။ကန့်ကွက်ရန် လေ့လာချိန်နှင့် တိုင်ပင်ချိန်များလည်း တိုတောင်းကြောင်းနှင့် တင်သွင်းခံရသူများ၏ အရည်အချင်းကို သတ်မှတ်ထားရာတွင်လည်း ကန့်ကွက်ရန် အဟန့်အတားများ ဖြစ်နေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။“ဒီနေ့ ဦးလွန်းမောင်ကလည်း အချက် ၁ဝ ချက်ပဲ ပါတယ်။ ၁- အမည်၊ ၂- မွေးသက္ကရာဇ်၊ ၃- ပညာအရည်အချင်း၊ ၄-လူမျိုးဘာသာ၊ ၅- မွေးဖွားရာဇာတိ၊ ၆- အဖ၊ ၇- အမိ၊ ၈- ဇနီး၊ ၉- ဇနီးအဖအမည်၊ ၁ဝ- ဇနီးအမိအမည်၊ သားသမီးတောင် မပါဘူး။ ဘာကိုကြည့်ပြီး ကန့်ကွက်ရမှာလဲ” ဟု နေပြည်တော်မှ အမတ်တဦးက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက က ကန့်ကွက်လိုသူ၏
senate2 လွှတ်တော်သို့ တင်သွင်းသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအကျဉ်း မပြည့်စုံသဖြင့် ကန့်ကွက်ရန် ခက်ခဲကြောင်း အမတ်များက ပြော (photo :: MRTV)
အမည်စာရင်းကို “ညနေ” အထိ သွားပေး၍ ရသည်ဟုသာဆိုပြီး အချိန်အတိအကျ မပြောထားသဖြင့် ရုံးအချိန်အတွင်းဟုသာ အမတ်များက နားလည်ထားသည်ဟု အမတ်တဦးက ဆိုသည်။“ညနေ ၄ နာရီလောက်အထိပဲဆိုတော့ အချိန်မလောက်ဘူး ဖြစ်နေတယ်။ သူတို့ပေးတဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းဆိုတာကလည်း အပြည့်အစုံ မဟုတ်ဘူး။ ဘယ်လိုလေ့လာမလဲ။ အကုန်လုံးကို ထောက်ခံပေးရမှာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

အခြားအမတ်တဦးကမူ “ကိုယ်ရေးအကျဉ်းထဲမှာ ဘာမှ မရှိတာဘဲကိုး။ အချက်အလက် ကိုယ့်ဆီမှာ တော်တော်လေးကို ပြည့်စုံမှ ဖြစ်မှာပေါ့။ မပြည့်စုံဘဲနဲ့တော့ ဘယ်သူမှလည်း ရမ်းမတင်ရဲဘူးလေ” ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တနင်္လာနေ့အထိ ရန်ကုန်တိုင်းမှ အမျိုးသားဒီမိုကရေစီအင်အားစု NDF အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြဥာဏစိုး တဦးသာ ယခုလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနနှင့် ဝန်ကြီးအရေအတွက်ကို ကန့်ကွက်ခဲ့ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအသစ်တခု ဖွဲ့စည်းရန် အဆိုပြုခဲ့ဖူးသည်။ သို့သော် မအောင်မြင်ဘဲ ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးပူးဟုန်ငိုင်းက ဝန်ကြီးအဖြစ် တင်သွင်းသည့် သတ်မှတ်အသက် မပြည့်သည့် ဦးပူးကွီးထန်းကို ချင်းတိုးတက်ရေးပါတီ CNP နှင့် ချင်းအမျိုးသားပါတီ CNP မှ ကိုယ်စားလှယ်များက လက်မှတ်ထိုး ကန့်ကွက်ခဲ့မှုမှာမူ အောင်မြင်ခဲ့သည်။

အချိန်မလုံလောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရောက် အခြားအမတ်တဦးကလည်း “လွှတ်တော်ပြီးတာနဲ့ ကိုယ်ရေးအကျဉ်းကို ချက်ချင်းသွားထုတ်ရင် သူတို့ မပြီးသေးဘူး စောင့်နေရတယ်။ ထမင်းစားပြီးလောက်မှ သွားရင်ရမယ်ပေါ့။ ထမင်းစားပြီးတော့ ကိုယ်ကန့်ကွက်မယ့် လူရဲ့ ကိုယ်ရေးအကျဉ်းကို သွားတောင်းရတယ်” ဟု မဇ္ဈိမကို ပြောသည်။“ထုတ်ပြီးရင် လမ်းကြောင်းကားတွေနဲ့ အတူတူပြန်ခဲ့ရတယ်။ လူမစုံရင် စောင့်ရတယ်။ တည်းခိုဆောင် ရောက်ပြီဆိုရင် တိုင်ပင်ကြတယ်။ အဲဒီတော့ ၃ နာရီကျော်ပြီ။ ဟိုအစီရင်ခံ၊ ဒီအစီရင်ခံနဲ့၊ တိုင်းရင်းသားတွေဆီလည်း တဖွဲ့ချင်း သွားတိုင်ပင်ရတယ်” ဟု သူက ဆက်ပြောသည်။ဇန်နဝါရီလကုန်မှစ၍ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အစည်းအဝေးများကို နားလိုက် ပြန်စလိုက်ဖြင့် ခေါ်ယူလာခဲ့ပြီး ၂၂ ရက် ကြာမြင့်ပြီဖြစ်သော်လည်း တနေ့လျှင် အများဆုံး ၁၅ မိနစ်သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် သမ္မတနှင့် ဒုသမ္မတများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ကို အတည်ပြုပြီးသော်လည်း ပြန်ထောင်စု ဝန်ကြီးများအတွက်မူ အမည်များသာ သိရသေးပြီး ဝန်ကြီးဌာန လက်ကိုင်များကို မသတ်မှတ်နိုင်သေးပေ။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကို ဖွဲ့စည်းရန် ကျန်နေသေးသည်။ လွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဒုဝန်ကြီးများ၊ ဒုရှေ့နေချုပ်၊ ဒုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ၊ သမ္မတ၏ အကြံပေးအဖွဲ့နှင့် ပြောဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့တို့လည်း လိုသေးသည်။တိုင်း/ ပြည်နယ် လွှတ်တော်များတွင်လည်း ခန့်အပ်တာဝန်ပေးနေသည့် လုပ်ငန်းများ မပြီးပြတ်သေးသဖြင့် အစိုးရအသစ်တရပ် ကျမ်းကျိန်ရန်ပင်မဆိုနှင့် ရုပ်လုံးပင် မပေါ်သေးကြောင်း လေ့လာသူများနှင့် အမတ်များက ဝေဖန်ကြသည်။

လွှတ်တော်အမတ်တဦးကမူ “မြန်မာပြည်က ဘတ်ဂျက်နှစ်က မတ်မှာ ပိတ်တယ်။ ဧပြီမှာ အသစ်စတဲ့ ပုံစံမျိုး လုပ်ကြတာကိုး။ မတ်လကုန် ဒါမှမဟုတ် ဧပြီမှာ သူတို့ အပြန်အလှန် လွှဲကြလိမ့်မယ်လို့ မျှော်မှန်းထားကြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။တနင်္လာနေ့တွင် ကျင်းပသည့် ဒဿမနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်နိုင်သူ ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့ပြီး အင်္ဂါနေ့ မနက် ၁၁ နာရီတွင် ဆက်လက်ကျင်းပမည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊