Friday 18 February 2011

မွန်အမျိုးသားနေ့ ဂုဏ်ပြုပွဲ နေပြည်တော်တွင် မွန်ပါတီ ကျင်းပမည်

monlogo
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဂုဏ်ပြုညစာစားပွဲကို မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီမှ မွန်အမတ်များက နေပြည်တော်၌ စနေနေ့တွင် ကျင်းပကြမည် ဖြစ်သည်။

“မောခမ်းနွံ ရှမ်းစားသောက်ဆိုင်မှာ လုပ်မယ်။ နေပြည်တော် သပြေကုန်းဈေးရှေ့မှာပေါ့။ တောင်ကုန်းလေးပေါ်မှာပေါ့။ ပါတီတွေအကုန် အယောက် ၈ဝ-၁ဝဝ လောက် ဖိတ်ထားတာပေါ့” ဟု ပါတီမှ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမင်းမျိုးတင့်လွင်က မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသားညီနောင်ပါတီများ” ဂုဏ်ပြုညစာစားပွဲသဘောမျိုး ကျင်းပခြင်းဖြစ်ပြီး၊ အစီအစဉ်၌ မွန်အမတ်အဖွဲ့ ခေါင်းဆောင် ရေးမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းပြမည်ဖြစ်ပြီး၊ ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်း၏ သဝဏ်လွှာ ဖတ်ကြားမှုလည်း ပါဝင်သည်။

“တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ဆို နှစ်တိုင်းပဲ။ ဒီနှစ်ကျတော့ ၁၉ ရက်နေ့ကျတာပေါ့။ မနက်ဖြန်။ ကျနော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၇ ယောက်ရှိတဲ့အထဲက ဝိုင်းအကုန်ကျခံကြမှာပေါ့ဗျာ” ဟု ဦးမင်းမျိုးတင့်လွင်က ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ၄ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၃ ဦး ထဲတွင် ရေးမြို့နယ် ပြည်သူ့လွှတ်တော် အမျိုးသမီးအမတ်တဦးလည်း ပါဝင်သည်။

ညနေ ၅ နာရီမှ ည ၉ နာရီခွဲအထိ ကျင်းပမည့် ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်မည့်သူများကို ကားဖြင့် ကြိုပို့လုပ်ပေးမည်ဖြစ်ပြီး မွန်အဆိုတော်အချို့ကိုလည်း မော်လမြိုင်မှ လှမ်းခေါ်ထားကြောင်း သိရသည်။ မွန်အဆိုတော် ဗညားမွန်မှာမူ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဟံသာဝတီ မွန်နေပြည်တော် တည်ဆောက်သည့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြု ကာ မျိုးချစ်စိတ်နှင့် ဇာတိသွေးဇာတိမာန် ထက်သန်တိုးတက်ရေးကို ရည်ရွယ်လျက် မွန်အမျိုးသားနေ့ကို ပြည်တွင်းပြည်ပ မွန်လူမျိုးများက နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊