Thursday 17 March 2011

တရုတ် ထိပ်တန်းခေါင်းဆောင် မလာမီ အစိုးရသစ် အမြန်ဖွဲ့မည်

zaw gyi one
နေပြည်တော်တွင် ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေးများကို အပြီးသတ်ကာ လာမည့် ရက်ပိုင်အတွင်း အစိုးရသစ်ကို စတင်ဖွဲ့စည်း တော့မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

chairman-of-the-Chinese-People
၂၀၁၁ မတ်လ ၃ ရက်နေ့က ညီလာခံတခုတွင် မိန့်ခွန်းပြောနေသော မစ္စတာ ကျာချင်လင်း (ဓာတ်ပုံ - Getty Images)
နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူများ အဆိုအရ လာမည့် ဧပြီလ ၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင် ကျာချင်လင်း (Jia Qinglin) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဖြစ်ကြောင်း၊ ယင်း တရုတ်ထိပ်တန်း ခေါင်းဆောင်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သစ်ကို တွေ့ဆုံရန်အတွက် ဖြစ်နိုင်ကြောင်း သိရသည်။

ထို့အပြင် အစိုးရအဖွဲ့ဟောင်း၏ ဘဏ္ဍာရေးနှစ်သည်လည်း ယခု မတ်လကုန်လျှင် ပြီးဆုံးမည်ဖြစ်ပြီး အစိုးရသစ်၏ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကို ဧပြီလတွင် စတင်လည်ပတ်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် မစ္စတာ ကျာချင်လင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့တွင် တဦး အပါအ၀င်ဖြစ်ပြီး ယခုခရီးစဉ်သည် မြန်မာပြည်၏ အရပ်သားအစိုးရသစ်ကို လာရောက်တွေ့ဆုံကာ ချီးကျူးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိပြီး စီးပွားရေးကဏ္ဍတွင်သာမက စစ်ရေးဆက်ဆံမှုများလည်း ရှိနေရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့  မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက် လည်ပတ်ခဲ့ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အများစု အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဒု သမ္မတ ဇီကျန်ပင်းတို့က ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် လွှတ်တော်အစည်းများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁ လခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သမ္မတအဖြစ် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ဒုသမ္မတအဖြစ် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ရှမ်းအမျိုးသား ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ခန့်အပ်ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာ ပြည်သူလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ လွှတ်တော် အစည်းအဝေးများသည် များသောအားဖြင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သောကြောင့် ၁၅ မိနစ်လွှတ်တော်ဟုပင် ရေးသားပြောဆိုခံရသည်။

တရုတ်အစိုးရသည် လက်ရှိ စစ်အစိုးရနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေများကို တရုတ်နိုင်ငံသို့တင်ပို့ ရေး စီမံကိန်းများကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သဘောတူလက်မှတ်များ ရေးထိုးပြီးဖြစ်သည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊