မလေးရှားနိင်ငံမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီ ASAHI KOSEI စက်ရုံမှာ အလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၃၁ ယောက်နဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ Charles Hector အပေါ် ဂျပန်ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုကို သက်ဆိုင်ရာက မတ်လ ၂၁ ရက် မနေ့က စစ်ဆေးပြီး ရှေ့လ ၁၉ ရက်ကို ရုံးချိန်း ထပ်ပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)
မနေ့က စစ်ဆေးကြားနာမှုနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia (BCM) က တာဝန်ခံ ကိုထွန်းထွန်းက အခုလို ပြောပြပါတယ်။
“မနေ့ကတော့ နှစ်ဖက်လျှောက်လဲချက် တင်သွင်းကြတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တရားသူကြီးအနေနဲ့ အင်မတန်မှ ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တခုကို ချလိုက်တယ်။ ကျွန်တော်တို့ ဒီဖက်က တရားပြိုင်ဖက်ကပေါ့နော်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဖာသာကိုယ် ကျခံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အမှန်မှာတော့ သူက ဒါက တရားစတင် စွဲဆိုတဲ့ လူအနေနဲ့ လျော်ကြေးပေးရမှာကိုး ကျွန်တော်တို့ကို ကုန်ကျစရိတ်။ အဲဒါကို သူဆုံးဖြတ်ချက် ချတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး ဂျပန်မှာလည်း ASAHI KOSEI ကို ရဲအဖွဲ့က စုံစမ်းကာ သူတို့ကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ ပြောထားကြောင်း ကိုထွန်းထွန်းက ပြောပါတယ်။
ဒါ့ပြင် မနေ့က ပြုလုပ်ခဲ့တဲ့ မလေးရှားဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ နိုင်ငံခြားအလုပ်သမားတွေ ငှားရမ်းတဲ့ကိစ္စမှာ ဖြစ်လာတဲ့ နောက်ပိုင်းပြဿနာတွေအတွက် ကုမ္ပဏီတွေမှာ တာဝန်ရှိကြောင်း ပြောသွားတဲ့အတွက် မိမိတို့အဖို့ အလားအလာ ကောင်းတယ်လို့လည်း ဆိုပါတယ်၊
အမှုကတော့ မြန်မာအလုပ်သမား ၃၁ ယောက်က သူတို့ကို စာချုပ်အတိုင်း လစာမပေးလို့ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်၊ ဒီအကြောင်းတွေကို မြန်မာအလုပ်သမား အခွင့်အရေးတွေ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ Charles Hector က အင်တာနက် ဘလော့မှာ တင်ပြလိုက်လို့ ဂျပန်ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ၊
No comments:
Post a Comment