Monday 21 March 2011

ကလေးအားလုံး ကျောင်းနေနိုင်ရေး’ဆောင်ပုဒ် တံငါကလေးများ အတွက် မဟုတ်

zaw gyi one

ယခုလဆန်းပိုင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် မူလတန်း၊ အလယ်တန်း စာမေးပွဲများ ပြီးဆုံးသွားခဲ့ပြီး မိဘ အများစုက မိမိတို့ သားသမီးများ နွေရာသီ သင်တန်း များ တက်ရောက်နိုင်ရေး စီစဉ်နေကြသည်။ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နိုင်ငံတကာ အဆင့်မှီ နွေရာသီ အင်္ဂလိပ်စာ သင်တန်းများ စတင်ဖွင့်လှစ် နေပြီ ဖြစ်သည်။ စီးပွားရေးတောင့်တင်း ခိုင်မာသော မိဘများကတော့ သူတို့ သားသမီးတွေကို စင်္ကာပူနှင့် အနောက်နိုင်ငံ များမှာ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ငယ်စဉ်ကတည်းက အင်္ဂလိပ်စာအခြေခံ ကောင်းမွန် တတ်ကျွမ်းစေရန် အတွက် ကြိုတင်ပြင်ဆင် နေကြခြင်းဖြစ်သည်။လူလတ်တန်းစား မိဘများကတော့ သူတို့ကကလေးတွေကို ဘုန်းတော်ကြီးကျောင်းများ၊ ကိုကျော်သူ ရဲ့ နာရေးကူညီမှု အသင်းက ဖွင့်လှစ်ထားတဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းနဲ့ ဘွဲ့ရလူငယ်အချို့ စုပေါင်းဖွင့်ထားတဲ့ စေတနာ သင်တန်း ကျောင်းများကို တက်ရောက်ခိုင်းကြသည်။မန္တလေးမြို့တွင်တော့ နွေရာသီကလေးငယ်များ အခြေခံအင်္ဂလိပ်စာ သင်တန်းသာမက အခြေခံ တရုပ်စာ အရေးအဖတ်၊ တရုပ်စကားပြော သင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း မန္တလေးမြို့ခံ တစ်ဦးက ပြောပြသည်။
“မန္တလေးကဗျာ ဟိုးအရင်က မင်းနေပြည်တော်ဟောင်း၊ ခေတ်အဆက်ဆက် မန္တလေးယဉ်ကျေးမှု အမွေအနှစ်တွေ ထိမ်းသိမ်းဂုဏ်ယူလာခဲ့ကြတာ။ အခုတော့ ယူနန်ပြည်ရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပြီလေ၊ ဒါကြောင့် ကလေးငယ်တွေ နွေရာသီကျောင်းပိတ်ရက်မှာ အခြေခံတရုပ်စာ၊ စကားပြောသင်တန်းတွေ တက်နေကြရပြီ။ တရုပ်စာက မန္တလေးမှာ အရောင်းအဝယ်၊ အလုပ်အကိုင် ကောင်းမွန်ရေးအတွက် မရှိမဖြစ် လိုအပ်သလို ဖြစ်နေပြီ” လို့ ကျနော့်ကို ပြောပြခဲ့သည်။မူလတန်း၊ အလယ်တန်း စာမေးပွဲဖြေဆိုပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက နွေရာသီ အချိန်ပိုင်း သင်တန်းများ တက်ရောက်နေကြသလို၊ လာမယ့် ကျောင်းဖွင့်ချိန် စာသင်နှစ်မှာ ကျောင်းစာသင်ခန်းများထဲ ပြန်မသွားနိုင်ကြတော့ဘဲ မိဘလုပ်ငန်းခွင် ၀င်ရောက် လုပ်ကိုင်ကြရမယ့် ကလေးငယ်များလည်း ရှိနေသည်။

ရန်ကုန်တိုင်း တောင်ဒဂုန်မြို့နယ် အမှတ် (၉၂) ရပ်ကွက် အစွန်တွင် ပဲခူးမြစ်ကမ်းဘေးတွင် တံငါရွာလေး တစ်ရွာရှိသည်။ အိမ်ခြေ ၂၀ ခန့်ရှိပြီး ကျောင်းနေအရွယ် ကျောင်းသား ၄၀ကျော်က (၉၂) ရပ်ကွက် အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသည်။ သူတို့ဖခင်များက တံငါသည်အလုပ် လုပ်ကြပြီး၊ မိခင်တွေက လင်ယောက်က်ျား ဖမ်းမိလာတဲ့ ငါးတွေကို အနီးအနားရှိ ဈေးများတွင် ရောင်းချကြသည်။ ထိုတံငါရွာလေးမှ ကျောင်းသူကျောင်းသားများမှာ မူလတန်း အဆင့် လေးတန်း အောင်မြင်ပြီးလျှင် အလယ်တန်း၊ အထက်တန်း ဆက်လက် ပညာမသင်ယူနိုင်တော့ဘဲ၊ မိဘတွေရဲ့ အလုပ်ထဲ ၀င်ရောက်ကြရတော့မည်။
တံငါရွာမှာ နေထိုင်တဲ့ ကိုမြင့်တင်ကို ကလေးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ကျနော် မေးကြည့်မိတော့
“ကျနော်တို့က တံငါသည်မျိုးရိုးပါ။ နေ့စဉ် တစ်နေ့ကို ညတစ်ကြိမ်၊ မနက်တစ်ကြိမ် ငါးပိုက်ဆွဲရတယ်။ ရလာတဲ့ငါးကို မိန်းမက ဒီအနီးအနား ဈေးတွေမှာ သွားရောင်းတယ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေပါဗျာ။ တစ်ခါတလေမှာ ငါးမရတဲ့ နေ့တွေရှိတယ်၊ နောက် မြစ်တွင်း လူကြီးလမ်းကြောင်းရှိလို့ ငါးမဖမ်းရတဲ့ ရက်တွေရှိတယ်။ အဲလို ရက်တွေမှာ ဆိပ်ကမ်းသွားပြီး ကျောက်စရစ် သဘောင်္တွေမှာ ကျောက်သွားထမ်းရတယ်။ ကျနော်တို့ ရွာမှာက သူကြီးရှိတယ်၊ သူကနေပြီး တံငါသည်တွေဆီကနေ တနှစ်စာ အခွန် ကျပ် ၇၀၀၀ ပေးဆောင်ရတယ်။ ရေလုပ်ငန်း ဦးစီးဌာနက လာကောက်တာပါ။ သူတို့က လူကြီးလမ်းကြောင်းရှိတယ်ဆိုရင် အကြောင်းကြားတယ်။ အဲဒီရက်တွေမှာ ငါးဖမ်းလို့မရဘူး”

“ကျနော်မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ သမီးကြီးက မနှစ်က ၄တန်း အောင်တယ်။ ကျောင်းဆက် မထားနိုင်တော့ဘူး။ သမီးကို ကျောင်းထားချင်လို့ကျောင်းသွားအပ်တော့ ကျောင်းကနေ ကောက်တဲ့ စာအုပ်ဖိုး၊ ကျောင်းရံပုံငွေ ဘာညာစရိတ်တွေက များတယ်။ ကျနော်က မတတ်နိုင်တော့ ဆရာမကြီးကို တောင်းပန်သေး တယ်။ မရပါဘူးဗျာ။ ဒါနဲ့ သမီးကြီးက ကျောင်းဆက် မတက်တော့ဘဲ ရွာထဲမှာ ငါးဖမ်းပိုက်ယက်တာတို့ ပိုက်ဖာတာတို့ အလုပ်တွေ လုပ်နေတယ်”“သားက ဒီနှစ် ၂တန်း ဖြေပြီးသွားပြီ။ သူ့ကို ကျောင်းဆက်ထားနိုင်အောင် ကျနော် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျနော့် ရွာမှာက ၄တန်းအောင်ပြီးတဲ့ မိန်းကလေးဆိုရင် ရွာထဲမှာ ငါဖမ်းပိုက်ယက်၊ ပိုက်ဖာလုပ်တယ်။ အဖေတွေ ဖမ်းလာတဲ့ ငါးတွေကို သူတို့ အမေတွေနဲ့ သွားရောင်းကြတယ်။ ယောက်က်ျားလေးတွေ ကတော့ အဖေ့လှေပေါ်တက်ပြီး တံငါ ပညာဆက်သင်ကြရတာပေါ့ဗျာ”


“ကျနော်တို့ ရွာကလေးက သီးသန့်လေးလို ဖြစ်နေတယ်။ တကယ်က ရန်ကုန်နဲ့ ဘာမှ ဝေးတာတော့ မဟုတ်ဘူး။ နေထိုင်မကောင်းတဲ့ခါ ဟိုတိုက်တန်းတွေမှာ ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကလေးတွေမှာ ဆေးလေးဝယ်သောက်တာဘဲ။ ဘယ်ဆေးခန်းမှ မသွားကြပါဘူး။ ရန်ကုန်မြို့ထဲလည်း သိပ်မသွားဖြစ်ကြဘူး။ မြစ်ထဲမှာပဲ အချိန်ကုန်ကြရတာ။ တချို့ကလေးတွေဆို ရန်ကုန်မြို့ထဲကိုတောင် မရောက်ဘူးကြဘူး။ ရွာထဲမှာဘာတီဗီမှမရှိပါဘူး။ အရပ်လူကြီးအိမ်မှာပဲ ရေဒီယို တစ်လုံးရှိတယ်”
“တစ်နှစ်တစ်ခါ အားလုံး သွားဖြစ်ကြတာကတော့ ကျိုက်ခေါက်ဘုရားပွဲပဲ။ အိမ်အတွက်၊ လုပ်ငန်းအတွက် သွားဝယ် ကြရတာလေ။  တစ်နေ့တစ်နေ့ အလုပ်လုပ်နိုင်မှ အားလုံး ထမင်းစားဖို့ အဆင်ပြေတာ… ဆန်ဈေးတွေကလည်း ကြီးဆိုတော့ ကျနော်တို့ ရွာသားတွေ တော်တော် ရုန်းနေကြရတယ်။ နောက်နှစ် ကျောင်းဖွင့်ချိန် ကလေးတွေ ကျောင်းအပ် နိုင်ပါ့မလား တွေးပူနေကြရတာ တစ်ရွာလုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတက်သလို ကျောင်အပ်တဲ့ စရိတ်တွေ တက်ရရင်တော့ ကလေးတွေကို ကျောင်းဆက်ထားနိုင်မဟုတ်တော့ဘူး


“ကျနော့်သားကို ပညာတတ်ကြီး အရမ်းဖြစ်စေချင်တာဗျ၊ ကျနော့်အဖေက တံငါသည်.. ကျနော်လည်း တံငါသည်ပဲ။ သားလေး ကိုတော့ပညာလေးသင် ပြီးတခြားအလုပ်ကိုလုပ်စေချင်တယ်… ကံတရား ပေါ့ဗျာ၊ သားရဲ့ကံပေါ့။ ကျောင်းမထား နိုင်ရင်လည်း တံငါသည်ပဲ ဆက်လုပ်ရမှာပဲလေ” ဟု မြစ်ထဲ ငေးကြည့်ရင်း ပြောပြသည်။လက်ရှိ မြန်မာစစ်အစိုးရက ကျောင်းနေအရွယ် ကျောင်းနေနိုင်ရေး ဆောင်ပုဒ်နဲ့ ကြွေးကြော်နေသလို အစိုးရထုတ် သတင်း စာများတွင် ပညာရေးစီမံကိန်းများကို အောက်ပါအတိုင်း အမြဲဖေါ်ပြလျက်ရှိသည်။‘မြန်မာ့ပညာရေး နှစ် ၃၀ စီမံကိန်းကို ၂၀၀၁-၂၀၀၂ ပညာသင်နှစ် များတွင် စတင်ခဲ့ရာ ယခုအခါ ဒုတိယမြောက် ၅ နှစ်စီမံကိန်၏ နောက်ဆုံးနှစ်သို့ ရောက်လာပြီ ဖြစ်သည်။ နှစ်သုံးဆယ် စီမံကိန်းအရ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရမည်၊ နိုင်ငံသားတိုင်း အခြေခံပညာရပ်များကို တက်မြောက်ရမည်’ စသဖြင့် ချက်မှတ်ထားသော ရည်မှန်းချက်များကို အထမြောက် အောင်မြင်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကျောင်းသားမိဘများ၊ လူမှုရေးအဖွဲ့အစည်းများရဲ့ အကူအညီနဲ့ ပူးပေါင်း ဆောင်ရွက်နေသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြလေ့ရှိသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ကြီးနှင့် မဝေးလှသော တံငါရွာလေးမှ ကလေးများကဲ့သို့ ကျောင်း မနေနိုင်ဘဲ ငါးဖမ်း၊ ကျောက်စရစ်ထမ်း နေကြရသော ကလေး အများအပြားရှိနေသည်ကို တင်ပြလိုက်ရ ပါသည်။
အောင်မြင်
  မှတ်ချက်။။။။။အီးမေလ်မှ ရ၍ ပြန်လည်တင်ပြပါသည်။
       မောင်ချစ်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊