Monday 2 May 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

zaw gyi one

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု
ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ
ဧပြီ ၂၉၊ ၂၀၁၁ - အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်
၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်းနောက်ပိုင်း၊ ၂၀၀၄ ခုနှစ်မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေနဲ့ညှိနှိုင်းဆွေးနွေးရရှိခဲ့တဲ့သဘောတူညီချက်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

  ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား  လှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ်တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအ၀င် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
  “ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက  -
  ၁။  ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်။
၎။  ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေအားလုံးကို ပြန်လွှတ်ပေးရန်  …
ဆိုတာတွေဖြစ်ပါတယ်။”
  ဒီပဲယင်းအရေးခင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင်ပြောကြားချက်တွေကို မကြားရသေးတဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ပေါ်ပေါက်နေစဉ်အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။
  ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရနဲ့ အဲဒီလိုသဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိဖျက်ခဲ့လို့ အမျိုးသားညီလာခံ တက်ရောက်ရေး အပါအ၀င် သဘောတူညီမှုအားလုံး ပျက်ပြားခဲ့ရတယ်လို့လဲ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
 “NLD ဘက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့  သဘောတူလိုက်ပါတယ်။  ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက်လက်ခံပြီးမှ အမျိုးသားညီလာခံ စ ဖို့ ရက် အနည်းငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ် …”
၂၀၀၃ ခုနှစ် မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး မှာ အာဏာပိုင်တွေရဲ့သြဇာခံလို့ လူအများကယုံကြည်ယူဆကြတဲ့ ဒုတ် ဓါး လက်နက်ကိုင် လူရမ်းကား အမြောက်အများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှုကြောင့် အဲဒီတိုက်ခိုက်မှုက မိမိလွတ်မြောက်ခဲ့ကြောင်း  RFA ကိုပြောပါတယ်။
 “အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေကလမ်းကိုအတားအဆီးတွေနဲ့ပိတ်ဆို့ဖို့ကြိုးစားနေတဲ့အထဲက နေပြီးတော့ ဖေါက်ထွက်နိုင်ခဲ့တာ
ဖြစ်ပါတယ်။”
  အခက်အခဲတွေ မည်မျှရှိပေမယ့်လည်း နောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအောင်မြင်တဲ့အထိမဆုတ်မရွံ့ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်းလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  
 ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မယ့် “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ  နားဆင်ရမှာ ဖြစ်ပါတယ်။
(ရေဒီယိုအသံလွှင့်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံက ၂၀၀၃ ခုနှစ်အတွင်းက သန်းရွှေနဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့စဉ်က မှတ်တမ်းတခုဖြစ်ပါတယ်။ မိုးမခက အဆိုပါ အင်န်အယ်ဒီနဲ့ စစ်အစိုးရ တွေ့ဆုံမှုများ၊ ပျက်ပြယ်မှုများကို သတင်းအယ်ဒီတာတဦးနဲ့ မိုးမခအင်တာဗျူးမှာ တင်ဆက်ခဲ့ဖူးပါတယ်။ သည်နေရာတွေမှာ ကြည့်ပါ။ =
http://moemaka.com/index.php?option=com_content&task=view&id=7701&Itemid=87 ယခုတော့ ဒေါ်စုကိုယ်တိုင်က အတည်ပြုပြောဆိုလိုက်ပါပြီ။ )
မိုးမခ

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊