Friday 21 January 2011

နအဖ ကြေးမုံ သတင်းစာထဲက ဆောင်းပါး မှာ ရေးထားတဲ့...... ကိုယ့် အသား ကိုယ်ဖဲ့စားခဲ့ သူများ .....အကြောင်းဖတ်ကြည့်ပါ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ နအဖ အလိုတော်ရိတွေလေ

၃-၁-၂၀၁၁ ရက်နေ့မှာ ဗွီအိုအေနဲ့ ဒေါ်စုကြည်တို့ မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ပြောဆိုသွားတာတွေကို ကြားလိုက်ရတော့ ကျွန်တော် ရေးရေးနေတဲ့ ဒေါ်စုကြည်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေက မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ဘယ်လိုမှ စေတနာမပါဘူး၊ အပြုသဘောမဆောင်ဘူး ဆိုတာကို ထပ်ဆင့် ထောက်ခံလိုက်သလိုပါပဲ။

ဘာကြောင့်လဲဆိုတော့ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုတွေ ဘယ်လောက်နစ်နာတယ်။ လက်လုပ်လက်စားတွေ ဘယ်လောက် အတိဒုက္ခ ရောက်ကြတယ်ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိပါတယ်ဗျာ။ ဒေါ်စုကြည် မရမက တောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတွေ လာမလုပ်ကြပါနဲ့၊ ရင်းနှီးမြှုပ်နှံမှု လုပ်နေတာတွေ ပြန်ရုပ်သိမ်းပေးပါလို့ အထပ်ထပ် အခါခါ တောင်းဆိုမှုတွေဟာ တကယ်ကိုပဲ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာ စေခဲ့ပါ တယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေ ဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေ အများကြီးနစ်နာခဲ့ရတာပါ။

ရန်ကုန်မြို့မှာဆိုရင် အထည်ချုပ်စက်ရုံက အမျိုးသမီးလေးတွေ ဒေါ်စုကြည်ရဲ့ ကောင်းမှုကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြ တာပါ။ ဒါကြောင့် ဒေါ်စုကြည်က သူမရဲ့ အပြစ်သူမနားလည်လို့ ၃-၁-၂၀၁၁ ရက်နေ့မှာ ဗွီအိုအေနဲ့ ဒေါ်စုကြည်တို့ မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံတကာက ပိတ်ဆို့မှုတွေကြောင့် တစ်ချို့ စက်ရုံတွေ၊ ဘာတွေကိုပေါ့လေ၊ ထိခိုက်တယ်တို့၊ ဘာတို့ ပြောတာတွေကိုတော့ ကျွန်မကြားဖူးပါတယ်။ တစ်ချို့လုပ်ငန်းတွေမှာလည်း ထိရောက်မှု ရှိတယ် လို့ ပြောတာတွေလည်း ပြောကြပါတယ်လို့ သူမနှုတ်ကကို ၀န်ခံခဲ့တာ ကြားသိရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပိတ်ဆို့ မှုတွေကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သားတွေ နစ်နာခဲ့တာကို သူမရဲ့ ဆန္ဒစွဲနဲ့ နိုင်ငံတော်အပေါ် ရွာလွန်အရွဲ့ တိုက်လိုတဲ့ သူမရဲ့ အာချောင်မှု တစ်ခုအောက်မှာ တစ်နိုင်ငံလုံး နစ်နာခဲ့ရတာပါ။

အခုလည်းပဲ ဒေါ်စုကြည်အနေနဲ့ နိုင်ငံတော်ကို ဆန့်ကျင်ရပြီးရော လူပြိမ်းကြိုက် အသုံးအနှုန်းတွေနဲ့ လူတွေအုပ်စုအုပ်စု နဲ့ တိုင်းပြည်မငြိမ်မသက်ရင် ပြီးရောဆိုတဲ့ နိုင်ငံတော်အစိုရကို ထော်လော်ကန့်လန့် လုပ်တဲ့နည်း အပြစ်မဲ့ ပြည်သူတွေကို စတေး ချကျွေးတဲ့နည်း၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား နားလည်မှုလွဲမှား စေတဲ့ မီးလောင်ရာ လေပင့် နည်းတွေနဲ့ တိုင်းပြည် ပြိုကွဲအောင် (တစ်နည်းအားဖြင့်) တိုင်းပြည်ဆူပူ အုံကြွအောင် အစဉ်တစ်စိုက် လုပ်ဆောင်လို့ နေပြန်ပါတယ်။

ဒေါ်စုကြည်နဲ့ သူမရဲ့ အပေါင်းအပါတွေ တကယ်တမ်းနားလည်သင့်တာက ဒီမိုကရေစီဆိုတာ တစ်ဦး တစ်ယောက် တစ်သင်း တစ်ဖွဲ့တည်းက တည်ဆောက်လို့ ရတာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ စနစ်တကျ ဆောက်တည် ယူရတဲ့ စနစ်တစ်ရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် မူရင်းရည်ရွယ်ချက်ကို လမ်းလွဲနဲ့ အကောင်အထည် ဖော်ဆောင်နေတဲ့ ဒေါ်စုကြည်တို့ လူတစ်သိုက်ရဲ့ ပြောသမျှ ဆိုသမျှ လုပ်သမျှတွေဟာ တိုင်းပြည်နဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် အဆိပ်ရည်တွေ၊ ပဒိုင်းသီးတွေသာ ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုကြည်တို့ တစ်စာစာဟစ်ကြွေး တောင်းဆိုခဲ့တဲ့ နိုင်ငံတကာက ပိတ်ဆို့ အရေးယူပေးရေး ဆိုတာ တွေကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ နစ်နာခဲ့ကြ အလုပ်လက်မဲ့ဖြစ်ခဲ့ကြ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ ဆုံးရှုံးခဲ့ကြရတာတွေကို ဒေါ်စုကြည်တို့ သိမြင်လို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအပေါ် ကိုယ့်ဆန္ဒ ကိုယ့်အတ္တတစ်ခုထဲ ရှေ့တန်းတင်လို့ ဆက်ပြီး ရက်စက် နေကြဦးမယ်ဆိုရင်ဖြင့် ကိုယ့်အသား ကိုယ်ဖဲ့စားနေတဲ့ ပြိတ္တာတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါကြောင်း မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်စား တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊