Friday 18 February 2011

ရိုးရိုးကြီး ဇေယျဟူသော အမည်ဖြင့် မီဂါစတား ဇာတ်ဆောင် ဖြစ်ခဲ့သူ 1

အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီး၏ ရွှေရတု ခေတ်တွင် အမျိုးသား ဇာတ်ဆောင် လောက၌ ထူးခြားသော ဂုဏ်ပုဒ်ဖြင့် မီဂါ စတား ဖြစ်ခဲ့သူမှာ အမည်ရင်း ကိုလှမောင် မှ “ရိုးရိုးကြီးဇေယျ” ဟူ၍ဖြစ်သည်။ ရိုးရိုးကြီးဇေယျ (သို့မဟုတ်) အကယ်ဒမီ မင်းသားကြီး ဇေယျကို ပရိသတ်များက သိကြသော်လည်း သူ၏ မွန်းကျပ်ခဲ့သော ငယ်စဉ် ဘ၀က ရုန်းကန်ခဲ့ ရမှုတို့ကို သိရှိ ကြမည် မဟုတ်ပေ။ သူ၏ဇာတိမှာ စစ်ကိုင်းမြို့ အနီး သောင်ကုန်းရွာ ဖြစ်ပြီး မိဘများ
မှာ ဦးဖောင်၊ ဒေါ်ဆင်တို့၏ သားသမီး (၁၁) ယောက် အနက် ကိုလှမောင်မှာ အဋ္ဌမမြောက်သား ဖြစ်သည်။

မိဘများမှာ ချွေးစေသွန်၍ သားသမီးများကို နပ်မှန်အောင် ထမင်း ကျွေးနိုင်ရေး အတွက် အားခွန်ထုတ်ကာ ငွေရှာရ၏။ အလုပ်ကား ရွှေလောင် စက္ကူ အလုပ်ပင်ဖြစ်သည်။ ဆင်းရဲသော မိဘ နှစ်ပါး၏ သားဖြစ်၍ စာသင်ခန်းတွင် ကျောင်းစာ မသင်ခဲ့ရဘဲ ငယ်စဉ်ကပင် ဈေးတောင်း ခေါင်းပေါ်မှာ ရွက်ပြီး၊ ဈေး လည်ရောင်း ရခြင်းဖြင့် မပြည့်ဝသော မိသားစု ၀မ်းစာကို တစ်ဖက်မှ ကူညီ ဖြည့်ဆည်းခဲ့ရသည်။ မိဘ နှစ်ပါးက ကိုလှမောင်ကို သာမဏေ ဘ၀သို့ ပို့ခဲ့သည်တွင်မှ သာသနာ့ ဘောင်တစ်နှစ် အတွင်း၌ စာသင်ခဲ့ရသည်။ သျှင်လိန် ပြန်ပြီးသည့် နောက်မှာ လူပျိုပေါက် ဖြစ်လာသဖြင့် ဈေးလည် ရောင်းသော ဘ၀မှ ကျောက်သွေးသမား ဘ၀သို့ ရောက်ခဲ့လေသည်။ သို့သော် ကျောက်သွေးသမား ဘ၀တွင်လည်း ၀င်ငွေက မပြောပလောက်၍ စစ်ကိုင်း တံတား ဆောက်လုပ်ဆဲ ကာလ ဖြစ်သဖြင့် ကိုလှမောင်သည် အုတ်သယ်သော အလုပ်ကြမ်း သမားအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့၏။ သူသည် အလုပ်ကို တစ်ခုပြီး တစ်ခု ဟန်ကျလိမ့် နိုးနိုးဖြင့် ပြောင်းကာ လုပ်ကိုင်ခဲ့သော်လည်း စစ်ကိုင်း မွေးရပ် ဌာနေတွင် အနေ မဟန်သည့် အဆုံး ဆွေမျိုးများ ရှိရာ မန္တလေးမြို့သို့ သွားရောက်ပြီး ကုန်သည် လုပ်ကိုင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မီးကြီး မြန်မာပြည်သို့ ကူးစက် လာချိန်တွင် သူ၏ အသက်မှာ (၁၈) နှစ်သာ ရှိသေးသည်။ ထိုစစ်ကြီး အတွင်းမှာပင် ဖူးစာဘက် ရွှေမန်းသူ မသန်းတင်ကို တွေ့ကာ အိမ်ထောင်သည် ဘ၀ကို ခံယူခဲ့သည်။ ကိုလှမောင်၏ နှစ်ခုသော မွေးဗီဇမှာ ရုပ်ရှင် ၀ါသနာနှင့် ကာယဗလကို လိုက်စားရေး ဖြစ်ရာ ရုပ်ရှင် ၀ါသနာထက် ကာယဗလ လိုက်စားမှုက ကြီးမား နေခဲ့၏။ အိမ်ထောင်သည်ဘ၀၌ပင် သူ့ရဲ့ ကာယဗလ လေ့ကျင့်မှုကို အထိပါး မခံခဲ့ပေ။ ထို့ကြောင့် စစ်ကြီးကာလ အိမ်ထောင်သည် ဘ၀၌ပင် “ဇေယျာမောင်” ဘွဲ့ကို ရရှိခဲ့သလို စစ်ပြီးကာလ ကက်(စ်)ဘီ Cas(B) ခေတ်တွင် “မန်းမောင်” ဘွဲ့ကို ထပ်မံ ဆွတ်ခူးခဲ့သည်။

သူ ရုပ်ရှင်နယ်ထဲသို့ ရောက်ရှိရန် ခြေလှမ်း အစမှာ ဂျပန်ခေတ် အတွင်းမှ ဖြစ်သည်။ ဂျပန်ခေတ်တွင် အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီး ရပ်နားသွား၍ ရုပ်ရှင် လောကသားများက လူဘိုင်စကုတ် အဖြစ် နယ်တကာ လှည့်ကာ ပြဇာတ်များ ကပြနေကြရာ၊ မန္တလေးမြို့တွင် ပြဇာတ်များ စင်တင် ကပြလျက် ရှိသော ဒါရိုက်တာ အေ၀မ်း ဦးဘရှင်က “ရှာမှရှား” အမည်ရှိ ပြဇာတ်၌ ပြဇာတ် မင်းသား၏ သူငယ်ချင်း အခန်းမှ ကာယဗလ လေ့ကျင့်ခန်းများ ပါဝင်သော ဇာတ်ကွက်တွင် ၀င်ရောက် ကပြခဲ့ရာမှ ဦးဘရှင်နှင့် မိတ်ကျွမ်းဝင်၍ သူဝါသနာ ထုံသော ရုပ်ရှင် လောကထဲ ရောက်ရန် အကြောင်း ဖန်လာသည်။

စစ်ပြီးခေတ်တွင် ဒါရိုက်တာ ဦးဘရှင်က အေ၀မ်းဖလင် အတွက် (ခေတ်သစ် ဖာတစ်လ်လုံး) အသံတိတ်ကို ရိုက်ကူးရာမှာ သူ့ကို ခေါင်းဆောင်မင်းသား အဖြစ် ဇေယျာမောင် အမည်ဖြင့် မန္တလေးမေမြ၊ သန်းနွဲ့၊ သာဂေါင်ကြီးတို့နှင့် ပွဲထုတ်ခဲ့ပြီး ၆-၇-၄၆တွင် ကန်တော် မင်္ဂလာနှင့် ကာဌေးရုံတို့မှာ ပြသခဲ့၏။ ဒုတိယမြောက် ဇာတ်ကားကို ဒါရိုက်တာ မောင်တင်မောင်က(ဘာမထီ) အသံတိတ်ကားအား အေးကြူ၊ ကြည်ကြည်မေတို့နှင့် တွဲဘက်စေကာ ဇေယျဟူသော အမည်သစ်နှင့် ခေါင်ေးဆာင်မင်းသား အဖြစ် ပါဝင်စေပြီး ၂၅-၁-၄၈ တွင် ရန်ကုန်ရုံနှင့် ကာဌေးရုံတို့မှာ ပြသွားသည်။ ယင်း ဇာတ်ကားနှစ်ကား ရုံတင်ပြီးချိန် အထိ ဇေယျဟူသော အမည်မှာ ကျော်ကြားခြင်း မရှိသေးပေ။ ထို့နောက် သူ၏ ပထမဆုံး အသံထွက် ဇာတ်ကား အဖြစ် ဗြိတိသျှ ဘားမား ရုပ်ရှင် အတွက် ဒါရိုက်တာ ဦးချန်ထွန်က သူ့ကို ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်စေကာ တင်တင်မူ၊ ဘဆွေတို့နှင့် (လင်နှင့်အပျို) ကို ရိုက်ကူးခဲ့သည်။

သူသည် ယင်းဇာတ်ကားတွင် ဆေးတံကြီး ခဲကာ ရိုးသားမှု အပြည့်အ၀ ရှိပြီး စိတ်ကောင်း စေတနာ ထားတတ်သူ၊ အနစ်နာ ခံတတ်သော ဘဂျမ်း ဇာတ်ကောင်ရုပ်ကို သဘာဝ ကျကျ လုပ်ဆောင်ပြနိုင်၍ တစ်ဟုန်ထိုး နာမည် ရခဲ့သလို လွတ်လပ်ရေး ရပြီးခေတ် နောက်ပိုင်းတွင် ပရိသတ် အကြိုက် တွေ့ခဲ့သော ဇာတ်ကား တစ်ကားလည်း ဖြစ်သည်ဟု သိရ၏။ ဖော်ပြပါ ဇာတ်ကားကို ၂၅-၉-၄၈ ရက်နေ့တွင် သွင်ရုံမှာ ပြသသွားသည်။ သူ့ကို ရိုးရိုးကြီး ဇေယျဟု နာမည် ရလာစေကာ ထိပ်တန်းမင်းသား တစ်လက် အဖြစ် စတင် အသိအမှတ် ပြုခံ ရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊