Thursday 17 February 2011

သေနတ် ကျည်ဆံရှိမှ၊ မီးသတ်ကား ရေပါမှ

   ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် မီးလောင်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ဆုံးရှုံးမှုများလည်း ကြုံတွေ့နေသည်။ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တလထဲတွင်ပင် နိုင်ငံအဝှန်း မီးလောင်မှု ၇၂ ကြိမ် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယင်းကဲ့သို့ နိုင်ငံအတွင်း မီးလောင်မှု အခြေအနေများနှင့် မီးသတ်အပေါ် လူထုအကြား ပြောဆိုသံများကို တုံ့ပြန် ရှင်းလင်းပေးရန် မီးသတ်ဌာန ဝန်ထမ်းအဖြစ် ၃၅ နှစ်ကြာ လုပ်ကိုင်လာခဲ့သည့် ရန်ကုန်တိုင်း မီးသတ်ဌာန တိုင်းမီးသတ် ဦးစီးမှူး ဦးသင်းဋ္ဌေးရွှေကို မဇ္ဈိမ သတင်းထောက် ကျော်ခက မေးမြန်းထားပါသည်။

ပြည်သူတွေကိုရော မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး
U-Thing-Htay-Swe-photo
ရန်ကုန်တိုင်း မီးသတ်ဌာန တိုင်းမီးသတ် ဦးစီးမှူး ဦးသင်းဋ္ဌေးရွှေ ယခင်တွင် ဒုတိယညွှန်ကြားရေးမှူးလည်း ဖြစ်ခဲ့သည်။
ဘယ်လိုပညာပေမှုမျိုးတွေကို မီးသတ်ဦးစီးဌာက လုပ်ပေးတာရှိလဲ။ လူထုအနေနဲ့ရော ဘယ်လောက် နိုးကြားတိုးတက်လာမှု ရှိလဲခင်ဗျ။

’’အိမ်တွေပေါ် တက်စစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ စစ်တယ်။ မီးဘေးကာကွယ်မှုနဲ့ ပတ်သက်တဲ့ ဟာတွေကို ပညာပေးတယ်၊ ဟောပြောတယ်။ မီးလောင်ရင် ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကို ပရိုဂျက်တာတွေနဲ့ ပြတယ်။  သတင်းစာ၊ ဂျာနယ်၊ မီဒီယာတွေကလည်း လိုက်ဖြန့်ပြီးတော့ ပြောသလို မီးလောင်တတ်တဲ့ ဓာတ်ဆီဆိုင်တွေကအစ ကျနော်တို့ အကုန်စစ်ပါတယ်’’


’’အကြံပေးတယ်။ အကြံပေးတဲ့အတိုင်း လိုက်နာရင်တော့ မီးမလောင်ဘူးပေါ့။ ဒီလူတွေ လာအာနေတာ အလကားပါကွာဆိုပြီး မီးသတ်ကို အထင်မကြီးတဲ့ စိတ်တွေ ထားရင်တော့ မီးလောင်တတ်ပါတယ်။ မီးသတ်က အရေးပါတယ်ဆိုတာကိုလည်း မီးလောင်မှ လူတွေက အရေးပါမှန်း သိကြတာ။ အဲဒါကြောင့် ကျနော်တို့ပြောတဲ့ စကားကိုလည်း အလေးထားဖို့ လိုပါတယ်။ နေ့တိုင်းသတိပြုမှ မီးလောင်မှု နည်းမှာပေါ့’’

’’အခုဟာကတော့ လူထုကလည်း ဟန်းဖုန်းလေးတွေ ကိုင်လာနိုင်တာများလာတော့ သတင်းပို့တဲ့ ဟာတွေကလည်း ပိုမြန်လာတာပေါ့နော်။ အခု ကျနော်တို့ ရန်ကုန်မှာ ၂ဝဝ၄ ခုနှစ်က ၄ဝဝ ကျော်လောက် လောင်တယ်။ အခုနောက်ပိုင်းမှာ ၁၃ဝ လောက် ကျသွားတယ်ပေါ့နော်။ လောင်မှုနှုန်းက လျော့သွားတာကို တွေ့ရခြင်းအားဖြင့် ဒါဟာ လုပ်သားပြည်သူတွေအနေနဲ့ တာဝန်သိမှု ပိုရှိလာပြီလို့ ပြောလို့ရပါတယ်’’
နိုင်ငံတကာမှာရှိတဲ့ အထပ်မြင့်တိုက်တွေကို လှေကားအရှည်တွေထုတ်ပြီး တက်ဖျန်းတဲ့ အဆင့်မြင့် ကားမျိုးတွေရော မြန်မာနိုင်တခုလုံးမှာ ဘယ်နှစီးရှိလဲ။ ဘယ်မြို့တွေမှာ သုံးဖြစ်လဲခင်ဗျ။

’’ပေ ၄ဝ လောက်အမြင့်ကို တက်ဖျန်းနိုင်တဲ့ ကားကြီးမျိုး ရန်ကုန်နဲ့ မန္တလေးမှာ ၁၅ စီးလောက် ရှိပါတယ်။ လုံလောက်မှုတော့ မရှိသေးဘူးပေါ့လေ။ ကျန်တာကတော့ အရင်တုန်းကတည်းက သုံးနေကျ ကားတွေပါပဲ’’
မီးလောင်မှုတွေ ဖြစ်တဲ့အခါ တော်တော်များများမှာ မီးသတ်ကားက မီးလောင်တဲ့ နေရာကို နောက်ကျပြီးမှ ရောက်လာတယ်။ ရေမပါဘူးဆိုတဲ့ အသံတွေက ဘယ်လိုကြောင့် ထွက်နေရတာလဲခင်ဗျ။

’’မီးသတ်ကားက ရေမပါဘဲနဲ့ ဘယ်လိုလုပ် မီးလောင်ပြင် လာမလဲ။ သေနတ်ဆိုတာ ကျည်ဆံရှိမှ ပစ်လို့ရသလို၊ မီးသတ်ကားလည်း ရေပါမှ ပက်လို့ရတယ်။ ဒီသဘောပဲ။ ရေဂါလံ ၈ဝဝ ဆံ့ ကားတစီးကို ၃ မိနစ်ပဲ ပက်ပြီးသွားရင် ကုန်တာပါပဲ။ အဲလို မြန်မြန် ကုန်သွားတာကို လူတွေက ရေလည်း မပါဘူးလို့ ဆိုလိုတဲ့သဘော၊ ရှိတဲ့ ဂါလံအရေအတွက်ဟာ ၃ မိနစ်ဆိုတဲ့ အတိုင်းအတာဟာ ခဏလေးပါ’’

’’ဒါကိုပက်ပြီးရင် ကားတွေက ပြန်သွားတယ်၊ ရေသွားထည့်တယ်။ ရေမထည့်လို့ မရဘူးလေ။ ရေရှိမှ ပက်လို့ရမှာပေါ့။ ပက်ပြီးလို့ ထွက်သွားရင်ပဲ ရေမပါဘူးလို့ လူတွေက ဝေဖန်ကြတာပေါ့နော’’

’’အဲဒီဟာတွေကို ပြည်ပသတင်းဌာနတွေဖြစ်တဲ့ ခင်ဗျားတို့ မဇ္ဈိမတို့၊ DVB တို့က သူတို့ပြောတဲ့အတိုင်း လိုက်ထုတ်တယ်။ ဟိုတနေ့က သင်္ဃန်းကျွန်း မီးလောင်မှုမှာ ဆိုရင်လည်း DVB က အဲဒီလိုမျိုး လွှင့်သွားသေးတယ်။ အဲဒီအတိုင်း မဟုတ်ပါဘူး။ ကျနော်တို့မှာ ရေပါပါတယ်’’

’’နောက်ကျပြီးမှ ရောက်လာတယ်ဆိုတာကလည်း မီးလောင်တဲ့အကြောင်း ကျနော်တို့မီးသတ်ဆီကို ဖုန်းဆက်သွယ်တာ နောက်ကျတာ၊ စောတာနဲ့ ကွာပါလိမ့်မယ်။ ကျနော်တို့ကို အကြောင်းကြားပြီဆိုရင်တော့ ကြားကြားချင်း ချက်ချင်း သွားရပါတယ်’’

လူတွေက ပြောကြတယ်။ မီးသတ်တဲ့အခါမှာ မီးသတ်က လာဘ်ယူမှုတွေ ရှိတယ်။ လောင်တဲ့အိမ်ကျ မပက်ဘဲနဲ့ မလောင်သေးတဲ့ အိမ်တွေကို အရင်ပက်ပေးတယ်ဆိုတဲ့ အသံတွေကိုရော ဘယ်လိုပြောချင်လဲဗျ။

’’အဲဒါတွေကို ရှင်းပြရရင်တော့ ကျနော်တို့ အခု မီးသတ်ဌာနမှာ မီးသတ်တပ်ဖွဲ့တွေက ကာယကံရှင်တွေဆီကနေ လာဘ်ငွေယူလို့၊ ပိုက်ဆံတောင်းလို့ အရေးယူခံရပြီး ပြုတ်တယ်ဆိုတာလည်း မရှိပါဘူး။ မီးသတ်ကားတစီး လာရင် ဘယ်လောက်ဘယ်ညာ ပေးရတယ်။ ဒါတွေက လူတွေရဲ့ ကောလာဟလပေါ့နော်။ ရှင်းရှင်းပြောရရင် ကျနော်တို့ကို ရေတောင် တိုက်မယ့်လူ မရှိဘူး။ အဲဒီအချိန်မှာ ပိုက်ဆံပေးဖို့ နေနေသာသာ ကိုယ့်ပစ္စည်း ကိုယ်ပိုက်ပြီး ထွက်ပြေးနေကြတဲ့ လူတွေချည်းပါပဲ။ မီးတောထဲမှာ ကျန်ခဲ့တာက ကျနော်တို့တွေပါပဲ’’

’’လောင်နေတဲ့ အိမ်ကို မပက်ဘူး၊ မလောင်သေးတဲ့ အိမ်ကို ပက်တယ်ဆိုတာ ပိုက်ဆံပေးလို့ အဲဒီအိမ်ကို ပက်တာ မဟုတ်ဘူး။ အဲဒါ ကျနော်တို့ မီးသတ်ပညာပါ။ လောင်နေတဲ့ အိမ်ကို သဲကြီးမဲကြီး ပက်စရာ အကြောင်းမရှိဘူး။ ဘေးအိမ်တွေကို မကူးအောင် အရင် ငြှိမ်းရပါတယ်။ မီးကူးသွားရင် ဟိုဘက်ရပ်ကွက်တွေကို ဆက်သွားနိုင်တယ်။ လောင်တဲ့ အိမ်ထက် မလောင်တဲ့ အိမ်ကို အရင် မီးမကူးနိုင်အောင် ဖျန်းထားရပါတယ်။ ဒီအိမ်တွေကို မကူးတော့ဘူးဆိုမှ လောင်တဲ့ အိမ်ကို ရေပက်ရပါတယ်။ ဒါကတော့ မီးသတ်ပညာပါပဲ’’

ဟိုတနေ့က မကွေးမြို့နယ်က ဆူးပစ်စမ်းရွာမှာ မီးလောင်တုန်းက မြို့ပေါ်ကလာတဲ့ မီးသတ်ကားနဲ့ အတူပါလာတဲ့ မီးသတ် တပ်ဖွဲ့တွေဟာ  အကာအကွယ် ဝတ်စုံဖြစ်တဲ့ မီးခံ ကာဗာဝတ်စုံတွေ အပြည့်အစုံ ဝတ်လာတာ မတွေ့ရဘူးလို့ ဒေသခံ မျက်မြင်တွေက ပြောတယ်။ အဲဒါတွေက မီးသတ်တွေ အကာအကွယ်အတွက် မီးကာ ဝတ်စုံတွေ အပြည့်အစုံ မရှိလို့လားခင်ဗျ။

’’များသောအားဖြင့်တော့ မီးကာဝတ်စုံနဲ့ လာကြပါတယ်။ တခါတလေကျတော့ အရေးပေါ်ပေါ့လေ၊ ရှိတဲ့ ဝတ်စုံ ကောက်ဝတ်ပြီးတော့ အရေးပေါ် သွားငြှိမ်းရတာမျိုးလည်း ရှိပါတယ်။ ယူနီဖောင်းပြည့်စုံဖို့က အဓိကမဟုတ်ပါဘူး။ မီးငြှိမ်းဖို့က အဓိကပါပဲ။ မီးသတ်သမားဟာ ရှိတဲ့ မီးလောင်ပြင်ဝတ်စုံနဲ့ပဲ ပတ်မှာပေါ့။ ဒီဝတ်စုံတွေ ဝတ်ဖို့ ဘယ်လိုလုပ် အချိန်ရှိမလဲ’’

မီးသတ်တွေအနေနဲ့ မီးလောင်ပြင်တွေကို သွားပြီး မီးငြှိမ်းရတဲ့အခါ အထက်အမိန့်တွေကို စောင့်ပြီးမှ ငြှိမ်းရတာမျိုးတွေရော ရှိလား။ ဒါမှမဟုတ် ချက်ချင်း ပက်ခွင့်ရှိလား။

’’မရှိပါဘူးဗျာ။ မီးသတ်က မီလောင်ပြီဟေ့ဆို ထွက်တာပဲ။ ရောက်ရင်လည်း ပက်တာပါပဲ။ ဘယ်သူ့အမိန့်ကိုမှ ယူစရာ မလိုပါဘူး။ ဒါတောင် လူတွေက တာဝန်မဲ့ လာကြတယ်။ မီးသတ်ကား အချက်ပြမီးတွေ ဖွင့်၊ ဥသြ တကွမ်ကွမ် လုပ်တာတောင် လမ်းဖယ်မပေးကြဘူး။ ဒါကြောင့် မလိုအပ်ဘဲ တခါတလေ လမ်းမှာ ကြာနေတာလည်း ရှိပါတယ်’’

’’ကျနော်တို့မှာ ဘယ်သူ့အမိန့်မှ ခံစရာမလိုပါဘူး။ ကျနော်တို့မှာလည်း ဆောင်ပုဒ်ရှိပါတယ်။ မြန်မြန် သိ၊ မြန်မြန် သွား၊ မြန်မြန် သတ်။ ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပါပဲ။ လူထုအနေနဲ့ သတင်းပေးဖို့တော့ လိုတာပေါ့နော်။ သတင်းမပေးဘဲနဲ့တော့ မီးသတ်သမားက ဘယ်သိနိုင်မလဲ’’

’’မီးသတ်က မီးခိုးမြင်မှ သွားရရင် အဲဒီလောင်မှုဟာ ကြီးနေပါပြီ။ လူထုအနေနဲ့ ဖြစ်တဲ့နေရာကို အမြန်ဆုံး သတင်းပို့ဖို့တော့ အဓိက ကျပါတယ်’’

မြို့ပေါ်တွေမှာကတော့ လမ်းနဲ့ ဆက်သွယ်ရေးရော အဆင်ပြေတော့ နာရီဝက်ဝန်းကျင်မှာ ရောက်နိုင်ပေမယ့် မြို့တွေနဲ့ မိုင် ၄ဝ-၅ဝ ဝေးနေတဲ့ ကျေးလက်တွေကျတော့ မီးလောင်မှု အမြန်ဆုံး ငြှိးနိုင်ဖို့ မီးသတ်ဦးစီးဌာနက ဘယ်လို အစီအစဉ်တွေ ပြုလုပ်သွားဖို့ ရှိလဲ။ ဟိုတနေ့ကဆိုရင် မကွေးမြို့နဲ့ မိုင် ၄ဝ လောက်ဝေးတဲ့ ရွာလေးမှာ အချိန်မီ မငြှိမ်းနိုင်လို့ အိမ်ခြေ ၁၈ဝ ကျော်တောင် ပါသွားတယ်။

’’ကျေးရွာတွေအတွက်တော့ ကျနော်တို့ အစီအစဉ်တွေ ချလာတာ မရှိသေးပါဘူး။ အဲဒီတော့ ကျေးရွာတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး မီးသတ်စက်တွေ၊ သဘာဝ ရေကန်တွေ၊ ကိုယ့်ရွာမှာကိုယ် မီးသတ်ဆေးဗူး၊ ရေပုံး၊ မီးချိတ်၊ မီးကပ်ကအစ အားလုံးပေါ့၊ ရှေးဦး မီးငြှိမ်းသတ်နည်းပေါ့နော်။ အဲဒါတွေနဲ့ ကိုယ့်ဘာကို ဖြစ်ဖြစ်ချင်း ဝိုင်းဝန်းငြှိမ်းသတ်နိုင်ရင် ကောင်းတာပေါ့နော။ သဘာဝလေတိုက်လို့ များသွားတာတော့ မထိန်းသိမ်းနိုင်ဘူးပေါ့နော’’

’’အရမ်းကွာဝေးနေတဲ့ ကျေးရွာတွေကို မြို့ပေါ်က မီးသတ်ကားတွေအနေနဲ့ အချိန်မီ ရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ရေဝိတ်နဲ့ ဘာနဲ့ဆိုတော့။ ဝေးရင်ဝေးသလို၊ လမ်းကောင်းရင် ကောင်းသလို အချိန်ကတော့ ယူရမှာပေါ့’’

စာဖတ်ပရိသတ်ကိုရော မီးဘေးကာကွယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုချင်လဲခင်ဗျ။

’’မီးလောင်တာကတော့ လူတွေနဲ့ ဆိုင်တယ်။ လူတွေဟာ သတိရှိဖို့ လိုတယ်။ အဓိကကတော့ မီးသုံးစွဲရင် သတိရှိဖို့ လိုတာပေါ့နော်။ မီးဆိုတာ လျှပ်စစ်လည်း ပါတာပဲ၊ မီးဖိုလည်း ပါတာပဲ။ နောက် ဓာတ်ဆီ သုံးတာတွေ၊ ရောင်းတာ၊ ဝယ်တာတွေ၊ ဒါတွေ သတိရှိရမှာပေါ့’’

’’လျှပ်စစ်မီးဆိုရင်လည်း ဖွင့်သုံးပြီးလို့ရှိရင် ပိတ်ဖို့ သတိထားရပါမယ်။ မီးဖိုနဲ့ ပတ်သက်ရင်တော့ မီးဖိုသုံးပြီး ချက်ပြုတ်တယ်ဆိုရင်  မီးဖိုနားမှာ လူစောင့် အမြဲရှိပြီးတော့ မီးသုံးစွဲပြီးရင် မီးငြှိမ်းသတ်တဲ့ အကျင့်လေး လုပ်ထားရမှာပေါ့။ ထင်းမီးဖိုပဲဖြစ်ဖြစ်၊ မီးသွေးမီးဖိုပဲဖြစ်ဖြစ် မီးကြွင်းမီးကျန်ကို ပြောင်စင်အောင် ငြှိမ်း၊ လျှပ်စစ်မီးဖိုဆိုရင်လည်း ခလုပ်ပိတ်၊ ပလပ်ဖြုပ်ပေါ့။ ဒါမျိုးလေးတွေ လုပ်ဖို့ လိုပါတယ်’’

’’အန်ကယ်ပြောချင်တာက အားလုံးအနေနဲ့ မီးသုံးရင် သတိရှိပါ၊ မမေ့ပါနဲ့လို့။ ပေါ့ပေါ့ဆဆ မသုံးနဲ့။ ခြင်ဆေးခွေ၊ အမွှေးတိုင်ကအစ မီးလောင်မှု အကြီးကြီးတွေထိ ဖြစ်သွားနိုင်တဲ့အတွက် မီးသုံးစွဲရင် သတိရှိပါလို့ အကြံပေး မှာချင်ပါတယ်’’

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊