Thursday 17 February 2011

သမ္မတ တင်သည့် တရားသူကြီးချုပ် အမည် ပြန်လဲ

ပြည်ထောင်စုလွှတ်တော် သတ္တမနေ့ အစည်းအဝေးမှ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် သမ္မတက တင်သွင်းထားသည့် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေးအကျဉ်းကို ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေးနှင့် ညတွင်းချင်း လာပြန်လဲသွားသည်ဟု အမတ်များက ပြောသည်။

သမ္မတ၏ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးကို ခန့်အပ်ကြောင်း စာကို နာယက ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က သတ္တမနေ့ အစည်းအဝေးဖြစ်သည့် ဗုဒ္ဓဟူးမနက်ပိုင်းတွင် ဖောက်ဖတ်ပြခဲ့သေးသည်။ ကန့်ကွက်လိုပါက မနက်ဖြန်တွင် ကန့်ကွက်နိုင်မည်ဟုလည်း ဆိုခဲ့သည်။
senate
သို့သော် ညတွင်းချင်းပင် ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေးအကျဉ်းကို ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေးနှင့် လာပြန်လဲသွားကြောင်း အမတ်တဦးက ပြောသည်။

“စာရွက် လာပြန်လဲတယ် အခု။ အဲဒီဟာက ဒုရှေ့နေချုပ် မဟုတ်ဘဲနဲ့ ဒုတရားသူကြီးချုပ်။ စောစောက ဟာတွေကို ပြန်အပ်ခိုင်းတယ်။ ပထမ ထွန်းထွန်းဦးရဲ့ ကိုယ်ရေးအကျဉ်း စာရွက်က မွေးသက္ကရာဇ် ဘာညာ နံပါတ် ၁ ကနေ ၁ဝ ထိပါတဲ့ တရွက်ထဲ ပေးတာပေါ့။ အခုက စာရွက် ၅ ရွက် ရောက်လာတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

နေအိမ်အကျယ်ချုပ် ဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချခဲ့သည့် အမှုအတွက် အထူးအယူခံလွှာကို နေပြည်တော် တရားရုံးချုပ်တွင် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလထဲတွင် စစ်ဆေးစဉ် တရားသူကြီးချုပ် ဦးအောင်တိုးနှင့်အတူ ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦးလည်း ပါဝင်ခဲ့သည်။

စစ်ဥပဒေရုံးချုပ်တွင် တာဝန်ထမ်းခဲ့သူဖြစ်သဖြင့် ယခု မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စစ်ဥပဒေချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိုးမောင်၊ ယခုဝန်ကြီး၏ လက်အောက်တွင် တာဝန်ထမ်းဖူးသူဟု အတွင်းသိ အမတ်တဦးက ပြောသည်။

အမတ်နောက်တဦးကမူ ပထမ ဦးထွန်းထွန်းဦးမှာ လက်ရှိ ဒုတိယရှေ့နေချုပ်ဖြစ်ပြီး “ရှေ့နေချုပ်” ဖြစ်လာမည်ဟု သိထားပြီး၊ ဒုတိယ ဦးထွန်းထွန်းဦးမှာ ဒုတရားသူကြီးချုပ်မှ “တရားသူကြီးချုပ်” ဖြစ်သွားမည်ဟု ဆိုသည်။ “ပထမ ဦးထွန်းထွန်းဦးသည် အသက် ၅၇ နှစ်နှင့် ဒုတိယ ဦးထွန်းထွန်းဦးမှာ ၅၁ နှစ်ဟု မဇ္ဈိမကို ပြောသည်။

ကန့်ကွက်သူမရှိပါက ဦးထွန်းထွန်းဦးသည် စစ်ဘက်တရားရုံးများနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး၏ “အကြီးအမှူး” ဖြစ်လာမည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် ဗုဒ္ဓဟူးနေ့ အစည်းအဝေးက သမ္မတ ဦးသိန်းစိန် အင်္ဂါနေ့တွင် တင်သွင်းခဲ့သည့် တရားသူကြီးအဖွဲ့ လူဦးရေ ၇ ဦးကို အမတ် ၆၅၅ ဦးက “ကန့်ကွက်သူမရှိ” အတည်ပြုခဲ့သည်။

မနက် ၁၁ နာရီမှစ၍ ၁ဝ မိနစ်ကြာ အစည်းအဝေးတွင် ခွင့်တိုင်ပျက်ကွက်သူ ၃ ဦး ရှိခဲ့သည်။

ယင်းမှ ကုတင် ၁ဝဝဝ ဆံ့ နေပြည်တော်ဆေးရုံ တက်နေသည့် မန္တလေးတိုင်း အမှတ် ၄ မဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးဝင်းမောင်နှင့် ယင်းဆေးရုံ၌ပင် ခွဲစိတ်ခံရသူ စစ်ကိုင်းတိုင်း အမှတ် ၁ဝ မဲဆန္ဒနယ်မှ တစည အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ကြီးကို နအဖ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က သွားရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

ဇနီးဖြစ်သူ ကင်ဆာဖြစ်သဖြင့် စင်္ကာပူသို့ ဆေးသွားကုနေသည်ကို အဖော်လိုက်သွားသည့် ကြံ့ခိုင်ရေးပါတီ အမတ်တဦးနှင့် ပတ်သက်၍မူ သတင်းများတွင် မတွေ့ရပေ။

လက်ရှိ ပြည်ထောင်စုလွှတ်တော်က သီဟသူရ ဦးတင်အောင်မြင့်ဦးကို ဒုသမ္မတ ၁ ၊ ဦးခင်အောင်မြင့်ကို ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် ရွေးချယ်ထားသည်။
ဦးထွန်းထွန်းဦး (ဒုတိယ ရှေ့နေချုပ်)
မွေးသက္ကရာဇ်                   ၁၉၊ ၁ဝ၊ ၁၉၅၇
ပညာအရည်အချင်း            BA Law, LLB, MA (Deference) ဘွဲ့ရပြီးမှ စစ်တပ်တွင်း ဝင်ရောက်
လူမျိုး၊ ဘာသာ                 ဗမာ၊ ဗုဒ္ဓ
ဇာတိ                             ဧရာဝတီတိုင်း မြောင်းမြ
မိဘ                               ဦးတင်ငွေ၊ ဒေါ်ညွန့်ရီ (မြောင်းမြ)
ဇနီး                               ဦးဘရှင်-ဒေါ်မေသိန်းတို့၏ သမီး ဒေါ်တင်တင်ဝင်း (မန္တလေးတိုင်း မိုးကုတ်မြို့)

ဦးထွန်းထွန်းဦး (ဒုတိယ တရားသူကြီးချုပ်)
မွေးသက္ကရာဇ်                   ၂၈၊ ၇၊ ၁၉၅၆။ (၅၄-၅၅ နှစ် ရှိရမည်ဖြစ်သော်လည်း အသက်ဖော်ပြချက်တွင် ၅၁ နှစ်ဟုသာ ဖော်ပြထားသည်)
ပညာအရည်အချင်း            BA Law, LLB - ၁၉၇၉ ခုနှစ်တွင် ကျောင်းပြီး
စစ်ဘက်ရာထူး                 ၁၉၈ဝ-၈၁ တွင် ဒုဗိုလ်-ဗိုလ်၊ ၁၉၈၁-၈၉ တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်ကြီး၊ ၁၉၉ဝ-၉၄ တွင် စစ်ဥပဒေချုပ်ရုံးတွင် ဗိုလ်မှူး၊ ၂ဝဝ၇ မှစ၍ နိုင်ငံတော် တရားရုံးချုပ်တွင် ဒုတိယတရားသူကြီးချုပ်
ဇနီး                               ဒေါ်အေးအေးသိန်း (မှီခို)
နေရပ်                            နေပြည်တော်

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊