Friday 18 February 2011

ဝန်ကြီးချုပ်ဟောင်း ဦးနု အုတ်ဂူသံတိုင်များ အခိုးခံရ

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ရုပ်အလောင်းမြှုပ်နှံရာ ရန်ကုန်မြို့ ရေဝေးသုသာန်ရှိ အုတ်ဂူဘေး ကာရံထားသည့် သံတိုင်များ အခိုးခံရကြောင်း သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် မိဘနှစ်ပါး၏ အုတ်ဂူများကို နှစ်စဉ်ပြုနေကျအတိုင်း သွားရောက်ရှင်းလင်းစဉ် အုတ်ဂူ ခြံသံတိုင်များ မရှိတော့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များက တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

UNu
လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း ဦးနု
“ဖေဖော်ဝါရီ ၇ ရက်က အမေဆုံးတာ၊ ဖေဖော်ဝါရီ ၁၄ က အဖေဆုံးတာဆိုတော့ အဲလိုရက်တွေမှာ ကျမတို့က သန့်ရှင်းရေး သွားသွားလုပ်တာပေါ့။ ဇန်နဝါရီလကုန်ပိုင်းက သွားတော့ သံတိုင်တွေ မရှိတော့ဘူး။ တတိုင်မှ မရှိတော့ဘူး” ဟု ဒေါ်သန်းသန်းနုက မဇ္ဈိမကို ပြောသည်။  ၎င်းတို့က သုသာန်ရုံးခန်းကို မေးမြန်းကြည့်ရာ အခိုးခံရသည်မှာ ဟုတ်မှန်ကြောင်း ဝန်ခံသော်လည်း မည်သည့်အချိန် အခိုးခံရသည်ကိုမူ မဖြေဆိုဟု ဆိုသည်။

မိခင်ဒေါ်မြရီ၏ အုတ်ဂူလည်း ခြေရာလက်ရာပျက်နေသဖြင့် မေးမြန်းခဲ့ရာ ဖောက်ထွင်းထားခြင်း မဟုတ်ဘဲ နာမည်ကြေးပြား ကွာကျ၍ ပြန်ပြင်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများဘက်က ရှင်းလင်းပြောပြခဲ့သည်။

“အမေရဲ့ဂူက ဖောက်ထားတဲ့ လက်ရာလို့ ကျမတို့က ထင်တယ်။ အင်္ဂတေ အသစ်ကိုင်ထားတော့ ကျမတို့ကလည်း ဖောက်တယ်လို့ ယူဆတယ်။ သူတို့ကတော့ မဟုတ်ပါဘူးတဲ့၊ အဲဒီက ကြေးပြားပြုတ်ကျလာလို့ အင်္ဂတေ ကိုင်တယ်ပေါ့၊ အဲဒါကြောင့် ဖောက်ထားသလို ဖြစ်နေတာပါလို့ ပြောတယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

မြန်မာပြည်တွင် အုတ်ဂူများ ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများအား ခိုးယူလေ့ရှိကြောင်း သိထားသဖြင့် မိခင်ကြီး ဂူသွင်းစဉ်က မည်သည့် အဖိုးတန်ပစ္စည်းမျှ ထည့်သွင်းမြှုပ်နှံမှု မပြုခဲ့ဟု သူက ဆက်ပြောသည်။

၁၉၉၃ ခုတွင် ကွယ်လွန်ခဲ့သော ဒေါ်မြရီနှင့် ၁၉၉၅ ခုတွင် ကွယ်လွန်ခဲ့သော ဦးနု၏ ရုပ်ကလာပ်များကို မူလက ကြံတောသုသာန်တွင် ယှဉ်တွဲမြှုပ်နှံခဲ့ပြီး၊ ၁၉၉၆ နှစ်ဦးပိုင်းတွင် စစ်အစိုးရက ကြံတောသုသာန်ကို ဖျက်သိမ်းခဲ့သဖြင့် ရေဝေးသုသာန်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

ဦးနုတို့ ဇနီးမောင်နှံ၏ အုတ်ဂူများမှာ သုသာန်၏ အရှေ့ဘက်တန်း အစွန်တွင် မြေချထားသည်။ အနီးရှိ အခြားအုတ်ဂူအချို့၏ ဝင်းသံတိုင်များမှာ ပိုမိုတန်ဖိုးကြီးသည့် သံတိုင်များ ဖြစ်သော်လည်း ခိုးယူခံရခြင်း မရှိဟု ဒေါ်သန်းသန်းနုက ပြောဆိုသည်။

ဤကဲ့သို့ ဝင်းထရံ ခိုးယူခံရမှုအပေါ် မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ဒုမြို့တော်ဝန် ဦးမောင်ပါထံ မိသားစုအနေဖြင့် စာရေးအကြောင်းကြားခဲ့ပြီး၊ သက်ဆိုင်ရာ မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားထားကာ သုသာန် ဝန်ထမ်းများ ထိခိုက်မည်စိုး၍ အမှုမဖွင့်ဟု သူက ဆိုသည်။

ဦးနု ကွယ်လွန်ခြင်း ၁၆ နှစ်မြောက်ဖြစ်သည့် ယခုလ ၁၄ ရက်နေ့တွင် သွားရောက်ဂါရဝပြုခဲ့ရာ အုတ်ဂူကို သက်ဆိုင်ရာက ပြန်လည်၍ ခြံခတ်ပေးထားပြီး ဖြစ်သည်။

ဦးနု အုတ်ဂူ၏ အရှေ့ဘက်တွင် ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ၎င်း၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် (ဒုဝန်ကြီးချုပ်ဟောင်း) ဦးကျော်ငြိမ်း၏ အုတ်ဂူတည်ရန် သတ်မှတ်လျာထားသော်လည်း ယနေ့အထိ ဂူတည်ခြင်း မရှိသေးဘဲ မြေကွက်လပ်အဖြစ်သာ တည်ရှိနေသေးကြောင်း ဒေါ်သန်းသန်းနု ပြောဆိုချက်အရ သိရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊