Friday 18 February 2011

မော်ကျွန်း၌ တမံကျိုး၍ စိုက်ခင်းများ ပျက်စီး

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်နှင့် အနီးဝန်းကျင် ကျေးရွာများတွင် သံခနောက် ရေကျော်တမံကျိုး၍ ရေများ ဝင်ရောက်သည့် အတွက် စိုက်ပျိုးထားသော ပဲ၊ နှမ်း စသည့် ဆောင်းသီးနှံ စိုက်ခင်း ဧက ၂၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားပြီး အခက်အခဲကြုံနေရကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

ဇန်န၀ါရီလကုန်ပိုင်းက ယင်းတမံကျိုးသွားခဲ့ခြင်းကြောင့် ဧရာဝတီမြစ်ရေ တက်ချိန်တွင် မော်ကျွန်းမြို့နယ် ၀န်းကျင်ရှိ ကျွန်းချောင်း၊ သံခနောက်၊ ရှောက် ချောင်း၊ ဝဲစု၊ အောင်လှိုင်၊ ဘေးဘောက် စသည့်ကျေးရွာများ ရေမြုပ်ခဲ့ပြီး စိုက်ခင်းများ ပျက်စီးသွားခြင်းဖြစ်
ကြောင်း သံခနောက် ရွာသား တဦးက ပြောသည်။

“စလုပ်ကတည်းက ဒီမြေသားတမံကို တောင့်တောင့်တင်းတင်း မလုပ်တော့ ရုတ်တရက်မိုးများပြီးမြစ်ရေလည်းလျှံရော မြေသား တမံ ကျိုးပြီး ကျေးရွာတွေ ရေမြှုပ်ကုန်တယ်၊ စိုက်ခင်းတွေလည်း ပျက်စီး ကုန်တာ တော်တော်များတယ်”ဟု သံခနောက် ကျေးရွာအုပ်စုမှ လယ်သမားတဦးကလည်း ပြောသည်။

အဆိုပါမြေသားတမံမှာ နာဂစ်မုန်တိုင်းအပြီးတွင် လယ်သမားများ၏လုပ်အားဖြင့် ပြန်လည်ပြင်ဆင်ပြုလုပ်ထားသော မြေသားတမံဖြစ်ပြီး ဧရာဝတီမြစ်ရေ တက်ချိန်တွင် လယ်များထဲသို့ မြစ်ရေများ မဝင်ရောက်နိုင်ရန် ကာရံထားသော မြေသားတမံဖြစ်သည်။

ထိုသို့ ရေကျော်တမံကျိုး၍ လယ်ထဲမြစ်ရေများဝင်ရောက်ပြီး ဆောင်းသီးနှံများပျက်စီးသွားသောကြောင့် လယ်ယာ အလုပ်သမား ၁၀၀၀ ကျော်မှာ မိသားစုများစားဝတ်နေရေးအတွက် အခက်အခဲများကြုံနေကြရကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“လယ်တွေမှာပျက်စီးကုန်တော့ လယ်သမားအများစု အလုပ်လက်မဲ့တွေ ဖြစ်ကြကုန်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်ကုန်ကြ တယ်၊ ကျနော်တို့ အောင်လှိုင်ကျေးရွာက ကျောင်းတက်နေတဲ့ကျောင်းသား တွေတောင် မိဘတွေရဲ့စားဝတ်နေရေးအတွက် မော် ကျွန်းတက်ပြီး ရရာအလုပ်ဝင်ရှာ လုပ်နေကြရပြီ်”ဟုမော်ကျွန်းမြို့နယ် အောင်လှိုင်ကျေးရွာအုပ်စုမှ လယ်သမားတဦးက ဆိုသည်။

ထို့အပြင် ရိတ်သိမ်းပြီး စပါးတချို့မှာလည်း မြစ်ရေထိ၍ အရောင်ပြောင်းသောကြောင့် အစိုးရသို့ ချေးငွေအစား စပါးပြန်လည်ပေး ဆပ်ရာတွင် လက်မခံဘဲ အတိုးနှုန်းသာထပ်၍ တက်သွားကြောင်း ဘေးဘောက် ကျေးရွာမှ လယ်သမားများက ပြောသည်။

“မြစ်ရေထိသွားတဲ့ စပါးတွေ အရောင်ပြောင်းလို့ မယူဘူးလို့ပြောတယ်၊ ဆောင်းသီးနှံတွေကလည်း မစိုက်ပျိုးနိုင်တော့သူတို့ဆီက
ချေးထားတဲ့ငွေကို ထပ်ယူထားရတယ်၊ အဲဒီတော့အတိုးနှုန်းတွေထပ်တိုးတာပေါ့၊ လယ်သမားတွေရဲ့ဘဝကဒီကနေကိုတက်တော့ မှာ မဟုတ်ဘူး”ဟု ဘေးဘောက် ရွာ လယ်သမားတဦးက ပြောသည်။

အစိုးရက တောင်သူလယ်သမားများအတွက် ချေးငွေများ ထုတ်ပေးသော်လည်း ငွေသားပြန်လည်ပေးဆပ်ရသည် မဟုတ်ဘဲ လယ် ယာများမှထွက်သည့် ဆန်စပါး သီးနှံများအား ငွေတန်ဖိုးအတိုင်း ပြန်လည်ပေးဆပ်ရကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းမှ လယ်သမားအများစုမှာ ၎င်းတို့၏လယ်ယာများ စိုက်ပျိုးရန်အတွက် အတိုးငွေ ၂ ကျပ်နှုန်းဖြင့် အစိုးရထံ မှ ချေးငွေများ ချေးယူ ထားကြကြောင်း သိရှိရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊