Tuesday 15 February 2011

ပြည်တွင်း ဆန်၊ စပါး ဈေးမြင့်တက်

တောင်သူလယ်သမားများ ထံတွင် ရောင်းရန်စပါး လက်ကျန် မရှိတော့၍ ပြည်တွင်း ဈေးကွက်အတွင်း စပါးဈေးများ မြင့်တက်နေပြီး ဆန်ဈေးများလည်း တက်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိ အခြေအနေအရ ဈေးကွက်အတွင်း ဆန်ကြမ်းစပါးများမှာ စပါးတင်း ၁၀၀ လျှင် ကျပ် ၄ သိန်းခွဲ အထက်၊ ကျပ် ၅ သိန်း ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိနေပြီး ဆန်ချောစပါးမျိုးမှာမူ ကျပ် ၆ သိန်းကျော်အထိ ဈေးရှိနေကြောင်း တောင်သူ လယ်သမားများက
ပြောဆိုသည်။“ကျုပ်တို့ တောင်သူတွေမှာ ရောင်းဖို့ စပါးလက်ကျန်ကို မရှိတော့ဘူး။ ကြိုပွိုင့်တွေရော၊ ကုမ္ပဏီတွေရော အကုန်သိမ်းဝယ်ကုန်ကြ တာ၊ ကျနော်တို့ရောင်းတုန်းက စပါးဈေးက ၃ သိန်း ခွဲပဲရတာ၊ ကျနော်တို့လည်း ရောင်းပြီးရော အခု ဈေးတွေတက်ကုန်တယ်”ဟု ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ တောင်သူလယ်သမား တဦးက ပြောသည်။

မိုးစပါး ရိတ်သိမ်းကာလများတွင် ပြည်ပနိုင်ငံများသို့ တင်ပို့နေသော ကုမ္ပဏီများနှင့် ဆန်ကုန်သည်ကြီးများက တောင်သူများထံမှ စပါးများအား ၀ယ်ယူသွားကြသောကြောင့် ယခုကဲ့သို့ မိုးစပါး ရိတ်သိမ်းပြီကာလအတွင်း တောင်သူများထံတွင် စပါးပြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုတော့ စပါးဝယ်လို့ ခက်သွားတယ်။ လှောင်လက်တွေဆီမှာပဲ ရှိတော့တယ်။ ဆက်ပြီးလှောင်လေ ပိုအကျိုးရှိလေဆိုတော့ ဈေးမြောက်တဲ့အထိ ကိုင်ထားကြဦးမှာပဲ။ အဲဒီတော့ ဆန်ဈေးလည်း လိုက်လာတာပဲ”ဟု ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန် သည် တဦးက ပြောသည်။

ဇန်န၀ါရီလအတွင်းက ဆန်ကြမ်းမျိုးဖြစ်သော ဧည့်မထ တအိတ်လျှင် ကျပ် ၁၄၀၀၀ ဈေးဖြင့် ၀ယ်ယူခဲ့ရသော်လည်း ယခုအခါ လက် ကားဈေးတွင်ပင် ဧည့်မထ တအိတ်လျှင် ကျပ် ၁၇၀၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း၊ ဆန်ချောမျိုးဖြစ်သည့် ပေါ်ဆန်းမှာမူ တအိတ်လျှင် ကျပ် ၃၅၀၀၀ ဈေးမှ ယခုအခါ ကျပ် ၃၈၅၀၀ ဈေးအထိ ပေါက်နေကြောင်း ပုသိမ်ပေါ်ဆန်းမွှေးမှာမူ ကျပ် ၄၀၀၀၀ ကျော် အထိ ဈေးတက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ယခင်နှစ်များကထက် ဒေသတချို့တွင် စပါးအထွက်ကျဆင်းမှု အထိုက်အလျောက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းက ပြောသည်။

တနှစ်ပတ်လုံးပြည်ပသို့ ဆန်တင်ပို့ခွင့် ပုံမှန်ခွင့်ပြုခဲ့သော်လည်း ပို့ကုန်ရငွေတန်ဖိုး ကျဆင်းမှု၊ ပြည်တွင်း ပြည်ပ ပေါက်ဈေးနှုန်း အရ တင်ပို့လျှင် အမြတ်နည်းနိုင်သည့် အခြေအနေမျိုးကြောင့် ကုန်သည်များ၏ ဆန်တင်ပို့မှု လျော့နည်းခဲ့ကြောင်း သိရှိရသည်။

သို့သော် ပို့ကုန်ရငွေ ဈေးအနည်းငယ် ပြန်မာလာခြင်း၊ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေး ပိုကောင်းလာခြင်းတို့ကြောင့် ယခုလပိုင်းအတွင်း ဆန်ပြည်ပတင်ပို့မှု ပြန်များလာခဲ့ကြောင်း ပြည်ပပို့ကုန်ဈေးကွက်အတွင်း လုပ်ကိုင်နေသူများက ပြောသည်။

၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ဆန်ဈေးကျဆင်းနေသော်လည်း နှစ်ကုန်ခါနီးနှင့် ၂၀၁၁ ဖေဖော်ဝါရီလ တို့တွင် ဈေးပြန်တက်လာခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီမှ ဒီဇင်ဘာလ အကြား မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊