Saturday 12 February 2011

အဖမ်းဆီးခံ ၃၄ ဦး ပြန်လွှတ်ရန် အိန္ဒိယတွင် ဆန္ဒပြ


 အိန္ဒိယတွင် ၁၃ နှစ်ကြာ ဖမ်းဆီးခံထားရသည့် ရခိုင်နှင့် ကရင်လူမျိုး ၃၄ ဦးအမှု ပြီးဆုံးပြီဖြစ်၍ အမြန်ဆုံး ပြန်လွှတ်ပါရန် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သောကြာနေ့ မနက်ပိုင်းတွင် မြို့လယ်၌ ဆန္ဒပြကာ တောင်းဆိုခဲ့ကြသည်။

စစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် အိန္ဒိယထောက်လှမ်းရေး အရာရှိတဦး၏ လှည့်ဖြားဖမ်းဆီးခံခဲ့ရသည့် အဆိုပါ ၃၄ ဦးအပေါ် စွဲချက်တင်ထားသည့် အမှုများအားလုံး ၂ဝ၁ဝ ခုနှစ် ဇူလိုင်လ ၁၂ နေ့ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း ယနေ့တိုင် ကိုးလ်ကတ္တား အကျဉ်းထောင်တွင် ရှိနေသေးသောကြောင့် မြို့လယ်ရှိ ပါလီမန်အနီး ဂျန်တားမန်တားအရပ်၌ ဆန္ဒပြကြခြင်း ဖြစ်သည်။
“အမှုက ဇူလိုင် ၁၂ ရက်နေ့ကတည်းက တရားရုံးက ကြေအေးပြီးသားပါ။ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ကလည်း သူတို့ကို ဒုက္ခသည်အဖြစ် ယာယီအသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ အခုထိ ထောင်ထဲမှာပဲ ဖမ်းဆီးချုပ်နှောင်ထားတုန်းပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ဒေလီမြန်မာဌာန (Burma Centre Delhi - BCD) တာဝန်ခံ ကိုကင်မ်က ပြောသည်။

စစ်အစိုးရကို တော်လှန်ရန် လက်နက်ထောက်ပံ့မည်ဟူသော အိန္ဒိယထောက်လှမ်းရေး၏ အပြောကို ယုံကြည်ခဲ့သည့် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များဖြစ်သည့် ၎င်းတို့ ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယစစ်တပ်က အိန္ဒိယရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ သောကြာနေ့တွင် ၁၃ နှစ် ပြည့်သည်။

ဤ ၃၄ ဦး အရေးနှင့် ပတ်သက်၍ ဗြိတိန်၊ အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံများတွင်လည်း ဆန္ဒပြပွဲများ တပြိုင်တည်း ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုကင်မ်က ပြောသည်။

တော်လှန်ရေးသမား ၃၄ ဦးကို အမြန်ဆုံး လွှတ်ပေးပြီး အိန္ဒိယတွင် နေထိုင်ခွင့်ပေးရန်၊ UNHCR အနေဖြင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် စသည့် အချက် ၂ ချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB ဝန်ကြီးတဦးဖြစ်သည့် ဒေါက်တာတင့်ဆွေကလည်း အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟမ် ဆင်းန်ထံ စာရေးသား ပေးပို့ခဲ့သည်။

"သူတို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ UNHCR က တာဝန်ရှိတဲ့သူတွေက ကိုးလ်ကတ္တားထောင်မှာ အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဂျီနီဗာက ၄ ယောက်၊ ဒေလီက ၁ ယောက်ပါ။ ထောင်ထဲမှာ ၁၃ နှစ်လောက် နေခဲ့ရတော့ ကျနော်တို့ ရဲဘော်တွေထဲက တချို့က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အင်တာဗျူး ဖြေတဲ့အချိန်မှာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒီအတွက် ကျနော်တို့ အနည်းငယ်တော့ စိတ်ပူမိပါတယ်။ UNHCR ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောပါတယ်" ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။
လက်နက်များ ထောက်ပံ့မည်၊ အပြန်အလှန်အားဖြင့် မြန်မာ့ရေပိုင်နက်အတွင်း တရုတ်ရေတပ်၏ လှုပ်ရှားများ သတင်းပေးရမည်ဟူသည့် အိန္ဒိယထောက်လှမ်းရေးတဦးနှင့် သဘောတူညီချက် ယူခဲ့သည့် ၎င်းတို့ ၃၄ ဦးကို အိန္ဒိယ လုံခြုံရေး တပ်များက လဲန်းဖောကျွန်း၌ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးပြီး ဦးဆောင်သူ ၆ ဦးကို သတ်ပစ်ခဲ့သည်။

၎င်းတို့ကို လက်နက်ရောင်းဝယ်မှုနှင့် အကြမ်းဖက်သူများအဖြစ် စွပ်စွဲကာ အန်ဒမန်ကျွန်းတွင် နှစ်ရှည် ထိန်းသိမ်းခဲ့ပြီး ၂ဝဝ၆ ခုနှစ် အောက်တိုဘာလတွင် ကိုးလ်ကတ္တားရှိ Presidency Jail သို့ ပြောင်းရွှေ့ပေးခဲ့သည်။

ဤအမှုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ၏ ထိပ်တန်း လူ့အခွင့်အရေးရှေ့နေ မစ္စ နန်ဒီတာဟက်ဆာ Nandita Haksar က `လူလိမ်လူကောက် စစ်စုံထောက်´ Rogue Agent အမည်ဖြင့် စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့သည်။

(မဇ္ဈိမ)

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊