Wednesday 16 February 2011

အသက်မပြည့် ပြည်နယ် ကြံ့ဖွံ့ဝန်ကြီး ရုပ်သိမ်းခံရ

ကြံ့ဖွံ့အမတ် ဦးပူးကွီးထန်းကို ဝန်ကြီးခန့်ရန် အသက်မပြည့်ဆိုကာ အတိုက်အခံ အမတ်များက ကန့်ကွက်ခဲ့ရာ အင်္ဂါနေ့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး ဝန်ကြီးစာရင်းတွင် မပါတော့ကြောင်း ချင်းအမျိုးသား ပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးပူးဟုန်ငိုင်းက တနင်္လာနေ့တွင် ဝန်ကြီးအဖြစ် တင်သွင်းခဲ့သော ဦးပူးကွီးထန်းသည် ၃၄ နှစ်သာ ရှိသဖြင့် ဥပဒေသတ်မှတ်ချက်နှင့် မညီညွတ်သဖြင့် ချင်းပြည်နယ် တိုးတက်ရေးပါတီ CNP နှင့် ချင်းအမျိုးသားပါတီ CNP မှ ကိုယ်စားလှယ် ၁၁ ဦး လက်မှတ်ထိုးကာ ထိုနေ့တွင်ပင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်စာတင်ခဲ့သည်။

“မနေ့က ကန့်ကွက်တဲ့ကိစ္စ။ ဒီနေ့တော့ အောင်ပွဲခံလိုက်တယ်။ ဒီနေ့ အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌကနေ စာရတဲ့အကြောင်း စာဖတ်ပြတယ်။ ဝန်ကြီးစာရင်းတွေ ပြန်ပြီးကြေညာတဲ့အချိန်မှာ သူ့နာမည် မပါတော့ဘူးလေ။ သူ့ကို ဝန်ကြီးဘဝကနေ ပြန်ရုပ်သိမ်းလိုက်တယ်” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

သို့သော် အင်္ဂါနေ့ ချင်းပြည်နယ် ဝန်ကြီးများ အမည်စာရင်းတွင် ကန်ပက်လက် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးကွီးထန်း အမည်မှာ စစ်အစိုးရ သတင်းစာတွင် ပါဝင်နေသေးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ (က) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

အခြားသော ချင်းပြည်နယ် ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဦးနန်ဇမုန်၊ ဦးရမ်မန်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း ပြည်နယ် မန်နေဂျာ(ငြိမ်း) ဦးဗန်ထောင်၊ ဦးကျော်ငြိမ်း၊ ဦးကျင်လျန်းပေါင်၊ ရှေးဟောင်း သုတေသန ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဘမောင်နှင့် ဦးနိန်နိုင်းတို့ ဖြစ်ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး စာရင်းများပါ အမျိုးသမီးဝန်ကြီး ၃ ဦးအနက် ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ (ပူတာအို)၊ ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဒေါ်ခင်ပြုံးရည်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့ ဖြစ်သည်။

အမျိုးသမီး ပြည်နယ်ဝန်ကြီး နည်းပါးခြင်းသည် မျှတမှုမရှိသလို ရွေးချယ်သူများက ပညာအရည်အချင်းပေါ် မူတည်ကာ ရွေးချယ်ခြင်း ဖြစ်နိုင်သည်ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က သုံးသပ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးပေါင်း ၁၂၆ ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးလောင်း ၂၉ ဦး ရှိသဖြင့် စုစုပေါင်း ၁၅၅ ဦးအနက် အမျိုးသမီးမှာ ၃ ဦးသာ ပါရှိသည်။

“မကြိုက်လို့နေမှာပေါ့။ ဝန်ကြီးချုပ်က သဘောကျတဲ့လူကို ထားတယ်ဆိုတော့ အဓိက အမျိုးသမီး၊ အမျိုးသား မဟုတ်ပါဘူး။ ဝန်ကြီးဆိုတာ ပညာရှင်ကို ခန့်တဲ့ နေရာပါ။ အခု ကျနော်တို့ ချင်းပြည်နယ်က ၈ တန်း၊ ၉ တန်း လောက်ကိုတောင် ဝန်ကြီးခန့်ထားတာ မမျှတဘူးပေါ့” ဟု ဦးဇိုဇမ်းက သုံးသပ်သည်။

ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်ဝန်ကြီးများ ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမျိုးသမီး ကိုယ်စားလှယ် ၂၂ ဦးထဲမှ မပါဝင်ခဲ့ပေ။

ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး တတိယမြောက်နေ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တင်သွင်းသော ဝန်ကြီးချုပ်၏ ဝန်ကြီးအမည် စာရင်းများတွင် စစ်တပ်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များ လွှမ်းမိုးနေသည်။

ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ ဝန်ကြီး ၉ ဦးစီ တင်သွင်းရာတွင်လည်း တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်ပြီး ကြံ့ဖွံ့ပါတီက အနည်းဆုံး ၆ ဦးထိ ပါဝင်ကာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များမှာ အများဆုံး ၂ ဦးကျသာ ပါဝင်နေသည်။

ရှမ်း၊ မွန်၊ ရခိုင်၊ ဖလုံစဝေါ်၊ ကရင် စသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် အနည်းဆုံး ၂ ဦးစီ ပြည်နယ် ဝန်ကြီးများအဖြစ် ရွေးချယ်ခံထားရသည်။


ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးအဖြစ် အဆိုတင်ခံရသူများ

ကချင်
ပြည်နယ်ဝန်ကြီးများအဖြစ် အရွေးခံရသူများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်၊ ဦးညွန့်အောင်၊ ဦးဘီထောဇောင်း၊ ဦးအလေးပါး၊ ဦးကမန်းဒူနော်၊ ဦးအောင်နိုင်၊ ဦးစိုင်းမောင်ရွှေ၊ ဦးခင်မောင်ထွန်းနှင့် ဒေါ်ဘောက်ဂျာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာတွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးပါ (ခ) ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဒေါ်ခင်ပြုံးရီ၊ လီဆူးတိုင်းရင်းသား ကိုယ်စားလှယ် ဦးအားဆီနှင့် ရဝမ်တိုင်းရင်းသား ကိုယ်စားလှယ် ဦးဂွမ်ရိန်ဒီးတို့ကို အဆိုတင်သွင်းထားသည်။

ကယား
ပြည်နယ်ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်စိုး၊ ဦးတော့ရယ်၊ ဦးချစ်လှ၊ ဦးရဲဝင်း၊ ဦးစောဟူးဟူး၊ ဦးကိုးရယ်၊ ဦးသန်းကျော်စိုး၊ ဦးပိုးရယ် (ခ) ပိုးရယ်ရန်အောင်နှင့် ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးစိန်ဦးကို အမည်စာရင်း တင်သွင်းခဲ့သည်။

ကရင်
ပြည်နယ်ဝန်ကြီး ၉ ဦးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်လွင်၊ ဦးချစ်လှိုင်၊ ဦးစောခင်မောင်မြင့်၊ ဦးမင်းစိုးသိန်း (ခ) ဦးနိုင်မင်းစိုးသိန်း၊ ဦးစောခရစ္စတိုဖာ၊ ဦးစောဆာလောလ၊ ဦးသံဒိုင်၊ ဦးစောဝင်းထိန်နှင့် ဦးစောကြည်လင်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်များအဖြစ် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးခွန်သန်းမြင့်၊ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးခင်ကြူးနှင့် မွန်တိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုင်ချစ်ဦးတို့ကို တင်သွင်းခဲ့သည်။

မွန်
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်မှ ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင်၊ ဒေါက်တာခင်မောင်သွင်၊ ဒေါက်တာ တိုးတိုးအောင်၊ ဒေါက်တာလှဦး၊ ဦးမျိုးညွန့်၊ ဦးဝင်းမောင်ဦး၊ ဦးထွန်းလှိုင်၊ ဦးနိုင်လဝီအောင်နှင့် ဒေါက်တာမင်းနွယ်စိုးတို့ကို ရွေးချယ်သည်။ တိုင်းရင်းသားလူမျိုးစု ဝန်ကြီးစာရင်းတွင် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးဖေမြ ခေါ် ခွန်ဖေမြနှင့် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးသက်ဝင်းတို့ အမည်တင်သွင်းထားသည်။

ရခိုင်
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထိန်လင်း၊ ဦးကျော်ခင်၊ ဦးကျော်သိန်း၊ ဦးစိုးအေး၊ ဦးမြအောင်၊ ဦးသာလူချေ၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးအောင်သန်းတင်နှင့် ဦးလှဟန်တို့ ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးကိုကိုနိုင်ကို တင်သွင်းထားသည်။

ရှမ်း
ပြည်နယ်ဝန်ကြီးများအဖြစ် တပ်မတော်သား ဗိုလ်မှူးကြီး အောင်သူ၊ ဦးခွန်သိန်းမောင်၊ ဦးသောင်းရွှေ၊ ဒေါက်တာမျိုးထွန်း၊ ဦးတူးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်း(ခ) ဦးတင်ထွန်းအောင်နှင့် ဦးစိုင်းထွန်းရင်တို့ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအဖြစ် ကချင်တိုင်းရင်းသားကိုယ်စားလှယ် ဦးဒူဝါဇုတ်ဒေါင်၊ ကယန်း(ပဒေါင်) တိုင်းရင်းသား ကိုယ်စားလှယ် ဦးလောရင်း၊ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ လားဟူတိုင်းရင်းသား ကိုယ်စားလှယ် ဦးရှာမွေလရှဲန်၊ လီဆူးတိုင်းရင်းသား ကိုယ်စားလှယ် ဦးဝှန်ဆန်း (ခ) ဦးယောဝိ၊ အာခါတိုင်းရင်းသား ကိုယ်စားလှယ် ဦးပီတာသောင်းစိန်နှင့် အင်းသား တိုင်းရင်းသားကိုယ်စားလှယ် ဦးဝင်းမြင့်တို့ အမည်များကို တင်သွင်းခဲ့သည်။ ဦးစိုင်းအိုက်ပေါင်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်သည်။

စစ်ကိုင်း
တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကြည်နိုင်၊ ဦးစိန်ဝင်း၊ ဦးစောမြင့်ဦး၊ ဦးစိန်မောင်း၊ ဦးသန်းထိုက်၊ ဦးတင်ငွေ၊ ဒေါက်တာမြင့်သိန်း၊ ဦးတင်ဝင်းနှင့် ဦးကျော်ဝင်းတို့ကို ရွေးထားသည်။ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများအဖြစ် ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုထန်ဘဲလ် (ခ) နိုထန်ကပ်နှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစန်းရွှေတို့ အမည်စာရင်းများကို တင်သွင်းခဲ့ပြီး ဖြစ်သည်။

တနင်္သာရီ
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်၊ ဦးမြတ်ကို၊ လောင်းလုံ ၁ မှ ဒေါက်တာဝင်းအောင်၊ ကော့သောင်း ၂ မှ ဒေါက်တာဝင်းအောင်၊ ဦးသန်းအောင်၊ ဒေါက်တာ ကျော်ဆန်း၊ ဦးဝင်းဆွေ၊ ဦးသိန်းလွင်နှင့် ဦးအောင်ကျော်ကျော်ဦး ဖြစ်သည်။ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးစောဟာဗီကို အမည် တင်သွင်းထားသည်။

ပဲခူး
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သက်ထွန်း၊ ဦးရဲမြင့်ထွန်း၊ ဦးမြင့်လွင်ဦး၊ ဒေါက်တာကျော်ဦး၊ ဦးကျော်မြင့်၊ ဦးထွန်းဝေ၊ ဦးတင်စိုး၊ ဦးကျော်ဌေးနှင့် ဦးဘေဘီအုန်းတို့ ဖြစ်သည်။ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ကရင်တိုင်းရင်းသားကိုယ်စားလှယ် ဦးစောဂျူဘလီစံလှကို တင်သွင်းထားသည်။

မကွေး
တိုင်းဒေသကြီးဝန်ကြီးစာရင်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အန့်ဇော်၊ ဦးဝင်းမြင့်မောင်၊ ဦးဝင်းဖေ၊ ဦးနေရှင်း၊ ဦးအောင်ကျော်မင်း၊ ဦးအောင်နိုင်၊ ဦးကြည်မင်း၊ ဦးသိန်းထွန်းနှင့် ဦးမြင့်နိုင်တို့ ပါဝင်သည်။ တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးဆလိုင်းလှထွန်းကို တင်သွင်းထားသည်။

မန္တလေး
တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တပ်မတော်မှ ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဦးအောင်ဇံ၊ ဦးမြင့်သန်း၊ ဒေါက်တာဝင်းလှိုင်၊ ဦးဖုန်းဇော်ဟန်၊ ဦးကျော်ဆန်း၊ ဦးသန်းစိုးမြင့်၊ ဒေါက်တာမြင့်ကြူနှင့် ဦးအောင်မောင်းတို့ကို ခန့်အပ်ခဲ့သည်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းမောင်လှကို အမည်စာရင်းတင်သွင်းထားသည်။ ဦးဖုန်းဇော်ဟန်မှာ မန္တလေးမြို့တော်ဝန်ဖြစ်သည်။

ရန်ကုန်
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား ဗိုလ်မှူးကြီးတင်ဝင်း၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်၊ ဦးဉာဏ်ထွန်းဦး၊ ဦးစိုးမင်း၊ ဦးကျော်စိုး၊ ဦးသန်းမြင့်၊ ဦးအောင်ခင်၊ ဒေါ်စန်းစန်းနွယ်နှင့် ဒေါက်တာမြင့်သိန်းတို့ ဖြစ်သည်။ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်တိုင်းရင်းသား ဦးဇော်အေးမောင်တို့ကို တင်သွင်းထားသည်။ ဦးဉာဏ်ထွန်းဦးမှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၏ ယောက်ဖ အငြိမ်းစားဗိုလ်မှူးကြီး ဖြစ်သည်။

ဧရာဝတီ
တိုင်းဒေသကြီး ဝန်ကြီးများမှာ တပ်မတော်သား ဗိုလ်မှူးကြီးမောင်မောင်ဝင်း၊ ဦးတင်စိုး၊ ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးစိုးမြင့်၊ ဦးစန်းမောင်၊ ဦးသန်းထွန်း၊ ဦးစောမြသိန်းနှင့် ဦးကျော်ဝင်းနိုင် ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအဖြစ် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမန်းသန်းရွှေနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးဘကြူးကို တင်သွင်းထားသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊