ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု ရေပန်းစားနေသော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ယခုအပတ် အတွင်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေး လိုက်ကြောင်း သတင်းရ ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူရ ဦးရွှေမန်းတို့နှင့်အတူ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဘေကျင်း ခရီးစဉ်၌ ဤသို့ တွေ့ရသည် (ဓာတ်ပုံ - AP)
“ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်ချုပ်ကြီး အိမ်ကို နေ့တိုင်းလိုလို သွားနေရတယ်။ တပ်တွင်းစကားတွေ အရတော့ သြ၀ါဒ ခံယူရတာလို့ပြောတယ်” ဟု နေပြည်တော် စစ် အရာရှိတဦးက ပြောသည်။
ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အမျိုးသား လုံခြုံရေးကောင်စီ အပါအ၀င် လုံခြုံရေးနှင့် ပတ်သက်သော အဖွဲ့အစည်း များတွင် ပါဝင်ရမည် ဖြစ်သည်။ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်သည်ကို လက်သင့် မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မှ ထုတ်ပယ် ခံရပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်မည့်အပေါ် စစ်တပ်အရာရှိ အသိုင်းအ၀န်းက လိုလားခြင်း မရှိကြောင်း သိရသည်။
“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာရင် တပ်မတော်ထဲမှာ အကွဲအပြဲတွေ ရှိလာနိုင်ပါတယ်” ဟု နေပြည်တော် စစ်အရာရှိတဦးက ဆိုသည်။
နေပြည်တော် စစ်တပ် အသိုင်းအ၀န်း၏ အဆိုအရ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
No comments:
Post a Comment