Thursday, 10 March 2011

သက်ဆိုင်သူသို့

zaw gyi one
ပုဂ္ဂိုလ်ရေးအရ သံဃာတော်တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်စေချင်ဘူး၊ သာသနာကို သန့်သန့် ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကားကိုနားထောင်ပြီး နိုင်ငံရေးလုပ်မယ့်အစား တမဂ် တ ဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောနိုင်တဲ့ ကိုယ်တော်တွေ ဖြစ်စေချင်တယ်” ။ ယခုဖော်ပြလိုက် သည့် စာသားမှာ မတ်လ ၂-ရက်နေ့ ည ဘီ ဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီစဉ်တွင် ဂျပန်နိုင်ငံမှ ဦးညွန့်ရွှေ ၏ ပါဝင်ဆွေးနွေး ချက် စကားကိုကောက်နှုတ် ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယင်းဆွေးနွေးမှုအစီစဉ် တွင် ဦးညွန့်ရွှေ ၏ ရဲ့ဆွေးနွေးချက်ကို အပေါ်ယံ ကြည့်ပါက ရဟန်းသံဃာတော်များအပေါ်တွင် ထားရှိသည့် ၄င်း၏ စေတနာကောင်းကိုတော့ အသိအမှတ်ပြုကြရမည်ဖြစ်သည်။ သို့သော် တစ်ခါတရံတွင်စတနာ ကောင်းကို အခြေခံထားသော်လည်း လုပ်ဆောင်ချက်နဲ့ လမ်းကြောင်းတစ်ခုက လွဲမှားနေခဲ့ပါလျှင် အောင်မြင်မှုမှ ဝေးသွားနိုင်သ လို အချိန်လည်းကြာမြင့်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ မှားယွင်း သည့်လမ်းကြောင်းကို အမှန်ဟု မျိုးဆက်သစ်တို့ အထင်မှတ်သွားတတ်ခြင်းပင်ဖြစ်သည်။

လူအများ၏ဦးနှောက်ထဲတွင် စွဲမြဲနေသည့် ကိစ္စရပ်တစ်ခုမှာ ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါး တစ်လမ်း သံ တစ်လမ်းသဖွယ် တွေးထင်နေကြခြင်းဖြစ်သည်။ သို့သော် ဘာသာရေးကို ၄င်းတို့နိုင် ငံရေးအတွက်ဖြစ်စေ ကိုယ်ကျိုးစီးပွါးတစ်ခုအတွက်ဖြစ်စေ အသုံးချလိုသည့်အချိန်မှာတော့ မျဉ်း ပြိုင်အဖြစ် အသုံးပြုတတ်ကြလေသည်။ စာရေးသူအနေဖြင့် ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါး တစ်လမ်း သံတစ်လမ်းအဖြစ် မယူဆနိုင်သလို မျဉ်းပြိုင်တစ်ခုအဖြစ်လည်း မယူဆနိုင်ပေ။ နိုင်ငံ တစ်ခု လူအဖွဲ့အစည်းတစ် ခု၏ တည်ငြိမ်အေးချမ်းရေးအတွက် အာဏာစက်သည်လိုအပ်သလို ဓမ္မ စက်မှာလည်း မရှိမဖြစ်လိုအပ်လှပေသည်။ ဓမ္မစက်လွှမ်းမိုးမှုမရှိသည့် မည်သည့်အာဏာစက်မဆို စစ်မှန်သည့် ငြိမ်းချမ်းမှုရလာဒ်မျိုးကို ပေးနိုင်မည်မဟုတ်ပေ။ ဘာသာရေး၏ အထိမ်းအကွပ် ဘာ သာရေး၏ အဆုံးအမ လမ်းညွှန်မှုများသည် ဓမ္မစက်လွှမ်းမိုးရေးဖက်ကို ဦးတည်နေသည်ဆို သည် မှာ ငြင်းပယ်၍မရနိုင်ပေ။ ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက်များကို လက်တွေ့ကျကျ လေ့လာကြည့်ပါ က နိုင်ငံရေး စီးပွါးရေး လူမှုရေးစသည့် အရေးကိစ္စပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိရပေ လိမ့်မည်။ အကယ်၍ ဗုဒ္ဓဘာသာနှင့် ယင်းအရေးကိစ္စများ မသက်ဆိုင်ခဲ့ပါက အကျိုးမရှိသည်ကို ပြောဆိုတော်မမူ သည့် မြတ်စွာဘုရားအနေဖြင့် မူလကတည်းက ဟောကြားတော်မူခဲ့လိမ့်မည်မ ဟုတ်ပေ။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော်ကပင် နိဗ္ဗာန်ချမ်းသာကို ၀င်စံတော်မူနိုင်သော် ငြားလည်း ငါသိသလို သတ္တ၀ါအများကို သိရှိစေရမည်၊ ငါ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်သ လို သတ္တ၀ါအများလည်း လွတ်မြောက်စေရမည်၊ ငါ သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကူးမြောက်သလို သတ္တ၀ါအပေါင်းကိုလည်း ကူးမြောက်စေရမည် ဟူသည့် သတ္တ၀ါတို့အပေါ် မဟာကရုဏာကြီးမား စွာဖြင့် ပါရမီတော်ကြီးများကို ကမ္ဘာပေါင်းများစွာ ပင်ပန်းဆင်းရဲ စွာဖြင့် ဖြည့်ကျင့်တော်မူခဲ့သည်။ ယင်းကဲ့သို့ ဘုရားမဖြစ်မှီ ဘုရားအလောင်းတော် ၏ ရည်ရွယ်ချက်တစ်ခု တည်းကပင် ဗုဒ္ဓဘာသာ၏ အဓိကဦးတည်ချက်က ဘာလဲဆိုသည်မှာ ထင်ရှားနေသည်။

သိဒ္ဓတ္ထမင်းသားတစ်ဖြစ်လည်း ဂေါတမဘုရားအလောင်းတော်ကြီးသည် မဟာသက္ကရဇ် ၁၀၃-ခုနှစ် ကဆုန် လပြည့်နေ့ ည၏ နောက်ဆုံးယံတွင် သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူပြီး လောကသုံး ပါး၌ အတုမရှိဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးနောက် ပထမ၀ါ၌ပင်  နောက်လိုက် တပည့်သံ ဃာအပါး ၆၀-ရရှိတော်မူခဲ့သည်။ ၄င်းသံဃာတော်အပါး ၆၀ ကို မိန့်တော်မူခဲ့သည့် မြတ်စွာဘုရား ၏ စကားတော်မှာ ရဟန်းသံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်များအတွက် အထူးသဖြင့် ထိုထိုအရေး ကိစ္စများတွင် ဗုဒ္ဓ၀ါဒ၏ပါဝင် ပတ်သက်မှုများကို နားလည်မှုလွဲမှားနေကြသူများအတွက် မှတ်သား ဖွယ်ရာကောင်းလှပေသည်။ သံဃာတော်အပါး ၆၀-ကို မြတ်စွာဘုရားရှင်မိန့်ကြားတော်မူခဲ့သည်မှာ “ရဟန်းတို့ ‘ လူအများရဲ့ အစီးအပွါးအလို့ငှါ လူအများရဲ့ ချမ်းသာသုခအလို့ငှါ ခရီးထွက်ကြ စသည် တို့ပင်ဖြစ်သည်။ ယင်းစကားရပ်သည် မြောက်များလှစွာသော ဘုရားရှင်၏ စကားတော်များထဲမှ အ စိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်သည်။

ဦးညွန့်ရွှေ ပြောသွားခဲ့သည့် “သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကား ကိုနားထောင်ပြီး” ဆိုသည့်စကားတွင်  ဗုဒ္ဓ၏ စကားတော်များက ဘာတွေနည်းဆိုသည်ကို ၄င်းအ နေဖြင့် လေ့လာရန်ပျက်ကွက်နေပုံရ သည်။ အပြစ်သင့်ခြင်းဆိုရာဝယ် မလုပ်အပ် မလုပ်သင့်သည် ကို ပြုလုပ်မိ လွန်ကျူးမိခြင်းကြောင့် အပြစ် သင့် ရောက်ရသကဲ့သို့ လုပ်သင့် လုပ်ထိုက်သည်ကို မ လုပ်ခြင်းမှာလည်း အပြစ်တစ်ခုပင်ဖြစ်လေသည်။

ဗုဒ္ဓဘာသာ၏ မှတ်တမ်းဖြစ်သည့် ပိဋကတ်သုံးပုံကို ပြန်လေ့လာကြည့်ပါက မြတ်ဗုဒ္ဓသည် တစ်မဂ် တစ်ဖိုလ် ကိစ္စလောက်ကိုသာ ဟောတော်မူခဲ့တာမဟုတ်ပေ၊ ဦးညွန့်ရွှေ ပြောသွားခဲ့သည့် စကား ထဲတွင် “ရဟန်းသံ ဃာတော်တွေ နိုင်ငံရေးလုပ်မယ့်အစား တစ်မဂ် တစ်ဖိုလ်ပေါက်အောင်လုပ်ဖို့” ဆိုပြီး တိုက်တွန်း သွားခဲ့သည်ကိုလည်း ကြားလိုက်ရသည်။ ဤနေရာတွင် နိုင်ငံရေးဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် လေ့လာဖို့လိုအပ်လှပေသည်၊ လူအပါအ၀င် သက်ရှိသတ္တ၀ါ ပေါင်းများစွာရှိနေသည့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့စွမ်းနိုင်သည့်ဖက်မှ လုပ်ဆောင်နေ ကြခြင်းသည်လည်း နိုင်ငံရေးပင်မဟုတ်ပါလား။ တမဂ် တဖိုလ် ဆိုသည့်ကိစ္စထဲတွင် အစာအဟာရ စားသောက်မှီဝဲသုံးဆောင်မှု စသည်များမပါဝင်ပေ။ ယင်းစားသောက်မှုစသည့် ကိစ္စများရပ်များ သည် လောကီကိစ္စမျှသာဖြစ်ပေ သည်။ လောကီ လောကုတ်ကိစ္စများ ကိုခွဲပြီး ရဟန်းသံဃာတော် များအနေဖြင့် လောကုတ္တရာကိစ္စများနဲ့သာ သက်ဆိုင်သည် လောကီကိစ္စများနှင့် မသက်ဆိုင်ရဟု ကန့်သတ်လိုက်ပါလျှင် အစာအာဟာရ စားသောက်မှုများပင် ရှောင်ကျင်ရပေတော့ မည်။ လောကမှ လွတ်မြောက်ခြင်း သည် ပင် လောကုတ္တရာဖြစ်ခြင်း ကြောင့် လောကမှ မလွတ်မြောက်သေး မှီ လောကအလုပ် လောကီအလုပ်များကို လုပ်နေရခြင်းမှာ အထူးအဆန်း မဟုတ် သလို လောကီကိစ္စ ရပ်တိုင်းမှာလည်း အပြစ်ရှိသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ မိမိလုပ်ဆောင်သည့်လုပ်ရပ် အပြစ် ကင်းစင်ဖို့သာ လိုအပ်ပါ သည်။ ဘုရားဟောတော်မူထားသည့် ပိဋကသုံးပုံကို အနှစ်ချုပ်လိုက်လျှင် မကောင်းမှုကို ရှောင်၊ ကောင်းမှု ကို ဆောင်ပြီး၊ မိမိစိတ်ကို ဖြူစင်အောင် ထားရေးဆိုသည့် အချက် သုံးချက်ကိုတွေ့ရပေလိမ့်မည်။ ထို့ကြောင့် မိမိနိုင်ငံနှင့် မိမိတို့ လူမျိုးကောင်းကျိုးတို့အတွက် လုပ် ဆောင် ပြောဆိုနေခြင်း မှာ အပြစ်တစ်ခုလားဟု ပင် ပြန်လည်ပြီးမေးခွန်းထုတ်ရပေလိမ့်မည်။

တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟော ဖို့” ဆိုပြီးလည်း ယင်းအစီစဉ်တွင် ဦးညွှန့်ရွှေ မှတိုက်တွန်းသွားခဲ့သည်။ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောဖို့ ဆိုသည့်ကိစ္စတွင် တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးမှ တနည်း အားဖြင့် မဂ်ဖိုလ်၇ပြီးမှ ဟောပြောလို့ရပါသလား ဟုမေးလိုက်ချင်သည်၊ တစ်ချိန်တည်းမှာပင် မြန် မာနိုင်ငံတွင်းမှ သံဃာတော်တွေ ကရော ငြိမ်းချမ်းရေးတရားတွေကို လွတ်လွတ်လပ်လပ် ဟော ပြောခွင့်ရကြပါရဲ့လား ဆိုသည်ကိုလည်း စဉ်းစားစေချင်သည်။ ရဟန်းသံဃာ တနည်း အားဖြင့် သံဃာ့အဖွဲ့အစည်းကြီးကို မိမိဟောဖော်ညွှန်ပြတော်မူခဲ့သည့် တရားတော်များကို ထိန်းသိမ်းစောင့် ရေး ကျယ်ကျယ်ပြန့်ပြန့် ဟောပြော ပို့ချရေးတို့အတွက် မြတ်စွာဘုရားရှင်မှ တည်ထောင်ထားတော် မူခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားရှင်ဟောတော် မူခဲ့သည့် တရားတော်များက ဘာတွေဖြစ်သည် မည်မျှကျယ်ဝန်း သည် ဆိုသည်တို့ကို လေ့လာသင့်ကြပေသည်။ ဘာသာ အယူဝါဒတစ်ခုနဲ့ ဆက် စပ်ပြီး ဆွေးနွေး ဝေ ဖန် ပြောဆိုကြရာ တွင် မိမိပြောဆို ဆွေးနွေးမည့် ယင်းအကြောင်းအရာကိစ္စနဲ့ ဆက်စပ်နေသည်များကို ဓမ္မဓိဋ္ဌာန်ကျကျလေ့ လာမှုမရှိပဲ မိမိကိုယ် ပိုင်အသိအမြင် အတွေးအခေါ် မျှဖြင့် ပြောဆိုဆွေးနွေးပါက အဂတိတရားများ၏ လွှမ်းမိုးမှုအောက်တွင်သာ အဆုံးသတ် သွားနိုင်ပြီး နောင် လာ နောက်သားတို့အတွက်မှာလည်း အမှားကိုပင် အမှန်ဟု အထင်ရောက်သွားနိုင်သည်။

အတွေးမှား အယူမှား မျိုးစေ့များကို အနာဂတ်မျိုးဆက်သစ်တို့၏ နှလုံးသား ဥယျာဉ်ဝယ် မစိုက်ပျိုး မိကြစေဖို့ တိုက်တွန်းလိုက်ရပါသည်။

                                                                                                                  အရှင်ဥက္ကဋ္ဌ

                                                                                                                               

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊