Thursday 7 April 2011

ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည် (၂)

              ယဉ်ကျေးခြင်းနဲ့  ယဉ်ကျေးမှု Culture မတူကွဲပြား ခြားနားပါတယ်ဆိုပြီး ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဖတ်ရှုသူတယောက် ယဉ်ယဉ်ကျေးကျေး မှတ်ချက်ပေးထားတာ တွေ့ ရပါတယ်။ကျေးဇူးတင်ပါတယ်။ ထောက်ပြဝေဖန်ပြောဆိုတာကို ကျေးဇူးတင်ရမယ်ဆိုတာလည်း ယဉ်ကျေးမှု မဟုတ်ပါလားခင်ဗျာ။ သိသမျှ ခံစားရသမျှ မျှဝေခြင်းသာဖြစ်ပါတယ်။ ရေးချင်တာကို ရေးခွင့်မရနိုင်တဲ့ ပြည်တွင်းအခြေအနေအရ ဧရာဝတီရဲ့ ကျေးဇူးကြောင့် ရေးပြခွင့်ရတာမို့  ဧရာဝတီကိုလည်း ကျေးဇူးအထူးပါပဲ။
Culture : ယဉ်ကျေးမှု
1.(archeology) a particular society at a particular time and place
“early Mayan culture"
တချိန်ချိန်နေရာရာကလူ့ အဖွဲ့အစည်းတခုခု (အစောပိုင်း မေယန် ယဉ်ကျေးမှု)
2. The tastes in art and manners that are favored by a social group
လူမှုအသိုင်းအ၀ိုင်းတခုက နှစ်သက်သဘောကျတဲ့ အနုပညာ အမူအယာ အမူအကျင့်
3. A highly developed state of perfection; having a flawless or impeccable quality
အပြစ်အနာအဆာမရှိ အဆင့်မြင့်မြင့် ပြီးပြည့်စုံခြင်း
4. The attitudes and behavior that are characteristic of a particular social group or organization
လူမှုအသိုင်းအ၀ိုင်းတခုခု အဖွဲ့ အစည်းတခုခု၏ သဘောထား အမူအကျင့်အရ ထူးခြားသော လက္ခဏာ
Culture (ယဉ်ကျေးမှု) ကို အနောက်က အဲသလို ဖွင့်ဆိုထားပါတယ်။
ကျောက်ခေတ်တုန်းက ကျောက်ခေတ်ယဉ်ကျေးမှု၊ ကြေးခေတ်ရောက်တော့ ကြေးခေတ် ယဉ်ကျေးမူ၊ ဒီလိုနဲ့  ပုဂံယဉ်ကျေးမှု ကုန်းဘောင်ယဉ်ကျေးမှု စစ်ကြိုခေတ်ယဉ်ကျေးမှု ကိုလိုနီ ခေတ်ယဉ်ကျေးမှု ဂျပန်ခေတ် ယဉ်ကျေးမှု ပါလီမန်ဒီမိုကရေစီခေတ်ယဉ်ကျေးမှု မဆလ ယဉ်ကျေးမှု န၀တယဉ်ကျေးမှု စသည်ဖြင့်ပေါ့လေ။လူမျိုးအလိုက်ဆိုရင်လည်း မြန်မာယဉ်ကျေးမှု ရှမ်းယဉ်ကျေးမှု ကရင်ယဉ်ကျေးမှု စသည်ဖြင့်။ နိုင်ငံအလိုက်ဆိုရင်လည်း ယိုးဒယားယဉ်ကျေးမှု ဂျပန်ယဉ်ကျေးမှု အမေရိကန် ယဉ်ကျေးမှု စသည်ဖြင့်။ယဉ်ကျေးမှုထဲမှာ ပါဝင်ပတ်သက်နေတာတွေကတော့ ဘာသာ တရားကစလို့  စာပေ အနုပညာ ပြောဆိုဆက်ဆံမှု ၀တ်စားဆင်ယဉ်မှု နေထိုင်စားသောက်မှု အကုန်လုံးပါပဲ။ ယဉ်ကျေးမှုဆိုတာ တခေတ်နဲ့ တခေတ်မတူသလို လူမျိုးတမျိုးနဲ့ တမျိုး နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံလည်း မတူပါ။ ပြောင်းလဲမှုကလည်း အမြဲရှိနေခဲ့ပါတယ်။ အဲဒီခေတ် အဲဒီအချိန်မှာ အဲဒီလူမျိုးတမျိုးက သဘောကျလက်ခံမှုဟာ ယဉ်ကျေးမှုပါပဲ။ ထို့အတူ ယဉ်ကျေးခြင်းဆိုတဲ့ ပြောဆိုဆက်ဆံ ၀တ်စားဆင်ယင်မှုကလည်း ယဉ်ကျေးမှုခေါင်းစဉ်အောက် မှာပါပဲ။
ယဉ်ကျေးမှုဆိုတာ ဘာသာတရားက ပေါက်ဖွားလာပါတယ်။ ခေတ်တခေတ် ယဉ်ကျေးမှု ဘယ်လောက် ထွန်းကားခဲ့သလဲဆိုတာ အဲဒီအချိန်အခါက အဲဒီလူတွေ ဘာသာတရားကို ဘယ်လောက်လေးစား လိုက်နာခဲ့ကြသလဲအပေါ်မှာ တည်ပါတယ်။ မြန်မာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓဂေါတမ ဘုရားရှင် သွန်သင်ပြသခဲ့တဲ့ ဘယ်လိုယဉ်ကျေးစွာ ပြုမူ့ကျင့်ကြံ နေထိုင်ရမယ်ဆိုတဲ့ အဆုံးအမ ဘာသာတရားကို လေးစားလိုက်နာခဲ့ကြတာကြောင့် ယဉ်ကျေးတဲ့လူမျိုး ဖြစ်ခဲ့တာပါ။ယဉ်ကျေးမှု မပျောက်အောင် ဗုဒ္ဓဂေါတမဟောကြားခဲ့တဲ့ ဘာသာတရား အဆုံးအမ တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ ဘာသာတရားကို လက်ဆင့်ကမ်းသင်ကြား ပို့ချလာခဲ့ကြတဲ့ သံဃာတော်တွေကို စောင့်ရှောက် အားပေးချီးမြှင့်ဖို့ လိုပါတယ်။
ဘုရားတွေတည် ရွှေတွေဝင်းနေအောင်သုတ် လုပ်နေတာ ယဉ်ကျေးမှုကို ထိန်းသိမ်း တာမဟုတ်ပါ။ ယတြာချေတာဖြစ်ပါတယ်။ သံဃာဂိုဏ်းခွဲ အဆင်ပြေတဲ့ ဘုန်းကြီးတော့ တီဗီ ဟန်းဖုန်း ကားတွေပေး အဆင်မပြေတဲ့ဘုန်းကြီးတော့ တရားပွဲပါမစ်ပိတ် ဖမ်းဆီးထောင်ချ။ အဆင်ပြေတဲ့ဘုန်းကြီးကျောင်း ချဲရောင်းရောင်း အရက်ပုန်းရောင်းရောင်း ဘာမှမပြော။ အဆင်မပြေရင်တော့ စာသင်တိုက်လည်းပိတ် စာသင်သားတွေလူစုခွဲ အရပ်ပြန်လွှတ်။ တနိုင်ငံလုံး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆိုဖွဲ့ ပြီး အေရိုးဘစ်က။ ဘီယာဆိုတာ အရက်မဟုတ်ပါဆိုပြီး အရက်ဆိုင်ပါပစ်တွေ ဖောဖောသီသီထုတ်ပေး တနိုင်ငံလုံး အရက်ဆိုင်မှိုလိုပေါက်။ ရေးရရင်တော့ ကုန်နိုင်ဖွယ်မရှိပါ။ အဲဒါတွေဟာ သာသနာဖျက်လုပ်ရပ်တွေပါ။ သာသနာကွယ်ရင် ယဉ်ကျေးမှုလည်း ပျောက်ပြီပေါ့။ မြန်မာ ပြည်သူပြည်သားတွေ ရိုင်းစိုင်းလာရခြင်း အဓိကအကြောင်းရင်းက ဗုဒ္ဒသာသနာ ဗုဒ္ဓအဆုံးအမ တွေ မသိနားမလည် မလေးစား မလိုက်နာကြတော့လို့ပါပဲ။ တနည်းအားဖြင့် ပြည်သူတွေ ဒီလိုဖြစ်လာအောင် အာဏာရှင် စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ သာသနာ ဖျက်လုပ်ရပ် တွေကြောင့်ပါပဲ။
ဗုဒ္ဓရဲ့ မေတ္တာ ဂရုဏာ မုဒိတာ တန်းတူညီမျှ တရားမျှတ အများသဘောဆန္ဒ ဆိုတဲ့ စကားလုံးတွေကို အာဏာရှင်တွေ နားခါးပါတယ်။ လုံးဝမကြိုက်ပါ။ ရဲဘော်မသေ သေသော်ငရဲမလား။ သတ်ချင်တိုင်းသတ် အပြစ်မရှိ။ ခိုးချင်တိုင်းခိုး အပြစ်မရှိ။ လိမ်ချင်တိုင်းလိမ် အပြစ်မရှိ။ သောက်ချင်တိုင်းသောက် အပြစ်မရှိဆိုတာတွေကို သူတို့က မမှိတ်မသုန် ယုံကြည်ကိုးကွယ် ထားကြတာပါ။ဒါကြောင့်လည်း အချိန်မနှောင်းခင် မင်းကောင်းမင်းမြတ်တပါး မြန်မြန်ပေါ်ပါစေလို့ မျှော်လင့်မိတာပါ။ မင်းကောင်းမင်းမြတ် ဆိုကတည်းက ဘာသာသာသနာကို ကာကွယ် စောင့်ရှောက်တဲ့ မင်းပေါ့။ ခုတော့ ဘုန်းကြီးဆွမ်း လောင်းရင်တောင် ထောင်ကျနိုင်သလား စိုးရိမ်နေရ တဲ့ဘ၀ပါ။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊