Monday 13 June 2011

မီးခြစ်တစ်ဆံ (သို့ မဟုတ်) ပြည်သူ့ တပ်မတော်သားကောင်းတစ်ဦး (သို့ ) ဒီမိုကရေစီရရှိရေးတော်လှန်တိုက်ပွဲဝင် သူရဲကောင်းတစ်ဦး။


မီးခြစ်တစ်ဆံ။
(၁)
အနှစ်၂၀
ဆိုပါလားဟေ့ … ။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ်
တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ … ။

အနှစ်၂၀ ဆိုပါလားဟေ့ … ။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ
မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ … ။

အနှစ်၂၀ ဆိုပါလားဟေ့ …။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ
ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာမှန်သမျှ
မုသားပုဒ်မနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ
့ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက်
အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။

(၂)

“မီးပွားကလေးကနေပြီး
မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့
အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…”
(ဂေါ်ကီ)
မောင်သော်ကရဲ့ ‘မီးခြစ်တဆံ’ ဟာ
နောင် … အနှစ် ၂၀
ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင်
ဖြစ်လာလိမ့်မယ် ။ ။

(မောင်သော်က (ခ) ဗိုလ်မှူးဘသော်)။ အထက်ဖေါ်ပြပါကဗျာကတော့ ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူစာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)(ကွယ်လွန်) ရဲ့ အကျဉ်းထောင်အတွင်းမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။





(အောက်ဖေါ်ပြပါ ဓါတ်ပုံမှာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် မိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူဆရာမောင်သော်က (ဗိုလ်မှူးဘသော်) ကို တွေ့ ခဲ့ရစဉ် ဖြစ်ပါတယ်)။





၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ (၁၁)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ရပါတယ်။

ဗိုလ်မှူးဘသော် (ခ) ဆရာ မောင်သော်က။
ရွှေဘိုမြို့  စစ်ကိုင်းတိုင်း ဇာတိ ဖြစ်သည်။
၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့ တွင် ဖမ်းဆီးခြင်း ခံရသည်။
၁၉၉၁ ခုနှစ်၊ ဇွန်လတွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံရေး နောက်ခံ။မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိ များသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရ ထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူ ခဲ့စဉ်က ဦးဘသော် (ခ) ဆရာမောင်သော်ကသည် သင်္ဘောပေါ်တွင်အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

မောင်သော်က အမည်ဖြင့်စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦးဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ်မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁ဝ၃” အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာလူကြိုက်များ ထင်ရှားသည်။

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေ အနုပညာရှင်များက မြန်မာ့တပ်မတော်ကို လူထုအား ရက်ရက်စက်စက် ပစ်ခတ်နေမှုများအား ရပ်ဆိုင်းရန်ကန့်ကွက်တောင်းဆိုသည့်အခါက ပါဝင်လက်မှတ်ရေးထိုး ခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂတွင် ဥက္ကဌ အဖြစ် ရွေးချယ် ခံရသည်။ စစ်တပ် အာဏာ သိမ်းပြီး နိုင်ငံရေး ပါတီများဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလတွင် တပ်မတော် (ရေ) ကိုပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ် အရာရှိ များထံ အရာရှိဟောင်း တဦး အနေဖြင့် စာများရေးသား ပို့ပေး ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ် တွင် ဖမ်းဆီး ခံရသော အခါ တပ်မတော်ဖြိုခွဲမှုဖြင့် စွဲချက် တင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ ဖြင့် ထောင်ဒဏ် အနှစ်၂ဝ ချမှတ် ခံရသည်။



ဆရာမောင်သော်က၏လှောင်ပြောင် သရော်သော မိန့်ခွန်းများ ကဗျာ များနှင့် ဆောင်းပါး များမှာ မြန်မာနိုင်ငံတွင် နာမည်ကြီး လူကြိုက်များလှသည်။ “သူ့ စာပေက ပြည်သူတွေကို ရယ်စေတယ်။တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေ ကိုလည်း လှုံ့ဆော် ပေးတယ်” ဟု သူ့ မိတ်ဆွေ တဦးကပြောပြသည်။ သူသည် ကမ္ဘာ့ စာပေ ထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ နဝတက သူ့အားဖမ်းဆီး ထောင်ချ ထားစဉ်ကာလမှာပင်လျှင် သူသည် ကဗျာများကိုလျှို့ဝှက်ရေးခဲ့သေးသည်


အသက်ဆုံးရမှု။အဖမ်း မခံရခင် ကတည်းက ဆရာ 

မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရ သဖြင့် လေဖြတ် သွားသည်။ ထောင်ဆရာဝန်၏ သာမန်ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန် များဖြင့် ကုသရန် တင်ပြ သော်လည်းအာဏာပိုင် များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့  တွင် နှလုံး ရောဂါဖောက်လာ သဖြင့် အာဏာပိုင် များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီးအချုပ်ခန်း အတွင်း၌ သေဆုံး ခဲ့ရသည်။


ယနေ့ ဖွန်လ (၁၁) ရက်နေ့ တွင် ကွယ်လွန်ခဲ့သော ဆရာမောင်သော်က (ခ) ဗိုလ်မှူးဘသော်အား တိုင်းပြည်နှင့်   ပြည်သူလူထုအကျိုးအတွက် အသက်ကိုပင် စွန့် လွှတ်အနစ်နာခံကာ ကြိုးစားဆောင်ရွက်ခဲ့သော ပြည်သူ့ တပ်မတော်သားကောင်း တစ်ဦးအဖြစ်လည်းကောင်း၊ ရဟန်းရှင်လူပြည်သူ အပေါင်းလို လား တောင်းတလျက်ရှိသော လွတ်လပ်မှုနှင့် ဒီမိုကရေစီရ ရှိရေးတော်လှန်တိက်ပွဲဝင် အတွင်းဦးဆောင်တိုက်ပွဲဝင်ခဲ့သူ သူရဲကောင်းတစ်ဦးအဖြစ်လည်းကောင်း  အသိအမှတ်ပြု  ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊