Tuesday 1 March 2011

ဂီရိကြောင့်ပျက်စီးသွားသည့် တာတမံများကို အန်ဂျီအို အလှူငွေဖြင့် တည်ဆောက်မည်

zaw gyi one
ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မြေပုံမြို့နယ်အတွင်း ဂီရိမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် တာတမံများကို အန်ဂျီအိုအဖွဲ့တခုမှ လှူဒါန်းသည့်ငွေဖြင့် ပြန်လည်တည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေကို ကုလသမဂ္ဂလက်အောက်ခံ Save the Childern အန်ဂျီအိုမှ မကြာသေးမီက လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မှ လူငယ်တဦးကပြောသည်။

“Save the Childern အင်ဂျီအိုက လှူတဲ့ငွေနဲ့ ကျွန်တော်တို့ “လင်းရောင်ခြည်”အဖွဲ့ကဦးဆောင်ပြီး ကျောက်ဖြူနဲ့ မြေပုံမြို့နယ်မှာ ပျက်စီးနေတဲ့ တာတမံတွေကို ပြန်ပြီးတည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အခု သက် ဆိုင်ရာလူငယ်တွေ တာဝန်အသီးသီး ခွဲပြီး သွားနေကြပါပြီ” ဟု ကျောက်ဖြူမြို့မှ အဖွဲ့မှခေါင်း ဆောင်တဦးဖြစ်သူ ကိုဗလကြီးက ပြောသည်။

“လင်းရောင်ခြည်” အဖွဲ့မှာ ကျောက်ဖြူမြို့မှ တက်ကြွသည့်လူငယ်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ ဖြစ် သည်။

ယခု ရရှိထားသည့်ငွေဖြင့် ကျောက်ဖြူမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် ရွှေညိုမအုပ်စု၊ လောင်းခုတ်တောင် အုပ်စု၊ ၀ါးတောင်အုပ်စုနှင့် မြေပုံမြို့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် ရှိသည့် သင်းပေါင်းချောင်းအုပ်စုတွင် ပျက်စီးသွားသည့် တာတမံများကို စတင်ပြုပြင်မည်ဟု သိရ သည်။

ယခုကဲ့သို့ ပျက်စီးသွားသည့် တာတမံများကို ပြန်လည် မတည်ဆောက်နိုင်ပါက ဒေသခံ လယ်သမား များမှာ လာမည့်နှစ်တွင် ပိုမိုဒုက္ခရောက်နိုင်ကြောင်း ရွှေညိုမ ကျေးရွာသားတဦးက ယခုကဲ့သို့ ပြော သည်။

“ အခုလို အန်ဂျီအိုတွေနဲ့ စေတနာရှင်လူမှုအဖွဲ့တွေ ကူညီတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီတာတာတမံတွေကို ပြန်ပြီးမလုပ်နိုင်ရင် လာမဲ့မိုးရာသီမှာ ကျွန်တော်တို့ စပါးစိုက်လို့ရမှာမဟုတ်ဘူ။ စပါးမစိုက်နိုင်ရင် ကျွန်တော်တို့ပိုပြီး ဒုက္ခရောက်မယ်။”

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့က ၀င်ရောက် တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်း ကြောင့် သိန်းနှင့်ချီသောဒေသခံများမှာ အိုးမဲ့အိမ်မဲ ဖြစ်နေကြရသည့်အပြင် လယ်ယာလုပ်ငန်း များမှာလည်း များစွာ ပျက်စီးခဲ့သည်။

ဂီရိမုန်တိုင်းဒဏ်ကို ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်များမှာ အဓိကခံခဲ့ရပြီး ဒေသခံအများစုမှာ ယခုတိုင် အိုးအိမ်မတည်ဆောက်နိုင်သည့်အပြင် သောက်သုံးရေ အခက်အခဲနှင့် ကြုံနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊