Wednesday, 23 March 2011

ရေချမ်းစင် ဧယင်ကျူး

zaw gyi one
၁။
အစကတည်းက သည်လမ်းသည် ခရီးကို သွားမည်ဆိုလျှင် ခန်္တီစ-သည်းခံခြင်း တရားသော် လည်းကောင်း ကြုံပလေ ဘုံပွေပဲ ဖြစ်လာမှတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဟူသည့်
ထီမထင် စိတ်ဓာတ်မျိုးကို သော်လည်းကောင်း မွေးမြူထားမှ ဖြစ်မည်ဟု ကျွန်တော် သိခဲ့ပါသည်။ ထိုသို့ သိရန်လည်း ယခင့် ယခင် အတွေ့အကြုံ များက သင်ပြပေးခဲ့ပြီး ဖြစ်သည်။ အခြားလမ်း ခရီး မဟုတ်ပါ။ ကျွန်တော်တို့ မြို့ကလေးမှသည် အထက်သို့ တက်သော လမ်းခရီးကို ဆိုလိုခြင်း ဖြစ်ပါသည်။

၂။
သည်မှာ မျက်စိ လည်မသွားစေဖို့ နည်းနည်းတော့ ရှင်းပြဦးမှ ဖြစ်မည်။ ကျွန်တော်တို့ ဆင်ဖြူကျွန်း မြို့ကလေး၏ အနောက်ဘက် ကပ်လျက်တွင် စလင်းချောင်း စီးဆင်းလျက် ရှိ၏။ ထိုချောင်းကမ်းပါး တစ်လျှောက်ရှိ ကျေးရွာများကို ဒေသိယ အခေါ်အဝေါ် အရ အထက်ဟု ခေါ်ပါသည်။ ဆင်ဖြူကျွန်းမြို့ကလေးနှင့် မိုင်သုံးလေး ငါးဆယ် ဝေးသော အရပ်က ကျေးရွာ အားလုံးကို အထက်ဟု သိမ်းကျုံး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ “ဘယ်သွားမလို့လဲ”ဟု မေး ၍ “အထက်ကိုပါဗျာ” ဟု ဖြေလိုက်လျှင်ပင် ထိုစလင်းချောင်း စီးဆင်းရာ တစ်လျှောက်မှ ကျေးရွာ တစ်ရွာရွာသို့ သွားဖို့မှန်း အားလုံး သိကြ၏။ ဟုတ်တော့လည်း အဟုတ်သား။

ထိုကျေးရွာများက ပင်လယ်ရေ မျက်နှာ ပြင်အရ တိုင်းထွာလျှင် မြို့ကလေးထက် ပို၍ မြင့်သော မြေမျက်နှာပြင်များမှာ တည်ရှိကြသောကြောင့် အထက်ဟုခေါ်ကြသည်မှာ အတော်သဘာဝ ကျသည်ဟု ဆိုရမည်။ သည်လိုဆိုတော့ သူတို့ ကျေးရွာများကတော့ ရောတဲ့။ သူတို့ကလည်း ဆင်ဖြူကျွန်း မြို့ကလေးသို့ ဈေး ရောင်းဈေးဝယ် သွားကြတော့ မည်ဆိုလျှင် မြို့နာမည်ကို ထည့်ပြောနေတာ မဟုတ်ပါ။ “ဘာမှာကြဦးမလဲဟေ့၊ ငါတို့ အောက်ကို ဆင်းမလို့” ဟု ပြောကြလေ့ရှိ၏။ အောက်ဟု ဆိုလိုက်သည်နှင့် ဆင်ဖြူ ကျွန်းမြို့ကလေးဟု တန်းခနဲ သိကြ၏။ သည်မျှ ရှင်းပြ လိုက်လျှင် အထက်၊ အောက်ဆိုသော ကိစ္စက လုံလောက် ပါပြီ။

ကောင်းပြီ။ စောစောက ပြောခဲ့သော အဲဒီ အထက်ကို တက်သည့် လမ်းခရီး ကိစ္စကို ဆက်ပြောပါမည်။ ထိုထို သောလမ်းက ရှေ့က ဆိုခဲ့သည့် အတိုင်းပဲ၊ သည်းခံခြင်းနှင့် ထီမထင် စိတ်တစ်ခုခု တော့ မွေးထားမှ အဆင်ပြေ၏။ ယင်းအထက် ကျေးရွာများနှင့် မြို့ကလေးကို ဆက် သွယ်ပြေးဆွဲနေသောကားက စုစုပေါင်းမှ နှစ်စီးပဲ ရှိသည်။ ပဲအိတ်၊ နှမ်းအိတ်မှအစ ကျေးရွာထွက်ကုန်များနှင့် ကျေးရွာပေါင်းစုံမှ ခရီးသည် များကို တင်ဆောင်လာလေ့ ရှိ၏။ အဝေးမှ ကြည့်လျှင် ကားကိုမမြင်ရ။ ကားအမိုး သံကိုင်းများ အထက်တွင် ပြွတ်သိပ် စုပြုံလိုက်လာသော လူအုပ်ကြီးကိုသာ အသည်းယားစဖွယ် မြင်ရသည်။ ကားအောက်ခန်းထဲမှာက ကုန်စည် တွေနှင့်ပြည့်နေသဖြင့် လူတွေက အုပ်စုလိုက်ကြီး ကောင်းကင်က ပျံလာနေကြသလိုလို။ ရန်ကုန်က လူတွေ ကားနောက် မြီးက တွယ်စီးတယ် ဆိုတာ လောက်တော့ သည်က လူတွေက သနားတယ်ဟု ပြောမလား မသိ။

အဲဒီမှာ လမ်းကိုလည်း ပြောဦးမည်။ ဆင်ဖြူကျွန်း မြို့ကထွက် နွယ်တမယ် ရွာကို ကျော်သည် အထိကတော့ ကတ္တရာလမ်း ဖြစ်၏။ ဆုတ်လေဦး ဘုရားလမ်းခွဲမှ စ၍ မြေသားလမ်းကြမ်း ဖြစ်၏။ မိုးရာသီ၌ ဗွက်နစ်သည်။ နွေနှင့်ဆောင်းက ဖုန်တထောင်းထောင်း။ တောင်ဘိုရွာကို ကျော်သည်နှင့်ပင် တောင်တက်ခရီး စသည်။ ဂီတ ၀ါသနာ ပါသူသာစီးလျှင် အဆိုတော်ကြီး တွံတေးသိန်းတန်၏ “xxx တစ်တောဝင်ထွက် xxx တစ်ကုန်းတက်၍ တစ်တောင်ကိုကျော်xxx တစ်ပင်မှာ နားသော်” ဟူသော တေး တစ်ပုဒ်ကို ကားစီးရင်း ထဟဲ မိနိုင်လောက်သည့် လမ်း ဖြစ်ပါသည်။

ကျွန်တော့်တွင် ထိုအထက် ကျေးရွာများ၌ မိတ်ဆွေများစွာ ရှိသည်။ အကြောင်းကိစ္စ အမျိုးမျိုးဖြင့် တစ်နှစ်လျှင် သုံးခေါက်လောက်တော့ ရောက်ဖြစ်၏။ ယခု တစ်ခေါက်လည်း အထက်ရှိ ကျေးရွာများထဲမှ ရွာတစ်ရွာဖြစ်သည့် ကန်ပေါက်ရွာမှ မိတ်ဆွေတစ်ဦး ဖြစ်သူ မောင်ဝင်းအောင်က သူတို့ ရွာဘုရားပွဲသို့ လိုက်ခဲ့ရန် ဇွတ်ခေါ်သောကြောင့် မငြင်းသာဘဲ လိုက်လာခဲ့ရ ခြင်း ဖြစ်သည်။ မောင်ဝင်းအောင်က သူ့ရွာဘုရားပွဲတွင် ကျွေးမွေး ဧည့်ခံရန် စား သောက်ဖွယ်ကုန်စည်ကလေး များ၊ မုန့်လုပ်ရန် ရွှေချီ၊ သကြား၊ ထန်းလျက်၊ ထောပတ် အစရှိသော အဆာပလာ အမည်ကလေးများ ၀ယ်ယူရန် ဆင်ဖြူကျွန်းသို့ ဆင်းလာခဲ့သည်။ ကျွန်တော့် အိမ်မှာပင် တည်းခို၏။ ယခု သူအပြန်တွင် ဇွတ်ခေါ်သဖြင့် ကျွန်တော် လိုက်ပါလာခဲ့ရ ခြင်း ဖြစ်ပါသည်။

အထက်က ပြောခဲ့သလိုပင် ဤခရီးစဉ်ကို သွားလျှင် ခန်္တီစ-သည်းခံခြင်းကိုသော် လည်းကောင်း၊ ဖြစ်လာမှတော့ ကြုံသလိုသာ ရုန်းပေတော့ ဟူသော ထီမထင် စိတ်ဓာတ်ကိုသော်  လည်းကောင်း မွေးမြူထားရသည် ဖြစ်ရာ ကျွန်တော်တို့ ကားကြီးသည် ကန်ပေါက်ရွာ မရောက်မီ နှစ် မိနစ်ခန့်အလိုမှာပင် အထက်က ဆိုခဲ့သည့် အခြင်းအရာ နှစ်ရပ်ကို လက်တွေ့ အသုံးချကြရန် စီမံလာပါတော့သည်။ တောင်ကုန်းအထက် ထိပ်တည့်တည့် အရောက်တွင်မှ ကားကြီးက ထိုးရပ်သွား သောကြောင့်ပင်တည်း။

“ဘာဖြစ်သွားတာလဲ ဟေ့၊ ကြည့်ကြပါဦးဟ”

ကားပေါ်က အမိုးသံ ကိုင်းတွေကို ကိုင်ပြီး လိုက်လာရသည့် ခရီးသည် ရွာသားကြီး တစ်ယောက်က အော်မေးသည်။ ယာဉ်နောက်လိုက် လူငယ် ကလေးက ကားနောက်ဘက်မှ ခုန်ဆင်းသွား ပြီး ကားအောက်ဘက်သို့ လှည့်ပတ်ကြည့်ရှု စစ်ဆေးပြီး အကြောင်းပြန်၏။

“သွားပြီဗျို့၊ ဘီးပေါက်တာ မဟုတ်ဘူး။ ရှပ်ကျိုး သွားတာ”

“လုပ်လာပြီကွာ။ ရွာကို နွားလှည်း ပြန်ခေါ်ပြီး ကုန်တွေ တိုက်ရပြန်တော့မယ်”

“အေး...၊ မကျိုးမှနေ ရောပေါ့။ လူတွေ၊ ကုန်တွေက လေယာဉ်ပျံ တစ်စီးစာလောက် တင်လာတာကိုး”

ကားပေါ်မှာ တစ်ယောက်တစ်ပေါက် စကားသံတွေဖြင့် ဆူညံသွား၏။ ဘီးပေါက်တာ ဆိုလျှင် စပယ် ယာဘီး အပို လဲလှယ် တပ်ဆင်တာကို တစ်နာရီလောက် စောင့်ရလျှင် အဆင် ပြေနိုင်သေး၏။ ခုဟာက ရှပ်ထုပ် ကျိုးသွားတာ ဆိုတော့ မျှော်လင့်ချက် မရှိပြီ။ ကျွန်တော်နှင့် မောင်ဝင်းအောင်တို့ အဖို့မူ တစ်တင်းဝင်အိတ် အရွယ်အစားရှိ ဆာလာအိတ် အထုပ် တစ်ထုပ်စီသာ ပါသဖြင့် တော်သေးရဲ့ဟု သက်ပြင်းချ နိုင်ကြရသေးသည်။ တစ်ယောက် တစ်ထုပ်စီမျှ ထမ်းပြီး နှစ်မိုင်ခန့် အဝေးရှိ ရွာကို ခြေကျင် ကြိတ်ကြရုံမှ တစ်ပါး အခြား လမ်းရွေးစရာမမြင်။ သို့သော် မြို့ကအပြန် ကုန် တွေ အတော်များများ ၀ယ်ယူ သယ်ဆောင် လာခဲ့သော ရွာဈေးသည်တွေကတော့ ကိုယ့် ရွာကိုယ်ပြန်ကာ နွားလှည်း တပ်မောင်းလာပြီး သည်ကားပေါ်မှ ကုန်တွေကို ကဲ့ကြ၊ တိုက်ကြပေတော့ ဆိုသည့် အချိုးဖြစ်၍ သူတို့ ဒုက္ခက ပိုကြီးပါသည်။

“ကိုင်း... ငါ့လူ၊ ပထမခန္တီ သည်းခံခြင်း လက်ကိုင်ထားပြီး ကားပေါ်က ဆင်းပေတော့။ ဒုတိယ အနေနဲ့ ကတော့ ကြုံပလေ ဘုံပွေပဲ ဆိုပြီး တုံးတိုက်တိုက် ကျား ကိုက်ကိုက် စိတ်ဓာတ်နဲ့ ကိုယ့်အထုပ် ကိုယ်ထမ်းပြီး လျှောက်ကြစို့ရဲ့”

မောင်ဝင်းအောင်က သူ့ ခေါင်းသူ တဗျင်းဗျင်း ကုတ်ရင်း ပြော၏။ ကျွန်တော်ကလည်း သည်လမ်းအကြောင်း အထာသိပြီး သူမို့ ဘာမျှပြော မနေတော့ဘဲ ကားပေါ်မှသာ ခုန်ချ လိုက်ရပါတော့သည်။ နှစ်ယောက်သား အထုပ်ကြီးတွေ တစ်ထုပ်စီထမ်းကာ ရွာဆီသို့ ခြေကျင် ကြိတ်ခဲ့ကြရ ပါတော့သည်။
၎။
အချိန်က နေ့ခင်း နာရီ ပြန်တစ်ချက်ခွဲလောက် ဖြစ်၏။အညာဒေသ၏ နွေရာသီ ပီသစွာ နေမင်းကြီးက ချစ်ချစ် လန်အောင် ပူပြင်းနေသည်။ တိုက်ခတ်လာသည့် လေကိုက လေပူကြီး ဖြစ်၏။ မြေနီ တောင်ကုန်း တစ်လျှောက်က ကားလမ်းမှာ မည်သည့် အရိပ်မျှ မရှိ။ မြေနီလမ်းကြမ်းကြီး တစ်လျှောက်ကို မျှော်ကြည့် လိုက်တော့ တံလျှပ်ငွေ့တွေ တထောင်းထောင်း ထနေသည်။ အထက်ကပူ၊ အောက်ကပူ၊ နံဘေးက တိုက်သည့် လေကလည်း ပူဖြင့် တပူပူမြည်နေသော ကား လမ်းကြမ်း တစ်လျှောက် အထုပ် ကိုယ်စီထမ်း၍ ခြေကျင်ကြိတ်ခဲ့ကြရသည်မှာ အတော် မသက်သာချေ။

မိနစ် ၂၀ ခန့် ကြာလျှင်ပင် ပခုံး ပေါ်ကအထုပ်ကို ရောက်လို ရာရောက်စေ ပစ်ချထားခဲ့ချင် စိတ်ပေါက်လာ၏။ ချွေးတွေ ကလည်း ရေချိုးထားသည့် နှယ် နစ်နေအောင်ထွက်လာ ပြီး လူတစ်ကိုယ်လုံး ပေါင်း အိုးကြီးထဲ ၀င်နေရသည့်နှယ် တလှပ်လှပ် ပူမြိုက်လာတော့ သည်။ အာခေါင်တွေ ခြောက် ကပ်ပြီး ရေလည်း ငတ်လာသည်။

“ယောက်ျားဘသား ကြိတ်ထားပေတော့ ကိုယ့်လူရေ။ နောက် နာရီဝက်လောက် ဆိုရင် ရောက်တော့မှာပါ”
မောင်ဝင်းအောင်က မချိသွားဖြဲ မောသံကြီးဖြင့် အားပေး၏။ ကျွန်တော်ကလည်း ပြန်အားပေး ရပါသည်။

“နင့်အဘ ကလွှားတဲ့မှ၊ ဖျာလိပ်ခေါင်းထဲ ၀င်မိတဲ့ခွေးလို ဖြစ်နေမှတော့ ကြိတ်ရတော့မှာပေါ့။ နောက်ပြန် လှည့်လို့မှ မဖြစ်တာကြီး။ ဟိုဘက် ရွာမှာ ထမင်းစားနားတုန်းက စားခဲ့တာလေးတွေတော့ ကုန်ပါပြီ မောင်ရာ”

သည်လိုနှင့် ရွာကို ရောက်ဖို့ တစ်ဖာလုံခန့် အလိုတွင်တော့ ကားလမ်း နံဘေးမှာ အတော် အရိပ်ကောင်းသော ညောင်ပင်ကြီး တစ်ပင်ကို တွေ့လာရ၏။ ညောင်ပင်ကြီး အောက်တွင်လည်း ဇရပ် ကလေးတစ်ဆောင် ရှိနေ၏။

“ကိုယ့်လူတော့ အတော် အီစလံဝေသွားပြီ ထင်တယ်။ ရွာထိပ် ဇရပ်မှာ ခဏ နားကြတာပေါ့။ အမောပြေမှ ဆက်သွားကြရအောင်”

မောင်ဝင်းအောင် ပြောတာကမှ နောက်ကျနေသေး သည်။ ကျွန်တော်က ထိုဇရပ် ကလေးသို့ ဦးတည်ကာ လမ်းဘေးသို့ ဖဲ့ဆင်းနေပြီ ဖြစ်သည်။ ဇရပ်သို့ ရောက်တော့ မှ ပါလာသည့် အထုပ်တွေကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကြ၏။ ချွေးတွေ ရွှဲနစ်နေပြ ဖြစ်သည့် ရှပ်အင်္ကျီတွေကို ကိုယ် စီ ချွတ်လိုက်ကြပြီးနောက် ကျွန်တော်တို့ နှစ်ယောက်သားလည်း ဇရပ်အခင်း ၀ါးကြမ်းပြင်ပေါ်မှာ ပက်လက်လန် ကုန်ကြ၏။ အချင်းချင်း စကား မပြောနိုင်ကြသေးဘဲ အသက်ပြင်းပြင်း ရှူ၍ အမော ဖြေနေကြရ၏။ ထိုအချိန်မှာပင် စကားသံတစ်သံ ထွက် လာ၏။ စောစောကတည်း က ထိုဇရပ်ပေါ်တွင် ပြောင်းဖူး ဖက်ဆေးလိပ်ကြီး တဖွာဖွာဖြင့် ထိုင်နေနှင့်ခဲ့သော ကျေး ရွာသားဘကြီးတစ်ဦးထံမှ စကားသံ ဖြစ်သည်။

“ဟိုဘက်က သူငယ်က ရွာက ဖိုးထိန်ရဲ့သား ၀င်းအောင် မဟုတ်လား”

ကျွန်တော် လှည့်ကြည့် လိုက်တော့ ထိုဘကြီးသည် မှုန်သော မျက်စိကို မျက်မှောင် ကြုတ်၍ လက်ဝါးကလေးကာ မိုးကာကြည့်ရင်း မေးလိုက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။ မောင်ဝင်းအောင်တို့ ရွာမှပင် ဖြစ်ဟန်တူသည်။
“ဟုတ်ပါ့ ဘကြီးရေ။ ဘုရားပွဲ အတွက် အောက်ကို ဆင်းပြီး တိုလီမိုလီကလေးတွေ ၀ယ်ချည်တာ။ အပြန် ကျ ဟိုဘက် ခင်တန်းကုန်း ထိပ်မှာ ကားက ရှပ်ထုပ် ကျိုးသလေ။ ကုန်းထိပ်မှာ ငုတ်တုတ်ကြီး စံနေတော် မူခဲ့လေရဲ့။ ဒါကြောင့် ကားနံပါတ် ကိုးခြောက် ကိုးသုံးနဲ့ ထုံးစံ အတိုင်း ကိုယ့်အထုပ်ကိုယ် ထမ်းပြီး ကြိတ်ခဲ့ကြရတယ်”

မောင်ဝင်းအောင် ပြောလိုက်သော ကားနံပါတ် ကိုးခြောက်ကိုးသုံး ဆိုတာက ကိုယ့်ခြေထောက် ကိုယ်သုံး၍ လျှောက်ခဲ့ရတာကို ခပ်နောက် နောက်ပြောသည့် ဒေသိယ လက်သုံးစကား ဖြစ်ပါသည်။

“ကောင်းကြရောပေါ့ ကွာ။ ဒီလောက်ပူနေချိန်ကြီး ကျမှ တကယ့် ချက်ထဲ ပျက်ရတယ်လို့။ ငါ ဒီညောင် ပင်ရိပ်ကဇရပ်ပေါ် ထိုင်နေရ တာတောင် လေပူကြီး တိုက်နေလို့ အင်္ကျီ မကပ်နိုင် ဖြစ်နေရတဲ့ အထဲ ကိုယ့်ထက်ဆိုးတဲ့ ဒုက္ခသည်တွေ ရောက်လာတာကိုး”အဘိုးကြီးက စိတ်ပျက် သံဖြင့် မှတ်ချက်ချ၏။ မောင်ဝင်းအောင်က ထပ်မေးသည်။

“အဲဒါထက် ဘကြီးကရော ဘာလာ လုပ်နေတာတုံး”

“ဆိတ်ကလေးတွေ လာကျောင်း နေတာပါကွာ။ ဟိုဘက် ကုန်းကြောအဆင်းက ချုံပုတ်တွေထဲမှာ ရှာဖွေစား နေကြလေရဲ့”
အပူဒဏ်ကို ခံနိုင်ရည် ရှိသော ဆိတ်သတ္တ၀ါတွေကတော့ အညာ နေပူဒဏ်ကိုလည်း မမှုပါ။ ကုန်းကြော ခင်တန်း တစ်လျှောက်မှ ပေါက်သမျှသော ထနောင်း၊ မိုးနှံချုံတွေက အရွက်နုတွေကို ရှာဖွေ စားနေကြမှာပဲ ဖြစ် သည်။ သို့သော် ကျွန်တော်တို့ လူသတ္တ၀ါတွေကတော့ ဆယ်မိနစ်ခန့် ပက်လက်လန် ပြီးမှပဲ စောစောက လမ်းတစ်လျှောက် ခံခဲ့ရသည့် အပူဒဏ်က သက်သာစ ပြုပြီး ထထိုင်နိုင်ကြလေသည်။ အဲဒီတော့မှ မောင်ဝင်းအောင်က သူ့အထုပ်ကြီး၏ စည်းကြိုးကို ဖြေ၍ အိတ်ထဲသို့ လက်နှိုက်လိုက်၏။ ပြန်ထွက်လာတော့ ရေသန့်ဘူးကြီး ပါလာ၏။ အဖုံးဖွင့်၍ လေးငါးကျိုက် မော့ပြီး ကျွန်တော့်ထံ လက်ကမ်း၏။ ကျွန်တော်လည်း ရေသန့်ဘူးကို လှမ်းယူကာ လေးငါးကျိုက် မော့ချလိုက် ရ၏။ ပြီးမှ ရေသန့်ဘူးကို ပြန်ပေးလိုက်တော့ မောင်ဝင်း အောင်က မေးသည်။ သူ့ ရေဘူးကို နတ်ဆေးသြသဓ ထင်နေပုံရ၏။

“ဘယ်လိုလဲ၊ အမော ပြေသွားပြီ မဟုတ်လား”

“အမောကတော့ မပြေ ပေါင် မောင်ရာ။ အာခေါင် ခြောက်တာပဲ သက်သာရုံ ရှိပါတယ်။ ဘယ့်နှယ် တို့ရေသန့် ဘူးက ရေခဲဘူးနဲ့ ထည့်လာတာမှ မဟုတ်ဘဲ။ ဒီအတိုင်း ပလတ်စတစ်ဘူးခွံ ရိုးရိုးနဲ့ ထည့်လာတဲ့ ဥစ္စာ။ ရေတွေက ပူနွေးနွေးကြီး။ ဘယ့်နှယ် လုပ် အမောပြေမှာတုံး”

ကျွန်တော်က ပြောလိုက် တော့ မောင်ဝင်းအောင်က သွားဖြီးကာ...
“ဒါလည်း ဟုတ်တာပဲ။ ရေဘူးကလည်း ရာသီဥတုနဲ့ လိုက်ပြီး ရေပူတွေဖြစ်နေတာ ကိုး”
ဟု ထောက်ခံ၏။

ထိုအချိန်တွင် ကျွန်တော်တို့ စကားသံတွေကို ငြိမ်နား ထောင်နေခဲ့သော ဘကြီးက ၀င်ပြောလာ၏။
“စောစောကပြောကြ ရောပေါ့ကွာ။ ရော့ ငါ့ရေဘူး ထဲကရေကို သောက်။ အဲဒါ ကမှ တကယ်အေးစိမ့်နေတာ မို့ မင်းတို့ အမောပြေသွားမှာ”

ဘကြီးသည် ပြောပြော ဆိုဆိုနှင့် သူ့နံဘေးက ဇရပ် တိုင်အကွယ်တွင် ချထားခဲ့ သဖြင့် ကျွန်တော်တို့ဘက်က လှမ်းမမြင်ခဲ့ရသော ဘောလုံး အရွယ်ထက်မငယ်သည့် ဘူး သီးခြောက် ရေဘူး ၀ါဝါကြီးကို လှမ်းပေးလေသည်။ ရေ ဘူးထိပ် အပေါက်အ၀ိုင်းကို ပြောင်းဖူးရိုးဖြင့် ဆို့ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့ လည်း လက်လှမ်း ယူလိုက်ကာ ပြောင်းဖူးရိုး အဆို့ကို ဆွဲဖွင့်ပြီး ဘူးသီးခြောက် ရေဘူး ကြီးထဲမှရေကို တစ်လှည့်စီ မော့လိုက်ကြရပြန်၏။ သည် တစ်ကြိမ်တွင်တော့ တကယ် အမောပြေ သွားကြပါသည်။ ကျွန်တော်တို့မှာပါလာသော ပလတ်စတစ် ရေသန့်ဘူးထဲက ရေလို ပူနွေးနွေးကြီး မဟုတ် ဘဲ တကယ်အေးစိမ့်နေသော ကြောင့် ဖြစ်၏။ ရေပူနှင့် ရေအေး အစွမ်း အာနိသင်ချင်း အတော်ကွာ၏။
“ကျေးဇူးတင်လိုက် တာ ဘကြီးရာ။ ဘကြီးရဲ့ရေ ဘူးကမှ တကယ်အေးစိမ့်ပြီး အမောပြေသွားတာ”

ကျွန်တော်က ရေဘူး ၀ါဝါကြီးကို ပြန်ပေးရင်း  လှိုက်လှဲစွာ ပြောလိုက်မိ၏။
“အဲဒါပေါ့ကွ၊ ကြမ်း ကြားလေနဲ့ ဘူးခါးရေဆို တာ။ တကယ်ကတော့ကွာ ဒီလို ဇရပ်နဲ့ ညောင်ပင်ရိပ်နဲ့နေ ရာမျိုးမှာ ကျောက်စရစ်ခဲ သေးသေးလေးတွေနဲ့၊ သဲနဲ့ ဖြူးပြီး ဖုတ်ထားတဲ့သောက် ရေအိုးနဲ့၊ ခပ်သောက်စရာ အုန်းမှုတ်နဲ့၊ အိုးအခြေမှာ သဲ ကလေး စိုစိုခင်း၊ စပါးစေ့ ကလေးတွေ ကြဲစိုက်ပြီး စပါး ပင်ပုကလေးတွေ စိမ်းစိမ်းစိုစို နဲ့ရေချမ်းစင်မျိုး တည်ထား ရင် နေပူပူ လေပူပူက ဖြတ် လာရတဲ့ ခရီးသွားတွေအဖို့ တန်ဖိုး မဖြတ်နိုင်တဲ့ အထောက်အပံ့ကြီး တစ်ခုပေါ့။ သောက်သုံးအမောအပန်းဖြေ လိုက်ရတဲ့သူတိုင်းကလည်း ၀မ်းသာအားရနဲ့ ကျေးဇူးတင် သာဓုခေါ်ကြမှာ သေချာတယ်။ ရေလှူတဲ့အလှူ့ရှင် မှာလည်း ရလိုက်မယ့် ကု သိုလ်ကွာ။ ရေအကျိုး ဆယ် ပါးက မတောင်းဘဲနဲ့ ပြည့်တဲ့ ဆုကွ”

ထိုဘကြီး ပြောလာခါမှ ကျွန်တော်လည်း သတိဝင် လာကာ ဇရပ်ဝန်းကျင်နှင့် ညောင်ပင်ရိပ်တစ်ခိုသို့ ဝေ့၀ဲ ကြည့်မိပါသည်။ မည်သည့် ရေချမ်းစင်မှ မရှိပါ။ လေး တိုင်စင်ဖြင့်လည်း မမြင်။ ဆိုင်းကြိုးဖြင့်လည်း မရှိ။ ညောင်ညိုပင်သစ်ကိုင်းခွကြား ၌လည်း နတ်္ထိ။ သည်တော့မှ ဤနေရာဝန်းကျင်ကလေး၏ တကယ်လစ်လပ်နေသော လို အပ်ချက်ကြီးတစ်ခုကို မြင် လာသည့်သဖွယ် စိတ်ထဲ၌ မအီမလည်ကြီး ဖြစ်လာမိပါ တော့၏။ ထိုစဉ်မှာပင် မောင် ၀င်းအောင်က ဖြတ်၍ မေး ပါသည်။
“အဲဒီ ရေအကျိုးဆယ် ပါးက ဘာတွေတုံး ဘကြီး ရဲ့။ ကျွန်တော်တို့က အပေါ် ယံက သိသလိုလိုနဲ့ တကယ် ချက်ကျကျပြောစမ်းကွာ ဆို လာရင် ပြည့်အောင် မပြော တတ်တော့ဘူး”

“ဒါပေါ့လေ။ မင်းတို့က အလွယ်ဝယ်ပြီး သယ်သွားလို့ ရတဲ့ ရေသန့်ဘူးခေတ်ထဲ လူ ဖြစ်လာတဲ့မောင်တွေဆိုတော့ ရေအကျိုးဆယ်ပါးကို တယ် ဂရုမစိုက်ချင်ကြ၊ မသိကြ တော့ဘူးပေါ့။ အဲဒါ ဘကြီး က ငေါ့ပြောတာမဟုတ်ဘူး။ မင်းတို့ခေတ်မှာက နေရာ တကာမှာ ရေသန့်ဘူးတွေ ၀ယ်လို့ရနေတော့ တော်ရုံလူ တွေကလည်း အကျိုးရှိတဲ့ရေ အလှူကလေးတော့ လှူဦးမှပဲ လို့ တကူးတက မစဉ်းစား အားမထုတ်ကြတော့ ဘူးပေါ့။ ဒါပေမဲ့ စောစောက မင်း တို့ညည်းခဲ့သလိုပဲပေါ့ကွာ။ နေပူပူလေပူပူနဲ့ တကယ့်ချက် ထဲကျ မင်းတို့ ရေသန့်ဘူးဆို တာတွေက အာခေါင်ခြောက် သက်သာရုံ ရေနွေးနွေးကြီး တွေပဲ သောက်ကြရတာပါ။ ဘကြီးပြောခဲ့တဲ့ ရေချမ်းစင် မျိုးကရေလို တကယ့်အမော အပန်းပြေစေမယ့် ရေအေး အေးကလေးတွေ မဟုတ်ပါဘူး။ ဒီတော့ သိပ်မစွံလှဘူး လို့ပဲ ပြောရမှာပဲဟေ့။ ရေလှူ ရခြင်းအကျိုး ဆယ်ပါးဆိုတာ လည်း မှတ်သွား။ လင်္ကာ ကလေးရှိတယ်။ လျင်မြန် သန့်ရှင်း၊ စင် ကြယ်ခြင်းနှင့်၊ လွတ်ကင်း မွတ်သိပ်၊ မဆိတ်ခြံရံ၊ ဒီဃံ သက်ရှည်၊ ရုပ်ရည် ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါးရေအကျိုး တဲ့ ဗျာ”

ထိုဘကြီးက ရေအကျိုး ဆယ်ပါးကို လင်္ကာသွား ကလေးနှင့် ကျကျနန ရွတ်ဆို၍ ရှင်းပြလေသည်။ သူက ငေါ့တော့တော့ ပြောတာ မဟုတ်ပါဟု ဆိုခဲ့သည့်တိုင် ရယ်ဒီမိတ် ရေသန့်ဘူး ခေတ်မှာ လူဖြစ်လာကြသော ကျွန် တော်တို့ နောက်မျိုးဆက်သစ် များသည် သူတို့ ရှေးခေတ် တုန်းကလို ရေချမ်းစင်အလှူ အတွက် တသီးတသန့် ထည့် မစဉ်းစားမိကြတာက ဟုတ် သလိုလိုဖြစ်နေ၍ ကျွန်တော့် စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီး ခံစား လာမိရလေသည်။ ထိုကုသိုလ်ကို အရေးမထား မိဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်နေခြင်းသည် ရယ်ဒီမိတ် စနစ်၏ ဘေးထွက် ဆိုးကျိုး တစ်ခုများ ဖြစ်နေရော့သလားဟု အလန့် တကြား ပြန်တွေးကာ အဖြေ ရှာရမလိုလို စဉ်းစား မိလာ၏။

ရေလှူသည် ဆိုသည့် တိုင်အောင် ထိုဘကြီး ပြော သလို ရေချမ်းစင်ကလေး ဆောက်၍၊ ကျောက်စရစ်နှင့် သဲဖြူးဖုတ်သည့် သောက်ရေ အေးအိုးကလေးတွေတည်၍၊ အိုးအခြေ၌ စပါးပင်စိမ်းစိမ်း ကလေးတွေ ကြဲစိုက်၍၊ နေ့ စဉ် သန့်ရှင်းစွာဆေးကြောပြီး သောက်ရေဖြည့်၍... စသည်ဖြင့် စေတနာလုပ်အား ကို မစိုက်ထုတ်တော့ဘဲ ခပ် လွယ်လွယ် အသင့်ဝယ်၍ရ သည့် ပလတ်စတစ်ရေသန့် ဘူးကလေးတွေပဲ ကောက်ဝေ ငှလိုက်တာမျိုးပဲ ဖြစ်နေသည် မဟုတ်လား။ နေရာတကာ တိုင်းကို အအေးခံ၊ ဖော့ကပ် ခံ၊ ရေခဲတုံးကြီးတွေနှင့် ထည့် သယ်နေနိုင်တာမျိုး မဟုတ်၍ အေးမြမှုမရှိသော ရေဘူး လေးတွေပဲ ဝေငှနိုင်ကြတာ ကိုလည်း မျက်မြင်တွေ့ကြုံ နေကြရတာပဲ မဟုတ်လား။

မြို့ကြီးတွေမှာကတော့ သဘာဝသောက်ရေအိုး ဆိုသော အစဉ်အလာ ရိုးရာသုံး မီးဖုတ်အိုးတွေ နေရာတွင် အောက်ဘက်အခြေ၌ ခလုတ် လှည့်ဖွင့်ရသည့် ရေဘဲလ်တွေ တပ်ထားသည့် ပလတ်စတစ် ဘူးဝိုင်းအကြီးကြီးတွေ ၀င် ရောက်လာခဲ့၏။ ရေသန့်... ရေသန့်... ဟု အရပ်ထဲမှာ လက်တွန်းလှည်းပေါ် တင် တွန်းပြီး အော်ဟစ်ရောင်းချ သည့်ဘူးကြီးတွေ ဖြစ်၏။ သေချာတာကတော့ ထိုဘူး ၀ိုင်းကြီးတွေကလည်း ရေ နွေးနွေးကိုသာ ပေးနိုင်လေ သည်။ အစဉ်အဆက် ရိုးရာသုံး မီးဖုတ်အိုးတွေလို အအေး ဓာတ်ကို ထိန်းမထားနိုင်ကြ လေတော့ လေးတိုင်စင် ကလေးနှင့် အမိုးနှင့်အကာနှင့် သပ်သပ်ရပ်ရပ် တင်ထား၍ လှူထားသည့်တိုင် ရေချမ်း စင်အစား ရေနွေးစင်ဟု ခေါ် ရမလိုလို ဖြစ်ပြန်တော့၏။ သို့သော် အပြစ်တင်၍တော့ မဖြစ်ပါ။ သောက်စရာရေလှူ ထားတာကိုက သာဓုခေါ်စရာ မဟုတ်လား။

ရေချမ်းစင် အလှူနှင့် ပတ်သက်၍ ကျွန်တော် အတွေးပေါင်း စုံနေသကဲ့သို့ မောင်ဝင်းအောင်ကလည်း ဖြန့်ကြက်တွေးမိနေဟန်တူ၏။ ခဏ အကြာတွင် သူ့ထံမှ စကားသံတစ်သံ ထွက်လာခဲ့ သောကြောင့်ဖြစ်သည်။
“ဘကြီး ပြောပါမှပဲ။ ကျွန်တော်တို့ ရွာထဲမှာရော၊ ရွာဦးထိပ်မှာရော ရေချမ်းစင် မရှိတာကို ပြန်သတိပြုမိလာ တယ်။ ဟုတ်သဗျ၊ ကျွန် တော်အပါအ၀င် ဘယ်သူကမှ ရေချမ်းစင် တည်ဖို့ရာကို ထည့်မတွေးမိကြဘဲ အမှတ် တမဲ့လို နေလာခဲ့မိကြတာပဲ။ ဘကြီး ရွတ်ပြသွားတဲ့ ရေ အကျိုး ဆယ်ပါးကဖြင့် ကောင်းချက်ဗျာ။ အတော် ဂိုက်ကျတာပဲ။ ကြုံလာလို့ မေးစမ်း ပါရစေဦး။ သူများ တွေတော့ပြောလို့၊ ဘကြီးရော အဲလို ရေချမ်းစင် အလှူမျိုး လှူခဲ့ဖူးသလားဗျ”

“အံမာကွာ၊ ဖိုးထိန်ရဲ့သားက ငါ့များ အထင်သေး လို့။ လှူဖူးတာပေါ့ကွ။ ငါ ငယ်ငယ် အရွယ်ကောင်း စဉ်က လှူခဲ့ဖူးတယ်။ လှူဖူး သမှ ငါကိုယ်တိုင် တောထဲ က မျောတိုင်လေးတိုင် သွား ခုတ်ပြီး လေးတိုင်စင်စိုက်၊ သောက်ရေအိုးနှစ်လုံးစာ နှစ် တောင့်ထွာပတ်လည် ပျဉ်ခင်း ပျဉ်ကာ၊ အမိုးသက်ငယ်ကို ငါကိုယ်တိုင် ၀ါးခုတ်ပြီး သက်ငယ်ပျစ်၊ အခင်းမှာ သဲနဲ့ ကျောက်စရစ်ခဲကလေး တွေခံပြီး စပါးစေ့ကလေး တွေကြဲစိုက်နဲ့ ကျကျနနကို လုပ်အားစိုက်ပြီး လှူဖူးတာ။ ငါ့ရေချမ်းစင် ကလေးက စပါးပင်ကလေးတွေ စိမ်း စိမ်းစိုစိုနဲ့ ရွာအ၀င် မန်ကျည်း ပင်ရိပ်မှာ တည်ထားတာ။ ရပ်ဝေးရပ်နီး ခရီးသွားတွေ အင်မတန်သာဓုခေါ်ကြတဲ့ ရေ ချမ်းစင်ကလေးပဲ။ သောက် ရေကလည်း အေးလိုက်သမှ စိမ့်လို့ကွ။ တစ်မှုတ်လောက် သောက်လိုက်ရရင် အမောကို ပြေလို့။ ငါက မနက်လင်း တိုင်း ရေအသစ်ဖြည့်တာပဲ။ ကြည်နူးစရာပါပဲကွာ”

ဘကြီးမှာ ပြောရင်းကပင် သူ့ရေချမ်းစင်ကလေးကို ပြန်အောက်မေ့ သတိရလာ ဟန်ဖြင့် လေသံတွေ တက် ကွလာ၏။ သွားတွေ ကျိုးကုန်သဖြင့် အတွင်းသို့ ချိုင့်ဝင် နေသော နှုတ်ခမ်း အရေတွန့် တွန့်တွေမှာပင် အပြုံးရိပ် ကလေးတွေ ရေးရေးထင် ဟပ်လာသလိုရှိ၏။ မောင် ၀င်းအောင်က ထောက်ခံ လိုက်၏။

“တယ် ဟုတ်ပါလား ဘကြီးရဲ့။ ဒါဆို ဘကြီး လည်း ရေအကျိုးဆယ်ပါးဆု ကို ရဖူးတာပေါ့”

“အင်း... ရတော့ရခဲ့ဖူး မှာပေါ့ကွာ။ ဒါပေမဲ့ အဲဒါ တွေက မျက်စိနဲ့ ကြည့်လို့ မမြင်ရတဲ့၊ နားနဲ့ အသံနား ထောင်ကြည့်လို့ မရတဲ့ ကု သိုလ်တွေကွ။ ဘယ်အတိုင်း အတာအထိ ရ၊ မရ ငါမသိ ဘူး။ အဲ... ငါ တကယ်သိရ တဲ့၊ မျက်စိနဲ့ကြည့်လို့ မြင်ရ၊ နားနဲ့နားထောင်ရလို့ ကြားရတဲ့ အကုသိုလ်တွေကတော့ တစ်ပြုံကြီး စုဝင်လာခဲ့တော့ တာပဲဟေ့။ တည်မိတဲ့ ရေ ချမ်းစင်ကြောင့် ရောက်လိုက်တဲ့ ဒုက္ခကွာ။ တစ်သက်စာ မှတ်ရောပဲ”

ထိုစကား အဆုံးမှာတော့ ကျွန်တော်နှင့် မောင် ၀င်းအောင်တို့မှာ ကိုယ်စီ မျက်လုံးပြူးသွားကြပြီး ခေါင်းတွေထောင်သွားကြရ လေသည်။ ဘကြီး၏ စကားက အရှေ့ တည့်တည့်ကို သွားပါမှပဲ အနောက်စူးစူးရောက် တော့တယ် ဆိုသလို ပြောင်း ပြန်အဓိပ္ပာယ်ကြီး ထွက်နေ သောကြောင့် ဖြစ်ပါသည်။ ဇာတ်လမ်းက မထင်မှတ်ဘဲ တစ်ဆစ်ချိုးတော့မည့်ကိန်း ဆိုက်လာသောကြောင့် အံ့ အားသင့်သွားကြရသည်။

“မဟုတ်သေးပါဘူး ဘကြီးရ။ ရေချမ်းစင်တည် တာက ကုသိုလ်ရတဲ့အလုပ် ပါ။ ခုတော့ တစ်သက်စာ မှတ်ရော ဆိုရလောက်အောင် ဘယ်လို အကုသိုလ်တွေက ကြားဝင်လာရတာတဲ့တုံး”

ကျွန်တော်ကမေးလိုက် တော့ ထိုဘကြီးက ခပ်ဖျော့ ဖျော့ပြုံး၏။ ပြီးမှ လွမ်းလွမ်း ဆွေးဆွေးကြီးပြောသည်။
“ငါ့ရေချမ်းစင် ကလေးက သုံးလလောက်ပဲ ခံခဲ့ပါတယ်ကွာ။ နောက် တော့ ငါကိုယ်တိုင်ပဲ ပြန်ဖြို ဖျက်ပစ်လိုက်ရတယ်လေ။ အဲဒီကာလတုန်းက တို့ရွာက သူကြီးနဲ့ ဆယ်အိမ်ခေါင်းတို့ အမိန့်နဲ့ ပြန်ဖျက်ပစ်လိုက်ခဲ့ရ တယ်။ မဖျက်ရင် ငါ့ကို အဲဒီ ရေချမ်းစင် တည်တဲ့အပြစ်နဲ့ ထိတ်တုံးထဲ ထည့်ခတ်တော့ မှာကွ”

“ဟ... အံ့သြစရာ အမိန့်ပဲ။ ဘာဖြစ်လို့တဲ့လဲ ဘကြီးရ”

မောင်ဝင်းအောင်က အလောတကြီး ၀င်မေးသည်။
“ငါ့ရေချမ်းစင်က ရေ ကို သောက်မိရင် လူတွေ ဘုန်းကံနိမ့်ပြီး ဒုက္ခရောက် ကုန်ကြတော့မှာ မို့လို့တဲ့ကွ။ ပြဿနာက အဲဒါပဲ။ သောက် မိတဲ့လူတွေ အန္တရာယ်တွေ့မှာ စိုးလို့တဲ့ မောင်တို့ရေ”

“လူတွေ အန္တရာယ်ဖြစ် ရအောင် ဘကြီးက အဆိပ် တို့၊ ပဒိုင်းသီးတို့ ခတ်ထားလို့လား”

“ပေါက်ပေါက်ရှာရှာ ကွာ။ လူတွေ ရေအေးအေး လေးသောက်ပြီး အမော အပန်းပြေကြပါစေဆိုတဲ့ စေ တနာသန့်သန့်နဲ့ တည်ခဲ့တာ သစ္စာဆိုဝံ့ပါတယ်။ ရေက လည်း တကယ့်ရေချိုရေအေး ပါ။ ဒါပေမဲ့ ငါ့ရေချမ်း စင်က အမျက်မလွတ်ဘူးတဲ့ လေကွာ”

“ဒုက္ခပဲ၊ ဘယ်လို အမျက်မလွတ်တာတဲ့တုံး”

“ဒီလိုဟေ့...။ ငါတို့ ခေတ်တုန်းက လူတွေက အလွန်အယူသီး အစွဲသန် တယ်ကွ။ စုန်း၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာ၊ ဘီလူး ဆိုတာတွေ လည်း အလွန်ယုံပြီး ကြောက် ကြတာကလား။ ကိုယ့် ကလေးက ရွာထဲမှာ ကစား ရင်း မှောက်လျားထိုးလဲခဲ့ပြီး လို့ တိုက်တိုက်ဆိုင်ဆိုင် ဖျား နာရင်တောင်မှ မြေဘုတ် ဘီလူး ဖမ်းစားတာဆိုပြီး ကလေးလဲခဲ့တဲ့ နေရာမှာ ထမင်းခုနစ်ဆုပ်၊ အမဲသားခု နစ်တုံးနဲ့ ဘီလူးစာကျွေးတယ် ဆိုပြီး သွားချတာမျိုး။ ငါက လည်း ရေချမ်းစင် တည်ချင် ဇောသာ ကပ်နေတာ။ လူက လက်လုပ်လက်စားရယ်။ ဒီ တော့ ရေချမ်းစင်ရဲ့အကာ အခင်းပျဉ်ဖိုးတွေ မတတ်နိုင် ဘူး။ မျောတိုင် ဆိုတာ ကတော့ တောထဲမှာသွားခုတ် ရင် အလွယ်ရတယ်။ အမိုး သက်ငယ်ပျစ်ဖို့ ၀ါးက လည်း တစ်မနက်စာ သွား ခုတ်ရင် ရတာပဲ ဆိုတော့ မထောင်းတာလှပေဘူး။ တကယ် လိုတာက အကာ အခင်းပျဉ်တွေပဲ”

“အဲဒီတော့ ဘယ်လို လုပ်သလဲ ဘကြီး”

“တစ်နေ့တော့ တို့ရွာထဲ က ဒေါ်ပုဆိုတာက သေရော ဟေ့။ သူက ပစ္စည်းရှိတဲ့အထဲ ကဆိုတော့ သူ့အလောင်းကို ဆင်းရဲသား မသာလို ဖျာ ကြမ်းနဲ့လိပ်မချဘဲ တစ်လက် မခွဲထု လက်ပံသားပျဉ်တွေနဲ့ ရိုက်ထားတဲ့ အခေါင်းထဲ ထည့်ချတယ်။ သင်္ချိုင်းမှာ မြေမြှုပ်ခါနီးတော့ ငါရယ်၊ ငါသူ့ငယ်ချင်း ခွေးနီဆိုတဲ့ ကောင်ရယ်ပဲ ကျန်တယ်။ ရွာက မသာဟူသမျှ မြေမြှုပ် ရာမှာ ငါတို့က လုပ်ပေးနေကျ ကွ။ တို့နှစ်ယောက်တည်းပဲ ကျန်တော့ ငါက ရေချမ်းစင် တည်ဖို့ ပျဉ်လိုချင်နေတဲ့ ကောင် မဟုတ်လား။ ခွေးနီကို အကြောင်းစုံ ရှင်းပြ၊ ဒီကိစ္စ နှုတ်လုံဖို့ ပိတ်ဆို့တောင်းပန် ပြီး အလောင်းကို သူ့အတိုင်း ပဲမြှုပ်လိုက်တယ်။ အခေါင်း ကိုတော့ တစ်စစီ ပြန်ဖျက်၊ သံချက်တွေ ခွာပြီး ပျဉ်ချပ် တွေအတိုင်းပဲ ချုံကြီးထဲမှာ ၀ှက်ထားခဲ့တာပေါ့။ သင်္ချိုင်း ကုန်းက ကုန်းတစ်ကုန်း အကျော်က ထောထဲမှာဆို တော့ လူပြတ်တယ်လေ။ နောက်မှ ငါ့ဟာငါ ၀ှက်ထား တဲ့ ပျဉ်ချပ်တွေကို လို သလောက် အတိုင်းအထွာနဲ့ သွားသွားဖြတ်သယ်ပြီး ရေချမ်းစင်ကလေး ဆောက် လိုက်ခဲ့တာပဲ”

“နောက်တော့ အဲဒီ ကိစ္စက ပေါ်သွားရော ဆိုပါ တော့”

“အစစ်ပေါ့ကွာ။ ဟို ခွေးမသား ခွေးနီက သုံးလ လောက်အကြာမှာ ထန်းရည်မူး ကျွဲခိုးပေါ် ဆိုသလို လျှောက်ပြောပါလေရော။ တစ်ရွာလုံးလောက်နီးနီးပါပဲ။ ငါ့ကို ၀ိုင်းအပြစ်တင်လိုက် ကြတာကွာ။ သူကြီးနဲ့ ဆယ် အိမ်ခေါင်း ဆိုတာကတော့ ဒေါသတွေကြီးပြီး ဒီရေအိုး စင်ကို အခု မြန်မြန်သွားဖျက် ရင်ဖျက် မဖျက်ရင် ထိတ်တုံးထဲ ထည့်ခတ်ပြီး ကြိမ်ဒဏ် ပေးရမယ်။ တစ်ရွာလုံးကလူ တွေကို ဒီရေချမ်းစင်ကရေ သောက်မိပြီး ဘုန်းကံတွေနိမ့်၊ အာစလျှာစတုံးအောင်လုပ်တဲ့ ကောင်ဆိုပြီး ဆွေ့ဆွေ့ခုန်ကြ တော့တာပဲ။ ငါ့ရေချမ်းစင်က တကယ် အေးစိမ့်နေတဲ့ ရေဟာ သတီစရာ မရှိဘူးတဲ့လေ။ ကျက်သရေတုံးတဲ့ရေတဲ့ကွာ”

ဘကြီး၏ လေသံက ပြောရင်းကပင်ဝမ်းနည်းကြေ ကွဲသံ လွှမ်းလာပြန်ပါသည်။ မောင်ဝင်းအောင်က အားမလို အားမရဟန်ဖြင့် ၀င်စောဒက တက်၏။ လမ်းလွဲသွားခဲ့ရ သော စေတနာအတွက်လည်း ခံပြင်းသွားပုံရ၏။

“ဘကြီးကလည်းဗျာ၊ အဲဒီ ရေချမ်းစင်ကရေအေး အေးကို သောက်လိုက်ရလို့ အမောအပန်းပြေသွားတယ်၊ ရေငတ်ပြေသွားတယ်၊ ရင်ပူ သက်သာသွားတယ် ဆိုတဲ့ လက်ငင်း လက်တွေ့ရတဲ့ အကျိုးကျေးဇူးကိုတော့ သူ တို့က ထည့်မတွေးကြတော့ ဘူးတဲ့လား။ အခေါင်းပျဉ်ကို ခင်းမိကာမိတဲ့ ကိစ္စကြောင့် အကျိုးယုတ်ရမယ် ဆိုတာ ကြီးက မရေမရာကြီးပါ။ လက်တွေ့လည်း မကျလှပါ ဘူး”

သည်တော့ ဘကြီးက သက်ပြင်းကြီးချကာ ပြန်ပြော ၏။
“ဝေးပါ သေးရဲ့ကွာ။ ပြောခဲ့ပါပကော၊ တို့ခေတ်က ရှေးလူတွေဟာ အလွန် အယူသီး အစွဲသန်ပါတယ်လို့။ အထူးသဖြင့် တို့ရွာက သူကြီးနဲ့ ဆယ်အိမ်ခေါင်းက ပိုဆိုးသေး။ ငါလည်း ရှင်းပြပြီး တောင်းပန်ပါသေးတယ်။ သည်ပျဉ်ချပ်တွေက မြေကြီး ထဲမြှုပ်လိုက်ရင် အလဟဿ ဆွေးမြည့်သွားမှာပါ။ ခုလို သင့်တော်တဲ့နေရာမှာ အသုံး ချလိုက်တာက ပိုအကျိုးရှိပါ တယ်ဗျာလို့။ မရဘူးမောင်တို့ ရေ။ လောလောဆယ် နေပူ ကြီးမှာသွားလာနေတဲ့ ခရီး သွားတွေ ရေငတ်တာက အရေးမကြီးဘူး။ သည် သင်္ချိုင်းက ပျဉ်ချပ်တွေနဲ့ ခင်းကာ ဆောက်ထားမိတဲ့ ရေချမ်းစင်ကို တစ်စမကျန် အောင် ဖျက်ပစ်ဖို့က ပိုအရေး ကြီးသတဲ့။ ဒါဟာ တစ်ရွာ လုံးနဲ့ ခရီးသွားတွေရဲ့ ဘေး အန္တရာယ်ကို ကာကွယ်တာ ပဲတဲ့။ မင်း ဒီလောက်ရေလှူ သဒ္ဓါထက်သန်နေရင် ငါတို့ပဲ သန့်သန့်ရှင်းရှင်း အမျက် လွတ်တဲ့ရေချမ်းစင် ဆောက် ပေးမယ်။ မင်းက အဲဒီတော့မှ ရေဖြည့်ဖို့ တာဝန်ယူတဲ့။ ငါလည်း လက်လျှော့ပြီး ဖျက်ပေးလိုက်ရတာ ရင်ထဲ ကို ဆို့နေတာပဲ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဖျက် မပေးရင် ငါ့ကို ထိတ်တုံးထဲ ထည့်ခတ်ပြီး ဒဏ်ပေးတော့မှာကိုးကွ။ သူတို့ ယုံကြည်စွဲ လမ်းမှုကြီးက ဘူးဆို ဖရုံ မသီးဘူး ဖြစ်နေတာကိုး”

“ဒါဖြင့် နောက်ပိုင်းမှာ သူတို့ကရော နောက်ရေချမ်း စင်အသစ် တကယ်တည်ပေး ကြလို့လား။ သူတို့ပြောတဲ့ အမျက်လွတ်တဲ့ ရေချမ်းစင် ဆိုတာပေါ့လေ”

ကျွန်တော်က မျှော်လင့် တကြီးမေးလိုက်တော့ ဘကြီး က ခေါင်းခါပြပါသည်။
“ဘာ ကြာလိုက်လို့ တုံးကွ။ သူကြီးတို့ ဘာရေ ချမ်းစင်မှ မတည်လိုက်ရ သေးခင်ဘဲ ခေတ်ပျက်တော့ တာပဲ။ ကာလက မကောင်း တော့ဘူး။ အလံဖြူ၊ အလံနီ ဆိုတာတွေ ကြောက်ရ၊ တော မီးလောင် တောကြောင်လက် ခမောင်းခတ်တဲ့ သူပုန်တွေ၊ ဓားပြတွေကို ကြောက်ရနဲ့၊ ရွာကိုစွန့်ပြီး ထွက်ပြေးတဲ့သူ တွေကပြေး၊ ရွာသူရွာသား ဇာတိသားတွေလည်း တကွဲ တပြားစီဖြစ်နဲ့၊ ရွာမှာ ဘယ် ရေချမ်းစင်မှ ပေါ်မလာနိုင်ခဲ့ တော့ပါဘူး။ ဟော... ဒီ ဘက်ခေတ် နှောင်းလူတွေ လက်ထက်ကျတော့လည်း အဆင်သင့် အလွယ်ဝယ်သုံး နိုင်တဲ့ ရေသန့်ဘူး ဆိုတာ တွေက ပေါ်ပေါက်လာတော့ လူတွေက ရေချမ်းစင်တည်ဖို့ ကိစ္စကို တကူးတက ထည့် မတွေးကြတော့ဘဲ အမှုမဲ့ အမှတ်မဲ့ပဲ နေလာကြတယ်။ ဒီတော့ အဲဒီဓလေ့က တစ်စစ မှေးမှိန်လာတော့တယ်လို့ ထင် မိတာပါပဲ။ မင်းတို့ စော စောကပြောသလို တကယ် အမောမပြေဘဲ အာခြောက် တာသက်သာရုံပဲ ဆိုတဲ့ ရေပူ နွေးနွေးကြီးတွေနဲ့ပဲ စခန်း သွားကြရမယ် ဆိုရင်တော့ မဟုတ်သေးဘူး။ တို့ရွာမှာ သာ သတိ မေ့နေကြတာ။ တို့လူမျိုးရဲ့ စေတနာနဲ့ သဒ္ဓါ တရား စိတ်ထားနဲ့တွက်ရင် သည်ဓလေ့ကလေးက နိုင်ငံ အနှံ့မှာ စွဲမြဲနေဦးမှာပါကွာ”

“အဲဒါကတော့ အမှန်ပါ ပဲဘကြီးရာ။ ရပ်ရွာတိုင်းမှာ ရေချမ်းစင် အလှူဒါန အတွက် ကမကထပြု ဦးဆောင်နှိုး ဆော်ပေးမယ့်သူတွေ ရှိနေဖို့ပဲ လိုမှာပါ”

ကျွန်တော်တို့ နှစ် ယောက်က သဘောတူ ထောက်ခံသလို ပြောမိကြ တော့ ဘကြီးက ပြုံးပါသည်။
“ရော့လေ...၊ မင်းတို့ငါ့ဘူးသီးခြောက်ရေဘူးထဲက ရေအေးအေး ထပ်သောက် သွားကြဦး”

ကျွန်တော်တို့ မငြင်းပါ။ လက်ကမ်း ယူလိုက်ကာ အနည်းငယ်စီ ထပ်မော့ သောက်လိုက်ကြ၏။ အမော လည်း ပြေသွားကြပြီမို့ ဘကြီးကို နှုတ်ဆက်ကာ အလှမ်း မဝေးတော့သည့် ရွာသို့ ဆက်လက် ထွက်ခွာလာခဲ့ ကြသည်။ ထိုအချိန်မှာပင် မောင်အောင်ဝင်းက စိတ်ကူး နှင့်ရရ တောက်ခေါက်ကာ ကြုံးဝါးလေသည်။

“တောက်...၊ ဟုတ် သားပဲ။ ကိုယ်တိုင်ရေငတ် တော့မှပဲ ရေချမ်းစင်ကလေး တည်ချင်တဲ့ သဒ္ဓါစိတ်က ပေါက်လာပေတော့တယ်။ ရွာဘုရားပွဲပြီးသွားလို့ အလုပ် များရမယ့်ကိစ္စတွေ ချောင် သွားရင်တော့ ရွာထဲက လူတွေကို တိုင်ပင်စည်းရုံးပြီး ရွာဦးရွာထိပ်မှာ ရေချမ်းစင် ကလေးတည်ဖို့ ဆော်သြဦး မှပဲ”

“ကောင်းတာပေါ့ကွာ။ ဒါပေမဲ့ အများကောင်းမှု ဖြစ်အောင် ဒီကိစ္စ အတွက် သဘောထားညီသူတွေ လေး ငါးဦးအဖွဲ့ကလေးဖွဲ့၊ ပြီးမှ တစ်ရွာလုံး တစ်အိမ်တက် ဆင်း အလှူငွေ သဒ္ဓါကြေး လိုက်ကောက်ခံပြီး ရတဲ့ငွေနဲ့ ၀ိုင်းဝန်းတည်လိုက်ကြတာ ပို ကောင်းမယ်ထင်တယ်။ မင်း ဘာသာမင်း တစ်ဦးတည်း ဒကာ လုပ်နေရင် စောစောက ဘကြီးပြောသလို အမျက် မလွတ်ပါဘူး ဆိုနေမှ ခက် နေဦးမယ်။ စေတနာက တစ် ပြည်သား၊ ဝေဒနာက တစ် တင်းခွဲ ဆိုတာမျိုး ကြုံရရင် တော့ ကီးမကိုက်သေးဘူး ကွ”

ကျွန်တော်က သတိပေး လိုက်တော့ မောင်ဝင်းအောင် က ရယ်မောလိုက်ကာ...
“စိတ်ချပါ ကိုယ့်လူရ။ အများကောင်းမှု၊ နတ်လူ သာဓု ခေါ်စေသော်ဝ် ဖြစ်အောင် လုပ်မှာပါ”

ဟု ဆိုလေသည်။ ကျွန် တော်ကတော့ ဘုရားပွဲ ပြီးသွား၍ ရွာမှ ပြန်ခါနီးတွင် လည်း ထိုသတိပေးချက်ကိုပဲ ထပ်မံ၍ မမေ့လျော့ပြောကြား ခဲ့ဖို့ စိတ်ထဲ တေးမှတ်ထား လိုက်မိပါသည်။ သည်ခေတ် လူတွေကလည်း ဟိုရှေးလူ တွေလောက် အယူမသီး၊ အစွဲ မသန်ကြတော့သောကြောင့် ကျွန်တော့်လူ ဦးဆောင် တည်မည့် ရေချမ်းစင် ကလေးကို ၀ိုင်းဝန်းကန့်ကွက် ကြလိမ့်မည် မထင်ပါ။ သည် လိုဆိုတော့လည်း စောစောက မှ ဇရပ်ပေါ်တွင် စကားပြော ဆိုခွင့် ရခဲ့သော ရေချမ်းစင် ဒကာ ဘကြီးကို ပြန်မြင် ယောင်လာကာ ကရုဏာ သက်မိရပြန်၏။ ဟုတ်သည် လေ။ အဘယ်မျှရိုးစင်းသော စေတနာကို ရှေ့တန်း တင်ခဲ့သော်လည်း အယူသီး အစွဲသန်သူ အတွေးအမြင်ဟောင်း သမားတို့ အလယ်၌ တည်ခဲ့မိသဖြင့် သူ၏ ရေချမ်းစင် ကလေးခမျာ အရှုံးနှင့် ဇာတ်သိမ်းခဲ့ရသည် မဟုတ်ပါလား။

နန္ဒာစိုး၊ဆင်ဖြူကျွန်း၊  မတ်လ ၂၀၁၁။


No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊