Thursday, 7 April 2011

ဗိုလ်ချုပ်မှူးကြီးမိသားစုပိုင် ဓာတ်ဆီဆိုင်များ အခွင့်အရေးပိုရ

zaw gyi one
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မိသားစုဝင်များသည် ပုဂ္ဂလိက ဓာတ်ဆီဆိုင် လုပ်ငန်းများပါ လုပ်ဆောင်နေကြပြီး တခြားသော ဓာတ်ဆီဆိုင်များထက် အခွင့်အရေးပိုမို ရရှိနေကြောင်း သိရသည်။

   စွမ်းအင် ၀န်ကြီးဌာပိုင် စက်သုံးဆီ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - flickr)
 
 “ဓာတ်ဆီဆိုင်တွေက ခွဲတမ်းက တဆိုင်နဲ့တဆိုင်က သိသိသာသာကွာခြားတယ်၊ အင်းစိန်က ဓာတ်ဆီဆိုင်က ထွန်းနိုင် ရွှေရဲ့ဆိုင်ဆိုတော့ စာအုပ်မလုပ်ခင်တုန်းက ကားတစီးကို တနေ့ ၆ ဂါလန်၊ အခုကားတန်းက များတော့ တနေ့ ၄ ဂါလန် ရတယ်”ဟု ရန်ကုန်သားတဦးက ဧရာတီကို ပြောသည်။ဦးထွန်းနိုင်ရွှေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သားတဦးဖြစ်ပြီး တခြားသော ပုဂ္ဂလိက ဓာတ်ဆီဆိုင်များထက် ခွဲတမ်း ပိုရ ကြောင်း၊ ရန်ကုန်မြို့နှင့် အနီးတ၀ိုက် ဓာတ်ဆီဆိုင်များမှာလည်း ၄င်း၏ မိသားစုဝင်များ လုပ်ကိုင်နေကြကြောင်း၊ တခြား ဓာတ်ဆီဆိုင်များတွင် တနေ့လျှင် ကားတစီးအတွက်၂ ဂါလန်၊ ၃ ဂါလန်သာ ရကြကြောင်း ကားသမားတဦးက ပြောသည်။
“ဓာတ်ဆီဆိုင် လုပ်ငန်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးလိုက်တာက တကယ်ပေးတာ မဟုတ်ဘူး၊ သူတို့အသိုင်းအ၀ိုင်းပဲရတာ၊ သူတို့ရာထူးပေါ်မူတည်ပြီး ခွဲတမ်းကလည်း မတူဘူးလေ”ဟု အငှားယာဉ်မောင်း တဦး ကပြောသည်။ပုဂ္ဂလိကဓာတ်ဆီဆိုင် လုပ်ငန်းများကို ဗိုလ်ချုပ်မှူးကြီး မိသားစုအပါအ၀င် ယခင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစုဝင် များနှင့် ဆွေမျိုးသားချင်းများက လုပ်ပိုင်ခွင့်များရရှိနေကြပြီး ဆီခွဲတမ်းပိုမိုရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးစားနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။
“ဆိုင်က ရောင်းတာက တဂါလန်၂၅၀၀ ကျပ်၊ ဓာတ်ဆီမှောင်ခိုဈေးကွက်မှာက အခု ၅၀၀၀ ကျော်နေပြီ၊ နယ်မှာ ၇၀၀၀ အထိ ရှိတယ်၊ အခုဟာက သင်္ကြန်ကြောင့်လည်းပါတယ်၊ ခွဲတမ်းမတူတာတွေကြောင့်လည်း ပါတယ်၊တရုတ်ပြည်ဘက်ကိုလည်း ပို့နေတာတွေကြောင့်  ပါတယ်၊ သူတို့တွေပဲပို့ကြတာလေ”ဟု ဓာတ်ဆီလုပ်ငန်း လုပ်နေသူ တဦးက ပြော သည်။မြန်မာနိုင်ငံတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရပြီး ပြည်တွင်းတွင် လုံလောက်မှု မရှိသောကြောင့်ဖြစ်ကြောင်း၊ သို့သော် ယခုအခါ တရုတ်ပြည်သို့ မြန်မာဘက်မှဘတရားမ၀င် နယ်စပ်ဖြတ်ကျော် တင်ပို့မှုရှိနေ သည်ဟု အမည်မဖော်လိုသူ တရုတ်နယ်စပ်ရှိ အကောက်ခွန်ဋ္ဌာန အရာရှိတဦးက ပြောသည်။ ထို့အပြင် ဓာတ်ဆီမှောင်ခိုဈေးမြင့်တက်လာမှုများကြောင့် ဓာတ်ဆီတန်းစီကာ ပြန်လည်ရောင်းစားနေ ကြသည်မှာ တွင် ကျယ်လာနေပြီး အထူးသဖြင့် အချိန်ပေးနိုင်သူ ပင်စင်စားများက အများစုဟု သိရသည်။
“ပင်စင်စားဆိုတော့ အချိန်ရှိတယ်၊ ဒါကြောင့် အခု တန်းစီနေတာ၊ အိမ်က မနက် ၃ နာရီ မတိုင်ခင် ကတည်းက ထွက် လာတာ ဒီဆိုင်က ခွဲတမ်းပိုရတာတကြောင်း၊ ကိုယ့်စာအုပ်နယ်ဖြစ်နေတော့ ကံ ကောင်းတယ်ပြောရမလား၊ ဓာတ်ဆီ ပို ရတယ်၊ ပြန်ရောင်းစားတယ်၊ တဂါလန် ၄၆၀၀ ကျပ် ရတယ်”ဟု အငြိမ်းစားအရာရှိ တဦးက ပြောသည်။ ဓာတ်ဆီတန်းစီရာတွင်လည်း အခက်အခဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရကြောင်း၊ ကားတန်းများမှာ ရှည်လျားလွန်း သဖြင့် ညဥ့်နက်ပိုင်းကတည်းက လာရောက်တန်းစီနေရကြောင်း ရန်ကုန် မြို့ခံများက ပြောကြသည်။
“အခု မနက်၂ နာရီကတည်းက လာတန်းစီတာ၊ ဒါတောင် ကိုယ့်ရှေ့မှာ ကားတွေက ၁၀၀ လောက်ရှိနေပြီ၊ အနီးမှာလဲ ဆီး၊ ၀မ်း သွားဖို့နေရာကလည်း ဝေးတော့ ကျန်းမာရေးတောင် ထိခိုက်တယ်ဗျာ”ဟု အငြိမ်းစား အစိုးရ ၀န်ထမ်းတဦး က ပြောဆိုသည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် ပုဂ္ဂလိကပိုင်စီးပွား ရေးလုပ်ငန်းများစွာတွင် ယခုအချိန်ထိ အခွင့်ထူးများ ခံယူ၍ လုပ်ကိုင်နေကြသည်မှာ အာဏာဆက်လက် ကိုင်စွဲထား ခြင်းသာ  ဖြစ်သည်ဟု စစ်တပ် အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီကို ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ နှစ်စဉ် ဆီဂါလန် သန်း ၂၀၀ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ တင်သွင်းခွင့်ရရှိခဲ့သည်ဟု အဆိုပါ ၀န်ကြီး ဋ္ဌာနနှင့် နီးစပ်သူတဦးက ပြောသည်။
ယခုအစိုးရသစ်လက်ထက်တွင် စွမ်းအင် ၀န်ကြီးဋ္ဌာနမှ ဆက်လက်လုပ်ကိုင် ခွင့်ရ၊ မရ မသိရသေးချေ။ သို့အတွက်လဲ အစိုးရသစ် ၀န်ကြီးများအတွင်း လောင်စာဆီတင်သွင်းခွင့်ရရေး အကြိတ်အနယ်ကြိုးစားနေကြသည်။ သို့သော် ဗိုလ်ချုပ် မှူးကြီးထံမှ မည်သူ့ကိုခွင့်ပြုမည်ကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း နေပြည်တော်နှင့်နီးစပ်သောအသိုင်း အ၀ိုင်းမှ သိရ သည်။ “ဗိုလ်ချုပ်မှူးကြီးဆီက အမိန့်ကို အခုအစိုးရသစ်က စောင့်နေရတယ်ဆိုကတည်းက အခုထိသူက အာဏာအရှိဆုံးဖြစ် နေတယ်ဆိုတာက လက်တွေ့နိုင်ငံရေးပဲ၊ အရှိတရားပဲ၊ သူ့မိသားစုအတွက် သူကနောက်ဆုံးအချိန်ထိဆက်ရှိနေ လိမ့် မယ်”ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ တဦးကပြောဆိုသည်။

No comments:

Post a Comment

မောင်ချစ်မှ လာကြည့်သူအပေါင်းတို့ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊